You are currently viewing “တွေ့ဆုံဆွေးနွေးမှုများမှ ငြိမ်းချမ်းသော နိုင်ငံတော်သစ်ဆီသို့” ဆောင်ပုဒ်ဖြင့် ငြိမ်းချမ်းရေးစကားဝိုင်း – Peace Talk 2025 ဒုတိယနေ့ ဆက်လက်ကျင်းပ (၂၅-၃-၂၀၂၅)

“တွေ့ဆုံဆွေးနွေးမှုများမှ ငြိမ်းချမ်းသော နိုင်ငံတော်သစ်ဆီသို့” ဆောင်ပုဒ်ဖြင့် ငြိမ်းချမ်းရေးစကားဝိုင်း – Peace Talk 2025 ဒုတိယနေ့ ဆက်လက်ကျင်းပ (၂၅-၃-၂၀၂၅)

“တွေ့ဆုံဆွေးနွေးမှုများမှ ငြိမ်းချမ်းသော နိုင်ငံတော်သစ်ဆီသို့” ဆောင်ပုဒ်ဖြင့် ငြိမ်းချမ်းရေးစကားဝိုင်း – Peace Talk 2025 ဒုတိယနေ့ကို ၂၅-၃-၂၀၂၅ ရက်တွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ဆက်လက်ကျင်းပသည်။

ငြိမ်းချမ်းရေးစကားဝိုင်းသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ တပ်မတော်အငြိမ်းစားအရာရှိကြီးများ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်ခဲ့ကြသူများ၊ ပါဝင်သင့်ပါဝင်ထိုက်သူ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ မီဒီယာများ၊ ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ တက္ကသိုလ်များမှ ပါမောက္ခများ၊ အသင်းအဖွဲ့ကိုယ်စားလှယ်များနှင့် လေ့လာသူများ တက်ရောက်ကြသည်။

စကားဝိုင်းဆွေးနွေးပွဲ ပထမပိုင်း “နိုင်ငံရေးနှင့် လုံခြုံရေးကဏ္ဍ” တွင် သဘာပတိအဖြစ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ဆောင်ရွက်ပြီး “လက်ရှိမြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် အနာဂတ်အလားအလာ” ခေါင်းစဉ်ဖြင့် ဒေါက်တာ အောင်မျိုးက ဦးဆောင်ဆွေးနွေးသည်။

ဆက်လက်၍ “စီးပွားရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ” တွင် သဘာပတိအဖြစ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် (ငြိမ်း) က ဆောင်ရွက်ပြီး “ပဋိပက္ခလျှော့ချရေးကာလအတွင်း စီးပွားရေးကြံ့ကြံ့ခံမှုကို ကြိုးပမ်းရာတွင် ဆက်စပ်သည့် ကဏ္ဍများကိုလည်း ထည့်သွင်းစဉ်းစားခြင်း” ခေါင်းစဉ်ဖြင့် ဒေါက်တာ ဇော်ဦးက ဦးဆောင်ဆွေးနွေးပြီး တက်ရောက်လာကြသူများက အမြင်သဘောထားများ ဆွေးနွေးခြင်း၊ မေးခွန်းမေးမြန်းခြင်းများ ဆောင်ရွက်ကြသည်။

ထို့နောက် စကားဝိုင်းဆွေးနွေးခြင်း၊ စကားဝိုင်းအလိုက် ရရှိလာသည့် သဘောထားများကို တက်ရောက်လာသူကိုယ်စားလှယ်အသီးသီးက အကြံပြုခြင်း၊ ဆွေးနွေးမေးမြန်းခြင်းနှင့် မေးမြန်းချက်များအပေါ် Speaker မှ ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ကြသည်။

မွန်းလွဲပိုင်းတွင် “နိုင်ငံရေးနှင့် လုံခြုံရေးကဏ္ဍ” ၌ “နိုင်ငံတကာဆက်ဆံရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် မြန်မာ့ငြိမ်းချမ်းရေးအခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် ဦးမောင်မောင်ငြိမ်းက ဦးဆောင်ဆွေးနွေးသည်။

ယင်းနောက် “စီးပွားရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ” တွင် “ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုကို ပုံဖော်ခြင်း” ခေါင်းစဉ်ဖြင့် ဒေါက်တာ ညိုညိုသင်းက ဦးဆောင်ဆွေးနွေးပြီး တက်ရောက်လာကြသူများက အမြင်သဘောထားများ ဆွေးနွေးခြင်း၊ မေးခွန်းမေးမြန်းခြင်းများ ဆောင်ရွက်ကြသည်။

ဆက်လက်၍ စကားဝိုင်းဆွေးနွေးခြင်း၊ စကားဝိုင်းအလိုက် ရရှိလာသည့် သဘောထားများကို တက်ရောက်လာသူကိုယ်စားလှယ်အသီးသီးက အကြံပြုခြင်း၊ ဆွေးနွေးမေးမြန်းခြင်းနှင့် မေးမြန်းချက်များအပေါ် Speaker မှ ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ကြပြီး ငြိမ်းချမ်းရေးစကားဝိုင်း ဒုတိယနေ့ကို ရုပ်သိမ်းလိုက်သည်။

ငြိမ်းချမ်းရေးစကားဝိုင်းတတိယနေ့ကို မတ် ၂၆ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မှီငြမ်း။ ပြန်ကြားရေးဝန်ကြီးဌာန