ငြိမ်းချမ်းရေးကော်မရှင် (PC)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်အမှတ်၊ ၄၄/၂၀၁၉
၁၃၈၁ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက်
( ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက် )
ငြိမ်းချမ်းရေးကော်မရှင် ပြင်ဆင်ဖွဲ့စည်းခြင်း
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ရန်နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနက ချမှတ်ပေးသော လုပ်ငန်းတာဝန်များကို အ ကောင်အ ထည်ဖော်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်သမ္မတရုံး၏ ၁၁-၇-၂၀၁၆ ရက်စွဲပါ အမိန့်အမှတ်၊ ၅၁/၂၀၁၆ ဖြင့် ဖွဲ့စည်းခဲ့သော “ငြိမ်းချမ်းရေးကော်မရှင်” ကို အောက်ပါပုဂ္ဂိုလ် များဖြင့် ပြင်ဆင်ဖွဲ့စည်းလိုက်သည်-
(က) ဒေါက်တာတင်မျိုးဝင်း ဥက္ကဋ္ဌ
(ခ) ဦးသိန်းဇော် ဒုတိယဥက္ကဋ္ဌ
(ဂ) ပါမောက္ခဒေါက်တာအောင်ထွန်းသက် အဖွဲ့ဝင်
(ဃ) ဦးလှမော်ဦး အဖွဲ့ဝင်
(င) ဦးနိုင်ငံလင်း အဖွဲ့ဝင်
(စ) ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း) အတွင်းရေးမှူး
၂။ ငြိမ်းချမ်းရေးကော်မရှင်၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
- ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပနိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းမှုများ အဆင်ပြေချောမွေ့စေရန် ဆောင်ရွက်ခြင်း၊
- အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(National Reconcillation and Peace Center-NRPC)က ချမှတ်ထားသော မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊
- ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် သင့်လျော် ကောင်းမွန်သောအကြံပြုချက်များ ရှာဖွေဖော်ထုတ်၍ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့်ငြိမ်းချမ်းရေးဗဟိုဌာနသို့ တင်ပြခြင်း၊
- ပြည်တွင်းငြိမ်းချမ်းရေးနှင့် တစ်ဆက်တည်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာနကိုယ်စား ပေါင်းစပ် ညှိနှိုင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊
- အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန၏ ခွင့်ပြုချက်ဖြင့် ငွေကြေး သုံးစွဲခြင်း၊
- ငြိမ်းချမ်းရေးကော်မရှင်၏ဆောင်ရွက်ချက်နှင့် တိုးတက်မှုများကို အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌထံ အစီရင်ခံတင်ပြခြင်း၊
- ငြိမ်းချမ်းရေးကော်မရှင်၏ လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သည့် လုပ်ထုံးလုပ်နည်းများနှင့် စည်းမျဉ်းစည်းကမ်းများကို အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန၏ ခွင့်ပြုချက်ဖြင့် ထုတ်ပြန်ဆောင်ရွက်ခြင်း။
၃။ ငြိမ်းချမ်းရေးကော်မရှင်၏ လုပ်ငန်းတာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်သော အကြံဉာဏ်များရယူနိုင်ရန် “အကြံပေးအဖွဲ့ ” ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်း လိုက်သည်-
(က) ဦးလှမောင်ရွှေ
(ခ) ဒေါက်တာမင်းဇော်ဦး
(ဂ) ဦးမိုးဇော်ဦး
၄။ ငြိမ်းချမ်းရေးကော်မရှင်၏လုပ်ငန်းများကို အထောက်အကူပြုနိုင်ရန် “ အထောက်အကူပြုအဖွဲ့”ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်-
(က) ဦးအေးလွင် အဖွဲ့ခေါင်းဆောင်
(ခ) ဦးမောင်မောင်အေး အဖွဲ့ဝင်
(ဂ) ဦးကျော်လင်းဦး အဖွဲ့ဝင်
၅။ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ကို ပြည်ထောင်စုဝန်ကြီးအဆင့် သတ်မှတ်လိုက်သည်။ ပြည်ထောင်စုဝန်ကြီးအဆင့်နှင့် လျော်ညီသည့် ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များကို ခံစားခွင့်ရှိစေရမည်။
၆။ ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များအတွက် ချီးမြှင့်ငွေ၊ အဆောင်အယောင်နှင့် ခံစားခွင့်များကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက သတ်မှတ်ပေးရမည်။
၇။ ငြိမ်းချမ်းရေးကော်မရှင်၏ ရုံးလုပ်ငန်းများကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဌာနမှ သင့်လျော်သည့် ဝန်ထမ်းဦးရေဖြင့် ဖွဲ့စည်းဆောင်ရွက်ရမည်။
၈။ နိုင်ငံတော်သမ္မတရုံးသည် ငြိမ်းချမ်းရေးကော်မရှင်၏ အကြံပေးအဖွဲ့ အဖွဲ့ဝင်များနှင့် အထောက် အကူပြုအဖွဲ့ အဖွဲ့ဝင်များကို လိုအပ်သလို တိုးချဲ့ဖွဲ့စည်းနိုင်သည်။
၉။ အကြံပေးအဖွဲ့ အဖွဲ့ဝင်များနှင့် အထောက်အကူပြုအဖွဲ့ အဖွဲ့ဝင်များအတွက် လစာ၊ စရိတ်၊ အဆောင်အယောင်နှင့် ခံစားခွင့်များကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနက သတ်မှတ်ပေးရမည်။
၁၀။ ငြိမ်းချမ်းရေးကော်မရှင်၏ အသုံးစရိတ်များကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၏ ခွင့်ပြုချက်ဖြင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းမှလည်းကောင်း၊ နိုင်ငံတကာထောက်ပံ့ကူညီမှုများမှလည်းကောင်း လုပ်ထုံးလုပ်နည်းနှင့်အညီ ကျခံသုံးစွဲနိုင်သည်။
(ပုံ) ဝင်းမြင့်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်