မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နောက်ခံအကြောင်းအရာများ

     မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့သည် နိုင်ငံတစ်ဝန်း အေးအတူပူအမျှ ယှဉ်တွဲနေထိုင်ခဲ့ကြသော်လည်း နယ်ချဲ့အင်္ဂလိပ်တို့၏ Rule and Divide ခေါ် သွေးခွဲအုပ်ချုပ်မှု စနစ်ကြောင့် တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲပြားမှုများ စတင်ဖြစ်ပေါ်ခဲ့ပြီး လက်နက်ကိုင် ဆူပူသောင်းကျန်းမှုများ စတင်ဖြစ်ပေါ်လာခဲ့ပါသည်။ ထို့အပြင်မြန်မာနိုင်ငံသည် ဒုတိယကမ္ဘာစစ်၌ စစ်တလင်းဖြစ်ခဲ့ရပြီး စစ်ကြွင်း စစ်ကျန်မှ လက်နက်၊ ခဲယမ်းများသည်လည်း လက်နက်ကိုင်ဆူပူ သောင်းကျန်းမှုကို စတင်စေခဲ့ပြီး လွတ်လပ်ရေးနှင့်အတူ ကိုလိုနီအမွေဆိုးအဖြစ် ပြည်တွင်း သောင်းကျန်းမှုများ စတင် ပေါ်ပေါက်လာစေခဲ့ပါသည်။ ထိုမှတစ်ဆင့် အစိုးရအဆက်ဆက်သည် ပြည်တွင်းသောင်းကျန်းမှု ပဋိပက္ခများ ချုပ်ငြိမ်းစေရန်ပြည်တွင်းလက်နက်ကိုင် အဖွဲ့အစည်း များအား နည်းလမ်းမျိုးစုံဖြင့် ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါသည်။

        ၁၉၈၈ ခုနှစ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) လက်ထက် နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူခဲ့ပြီးနောက် နိုင်ငံရေးဦးတည်ချက် (၄)ရပ်၊ စီးပွားရေးဦးတည်ချက်(၄)ရပ်၊ လူမှုရေးဦးတည်ချက်(၄)ရပ်တို့ ချမှတ်ဆောင်ရွက်ခဲ့ပြီး  “ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး”ဟူသည့် ဒို့တာဝန်အရေးသုံးပါးအား အကောင် အထည် ဖော် ဆောင်ရွက်ခဲ့ပါ သည်။ နိုင်ငံရေးဦးတည်ချက် (၄)ရပ်အနက် အမျိုးသားစည်းလုံးညီညွတ်ရေး ရည်မှန်းချက်အရ တိုက်ခိုက်နေကြသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား တရားဥပဒေဘောင်အတွင်း ပြန်လည်ရောက်ရှိစေရေးအတွက် ငြိမ်းချမ်းရေးကမ်းလှမ်း ဖိတ်ခေါ်ခြင်း၊ တွေ့ဆုံ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုကဲ့သို့ ဖိတ်ခေါ်ကမ်းလှမ်းမှုအရ  တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းကြီး ၁၇ ဖွဲ့နှင့် အဖွဲ့ငယ် ၂၃ ဖွဲ့တို့သည် ၁၉၈၉ ခုနှစ်မှ ၂၀၀၇ ခုနှစ် အတွင်း တရားဥပဒေဘောင် အတွင်းသို့ ဝင်ရောက်၍ ငြိမ်းချမ်းရေးရယူခဲ့ကြပါသည်။ ထို့နောက် ငြိမ်းချမ်းရေးအဖွဲ့အစည်းများကို တပ်မတော်အောက်သွတ်သွင်းပြီး နယ်ခြားစောင့် တပ်များအဖြစ် လည်းကောင်း၊ ပြည်သူ့စစ်အဖွဲ့များအဖြစ် လည်းကောင်း၊ အသွင်ကူးပြောင်း နိုင်ရေးစီမံချက် ချမှတ်ဆောင်ရွက်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၅ ဖွဲ့နှင့် ဒေသခံ ပြည်သူ့စစ် အဖွဲ့များအား နယ်ခြားစောင့်တပ် ၂၃ တပ်အဖြစ် ဖွဲ့စည်းခဲ့ပါသည်။ တိုင်းရင်းသား အဖွဲ့ငယ်များအနက် အချို့သောအဖွဲ့များအား နေရာ ၄၈ နေရာတွင် ပြည်သူ့စစ်အဖွဲ့ ၈၃ ဖွဲ့ အဖြစ် ဖွဲ့စည်းခဲ့ ပါသည်။ KNU၊ KKO၊ KNU/KNLA-PC၊ RCSS/SSA၊ CNF၊ ALP၊ PNLO၊ ABSDF၊ NMSP ၊ KIA၊ KNPP၊ SSPP၊ MNDAA၊ TNLA၊ AA ၊ NDAA နှင့် UWSA အဖွဲ့များက အသွင်ကူးပြောင်းရေးကို လက်မခံခဲ့သည်ကို တွေ့ရှိရပါသည်။

   ဒီမိုကရေစီပထမအစိုးရ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းစဉ်ကို အဓိကဦးစားပေး ဆောင်ရွက်ခဲ့ပြီး ဒို့တာဝန်အရေးသုံးပါးကို သဘော တူ လက်ခံရန်နှင့် ပါတီစုံဒီမိုကရေစီစနစ်ကို သဘောတူလက်ခံရန် ကြိုတင်အသိပေး ပြောကြား ခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့တွင် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဆွေးနွေးရန် တရားဝင်ဖိတ်ခေါ် ကမ်းလှမ်းခဲ့ပါသည်။

       ထို့နောက် ၂၀၁၂ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် ၎င်း၏ တာဝန်ထမ်းဆောင်မှု ၁ နှစ် ပြည့် အထိမ်းအမှတ် မိန့်ခွန်းပြောကြားရာတွင် ထာဝရ ငြိမ်းချမ်းရေးဖော်ဆောင်မည့် နိုင်ငံတော်၏ လမ်းပြမြေပုံ(Road Map) ကို ချမှတ်ပေးခဲပါသည်။ ပထမအဆင့်တွင်  ပြည်နယ်အဆင့် ဆွေးနွေး ရေး၊ ဒုတိယအဆင့်တွင် ပြည်ထောင်စုအဆင့်ဆွေးနွေးရေးနှင့် တတိယအဆင့်တွင် နိုင်ငံတော် အစိုးရ၊  တိုင်းရင်းသား ခေါင်းဆောင်များ၊  နိုင်ငံရေးပါတီနှင့်  နိုင်ငံရေးအင်အားစုများ၊  ပြည်သူ့ ကိုယ်စားလှယ်များ အစရှိ သည့်  နိုင်ငံတော်၌ အဓိကကျသည့် Political Player များပါဝင်လျက် လွှတ်တော်တွင် သဘောတူလက်မှတ်ရေးထိုးနိုင်ရန်အထိ ဆောင်ရွက်သွားမည့်အကြောင်းအား ထည့်သွင်းပြောကြားခဲ့ပါသည်။

       ထို့နောက် ၂၀၁၂ ခုနှစ်၊ မေလ (၃) ရက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင် အထည်ဖော် ဆောင်ရွက်ရန်အတွက် နိုင်ငံတော်သမ္မတ ဥက္ကဋ္ဌအဖြစ် ပါဝင်သော အဖွဲ့ဝင် (၁၁) ဦး ပါ ပြည်ထောင်စု ငြိမ်းချမ်ရေးဖော်ဆောင်ရေးဗဟိုကော်မတီ (Union Peace Central Committee -UPCC)၊ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်သော အဖွဲ့ဝင်(၅၂) ဦး ပါ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (Union Peace and Work Committee – UPWC) နှင့် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်တွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (Myanmar Peace Centre -MPC) တို့အား ဖွဲ့စည်း ခဲ့ပါသည်။

         ထို့ပြင် တပ်မတော်အနေဖြင့်လည်း ငြိမ်းချမ်းရေးမူဝါဒ (၆) ရပ်ကို တရားဝင်ထုတ်ပြန်ခဲ့ရာ ၎င်းတို့မှာ ထာဝရငြိမ်းချမ်းရေးရယူရန်အတွက် အမှန်တကယ် ဆန္ဒရှိရန်၊ သဘောတူစာချုပ်များ အတိုင်း ကတိတည်ရန်၊ ငြိမ်းချမ်းရေးသဘောတူညီချက်များ အပေါ် အမြတ်မထုတ်ရန်၊ ဒေသခံ ပြည်သူများအပေါ် ဝန်ထုတ်ဝန်ပိုးမဖြစ်စေရန်၊ နိုင်ငံတော်က ထုတ်ပြန်ထားသည့် တည်ဆဲ ဥပဒေ များကိုလိုက်နာရန်၊ ဒို့တာဝန်အရေးသုံးပါးနှင့် ဒီမိုကရေစီ အနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ဒီမိုကရေစီ လျှောက်လှမ်းနေမှုတွင် လိုက်ပါလုပ်ဆောင်ရန် အစရှိ သည်ဖြင့် ထုတ်ပြန်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့နှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်များအား လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။

       ယင်းနောက် ကချင်ပြည်နယ် လိုင်ဇာတွင်ပြုလုပ်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ညီလာခံမှ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့တွင် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (Nationwide Ceasefire Coordination Team- NCCT) ကို အဖွဲ့ဝင် ၁၃ ဦးဖြင့်လည်းကောင်း၊ ၂၀၁၅ ခုနှစ် ဇွန်လ ၂ ရက်မှ ၉ ရက်အထိ ကျင်းပသည့် လော်ခီးလာညီလာခံ၌ Senior Delegation (SD) အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့အား အဖွဲ့ဝင် ၁၅ ဦးဖြင့် လည်းကောင်း ဖွဲ့စည်းခဲ့သည်။  MPC မှ  UPWC ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များနှင့် NCCT မှ နိုင်ဟံသာ၊ ပဒိုကွယ်ထူးဝင်း၊ အက်စ်ဂွမ်မော် ဦးဆောင်သော ကိုယ်စားလှယ်များသည် ၂၀၁၄ ခုနှစ်၊ မတ်လ ၉ ရက် မှ ၂၀၁၅ ခုနှစ်၊ မတ်လ ၃၁ ရက် အထိ NCA (မူကြမ်း) ရရှိရေး ၇ ကြိမ်  တွေ့ဆုံဆွေးနွေးခဲ့ကြရာ အခန်း(၇)ခန်း၊ အပိုဒ် (၃၃)ပိုဒ်ပါ သဘောတူစာချုပ်(အတည်ပြုမူကြမ်း)ကို နှစ်ဖက်သဘောတူညီမှု ရရှိခဲ့ပါသည်။ အဆိုပါ NCA မူကြမ်း (Final Draft)ကို နှစ်ဖက်သဘောတူ ညှိနှိုင်းပြုစု ရေးဆွဲပြီးစီးကြောင်း အတည်ပြုချက်ကို UPWC မှ ဦးအောင်မင်း၊ ဦးသိန်းဇော်၊ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးခက်ထိန်နန် နှင့် NCCT မှ နိုင်ဟံသာ၊ ပဒိုကွယ်ထူးဝင်း၊ အက်စ် ဂွမ်မော်၊ ခွန်ဥက္ကာတို့ လက်မှတ်ရေးထိုးခဲ့ကြပါသည်။

            NCA မူကြမ်း အတည်ပြုချက်ရရှိပြီးနောက် UPWC မှ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း၊ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များနှင့် EAO မှ အဆင့်မြင့်နိုင်ငံရေး ဆွေးနွေးရေးအဖွဲ့ (Senior Delegation-SD) အဖွဲ့ခေါင်းဆောင် နော်စီဖိုးရာစိန်၊ ဒုတိယအဖွဲ့ခေါင်းဆောင် များ ဖြစ်သော ဒေါက်တာလဂျာ၊ ပူဇင်ကျုံးတို့ ဦးဆောင်သော ကိုယ်စားလှယ်များသည် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လတွင် MPC ၌ အဋ္ဌမအကြိမ် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ ဆွေးနွေးပွဲ၌ ၂၀၁၅ ခုနှစ်၊ မတ်လတွင် EAO များပြုလုပ်သော လော်ခီးလာညီလာခံမှ UPWC နှင့် NCCT ကိုယ်စား လှယ်များအကြား NCA (မူကြမ်း)အပေါ် ပြန်လည်အဆိုပြုလာသည့်အချက် ၁၃ ချက် အား အခြေခံလျက်သဘောတူစာချုပ်(အတည်ပြုမူကြမ်း)ကို အချောသတ်သည့် ဆွေးနွေး ညှိနှိုင်းခြင်း များကို ပြုလုပ်ခဲ့ကြပါသည်။ ထို့နောက် ၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်၌ နိုင်ငံတော်သမ္မတမှ NCA သဘောတူစာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးနိုင်ရန်အတွက် EAO အဖွဲ့များဖြစ်သော KIO ၊UWSA ၊ NDAA (မိုင်းလား) ၊ SSA(ဝမ်ဟိုင်း) ၊ KNU ၊ KNU (ဌေးမောင်) ၊ KKO ၊ NMSP ၊ SSA (ယွက်စစ်) ၊ KNPP ၊ CNF ၊ ALP ၊ NSCN(K) ၊ PNLO နှင့် ABSDF စသည့် အဖွဲ့ ၁၅ ဖွဲ့အား ဖိတ်ခေါ်ခဲ့ပါသည်။ ထိုသို့ ဖိတ်ခေါ်ချက်အရ EAO အဖွဲ့များသည် ထိုင်းနိုင်ငံ၊ ချင်းမိုင်၌ ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်း အစည်းအဝေးဆုံးဖြတ်ချက်အရ NCA စာချုပ်လက်မှတ်ရေးထိုးရာတွင် အားလုံးပါဝင် လက်မှတ်ရေးထိုးရေးမူနှင့်ပတ်သက်၍ KNU ၊ NMSP(မွန်)၊ KNPP ၊ KIO နှင့် SSA (ဝမ်ဟိုင်း) အဖွဲ့ ၅ ဖွဲ့ တို့မှ ထိပ်သီးကိုယ်စားလှယ်များ၊ အဆင့်မြင့်နိုင်ငံရေးဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များပါဝင်သည့် ကိုယ်စားလှယ် ၈ ဦးတို့သည် နေပြည်တော်တွင် နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းခဲ့ကြပါသည်။

         ယင်းနောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းပေါင်း ၁၆ ဖွဲ့က ဖွဲ့စည်းပေးထားသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ညှိနှိုင်ရေးအဖွဲ့ (NCCT)နှင့် အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(SD) တို့ သည် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့(UPWC) နှင့် ၈-၃-၂၀၁၄ ရက်မှ  စတင်၍ အစည်းအဝေးပေါင်း(၉)ကြိမ် ကျင်းပပြုလုပ်ဆွေးနွေးခဲ့ပါသည်။ ထိုကဲ့သို့ဆောင်ရွက်ခဲ့ပြီး NCA သဘောတူစာချုပ်(မူကြမ်း)ကို ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် လက်မှတ်ရေးထိုးနိုင်ခဲ့ ကြပါသည်။ ဆက်လက်၍ ၇-၈-၂၀၁၅ ရက်နေ့တွင် အပြီးသတ်အတည်ပြုနိုင်ခဲ့ပြီး ၉-၉-၂၀၁၅ ရက် နေ့တွင် နိုင်ငံတော်သမ္မတနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၆ ဖွဲ့မှ ခေါင်း ဆောင် များ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြင့် အချောသတ် ရေးဆွဲထားသည့် အခန်း ၇ ခန်း၊ အပိုဒ် ၃၃ ပိုဒ်ပါ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)အား အမြန်ဆုံး လက်မှတ် ရေးထိုးနိုင်ရန် ဆုံးဖြတ်ခဲ့ကြပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း(၈) ဖွဲ့ဖြစ်သည့် ALP ၊ ABSDF ၊ CNF ၊ DKBA ၊KNU ၊ KNU/KNLA-PC ၊ PNLO၊ RCSS တို့သည် ပြည်တွင်းအသိသက်သများနှင့် နိုင်ငံတကာ အသိသက်သေများ ရှေ့မှောက်တွင် သမိုင်းဝင် NCA စာချုပ်အား သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါသည်။ ဆွေးနွေး ပွဲများတွင် တောက်လျှောက်ပါဝင် ဆွေးနွေးခဲ့ပြီး လက်မှတ်ရေးထိုးရန် အချိန်ကျရောက်မှ တက်ရောက် ခဲ့ခြင်းမရှိသည့်အဖွဲ့မှာ KIA ဖြစ်ကြောင်း တွေ့ရှိရပါသည်။ NCA လက်မှတ် ရေးထိုးခြင်းမရှိဘဲ ကျန်ရှိ သည့်အဖွဲ့မှာ ၁၃ ဖွဲ့ ဖြစ်ပါသည်။

       NCA သည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးမှတစ်ဆင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် လိုအပ်သော အခင်းအကျင်းများကို အုတ်မြစ် ချထားခြင်းဖြစ်ပြီး ယင်းအပေါ်တွင် ဆွေးနွေးဖက်အဖွဲ့အစည်းများအကြား ညှိနှိုင်းဆွေးနွေး အဖြေ ရှာကာ သဘောတူညီချက်များအရ ဆက်လက် အကောင်အထည်ဖော် တည်ဆောက်သွားနိုင် မှသာ ပြီးပြည့်စုံသည့် ပြည်ထောင်စုပုံသဏ္ဌာန် ပေါ်ပေါက်လာမည်ဖြစ်သည့်အတွက် NCA သဘော တူစာချုပ်တွင် လက်မှတ်ရေးထိုးပြီးနောက် သဘောတူစာချုပ်အား အကောင်အထည်ဖော် နိုင်ရန် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (Joint Implementation Coordination Meeting-JICM) ခေါ်ယူခဲ့ပါသည်။

     ယင်း JICM အစည်းအဝေးမှ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (Union Peace Dialogue Joint Committee – UPDJC) နှင့် အပစ်အခတ် ရပ်စဲရေးကို စောင့်ကြည့်ရန်အတွက် Joint Monitoring Ceasefire Committee – Union Level (JMC-U) တို့ကို ဖွဲ့စည်းပေးခဲ့သည်။ JICM သည် NCA စာချုပ်လက်မှတ် ရေးထိုး ထားသည့် အဖွဲ့အစည်းများ၏ ထိပ်သီးအစည်းအဝေး ဖြစ်ပြီး UPDJC နှင့် JMC-U တို့တွင် မဆုံး ဖြတ်နိုင်ဘဲ တစ်ဆို့နေသည့် အရေးကိစ္စများကို ဖြေရှင်း ပေးရမည့် အစည်းအဝေးလည်းဖြစ်ပါသည်။ ထို့ကြောင့် JICM သည် NCA စာချုပ်အရ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး ဖြစ်စဉ်တစ်ခုလုံး၏ အရေးကြီးဆုံး အစည်းအဝေးဖြစ်သကဲ့သို့ ငြိမ်းချမ်းရေးဖြစ်စဉ် ပြီးဆုံးသည်အထိ တည်ရှိနေမည့် အစည်းအဝေးလည်း ဖြစ်ပါသည်။

       ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အား အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများသာမက တရားဝင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များပါ ပါဝင်ဖွဲ့စည်းထားပါသည်။ UPDJC သည် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၊ ဒေသအဆင့်နိုင်ငံရေး ဆွေးနွေးပွဲများ၊ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲ များနှင့် လူမျိုးအလိုက်ကျင်းပသည့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရေး အပါအဝင် နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်ကာ ဦးဆောင်မှုပေးရသည့် ပူးတွဲကော်မတီ ဖြစ်ပါသည်။ UPDJC ကိုဖွဲ့စည်းပြီးနောက် ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲများ၏ မူဘောင်တစ်ရပ်ကို မူကြမ်းရေးဆွဲရမည်ဖြစ်ပါသည်။ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများမှသော်လည်းကောင်း၊ အစုအဖွဲ့အသီးသီးမှ သော်လည်းကောင်း၊ တစ်ဖွဲ့ချင်းစီမှသော်လည်းကောင်း တင်ပြလာသော အဆိုပြုလွှာများကို NCA ၏ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ အခြေခံမူများနှင့်အညီ စိစစ်ဆုံးဖြတ်ပြီး တရားဝင် မှတ်တမ်းတင်၍ လုပ်ငန်းကော်မတီများတွင် အကျေအလည် ဆွေးနွေးနိုင်ရန် ချမှတ် ပေးရမည် ဖြစ်ပါသည်။ ထို့နောက် အတွင်းရေးမှူးများမှတစ်ဆင့် သက်ဆိုင်ရာ လုပ်ငန်းကော်မတီ များမှ တင်ပြလာသော ရလဒ်များကို NCA စာချုပ်၏ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာအခြေခံမူနှင့် ကိုက်ညီခြင်း ရှိ၊ မရှိ စိစစ်ခြင်း၊ အကျေအလည်ညှိနှိုင်းခြင်း၊ ဆုံးဖြတ်ချက် ချမှတ်ခြင်းတို့ကို ဆောင်ရွက်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံတွင် ဆွေးနွေးဆုံးဖြတ် အတည်ပြုချက် ရယူနိုင်ရန် တင်ပြသွားရမည်ဖြစ်ပါသည်။ 

          တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) သည် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) တွင် ဖော်ပြထားသည့် တပ်ပိုင်းဆိုင်ရာကိစ္စရပ်များကို ပူးတွဲညှိနှိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြည်ထောင်စု အဆင့်(JMC-U)၊ ပြည်နယ်အဆင့်(JMC-S)နှင့် ဒေသဆိုင်ရာအဆင့်(JMC-L)ဟု ၃ဆင့်ခွဲ၍ ဆောင်ရွက် လျက်ရှိရာ ပထမဒီမိုကရေစီအစိုးရကာလတွင်JMC-U အစည်းအဝေးများကို (၂)ကြိမ် ကျင်းပခဲ့ပြီး JMC အဆင့်အဆင့်၏ လုပ်ငန်းလမ်းညွှန်(ToR)၊ နှစ်ဖက်တပ်များ လိုက်နာရမည့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာစည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက် ဆိုင်ရာ ကျင့်ဝတ်များ (Code of Conduct -CoC) တို့ကို  ရေးဆွဲအတည်ပြု ပြဋ္ဌာန်းခဲ့ပါသည်။

          ပထမဒီမိုကရေစီ အစိုးရကာလတွင် ပထမအကြိမ်ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်မှ ၁၆ ရက်အထိ နေပြည်တော်ရှိ MICC-II ၌ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံရေးဆွေးနွေးမှု မူဘောင်တွင် ဆွေးနွေးရန် သဘောတူညီခဲ့သည့် နိုင်ငံရေးကဏ္ဍ၊ လူမှုရေး ကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍ၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍ ကဏ္ဍ ၅ ရပ် တို့နှင့်သက်ဆိုင်သည့် စာတမ်းများအား အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသားကိုယ်စားလှယ်အစုအဖွဲ့နှင့် ပါဝင် သင့် ပါဝင်ထိုက်သူများအစုအဖွဲ့ အစုအဖွဲ့ ၇ ဖွဲ့တို့မှ စာတမ်းများ ဖတ်ကြားခဲ့ကြပြီး သဘော တူညီချက်များ ရရှိမှုမရှိခဲ့ပါ။

          ဒုတိယဒီမိုကရေစီအစိုးရကာလ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ရာ တွင် NCA စာချုပ်ပါ လမ်းပြမြေပုံအတိုင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါ သည်။ ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် UPCC ၊ UPWC နှင့် MPC တို့အား PC နှင့် NRPC တို့အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

          ထို့ပြင် ၎င်းလက်ထက်၌ NCA လက်မှတ်မရေးထိုးရသေးသော EAO အဖွဲ့များအား NCA လက်မှတ်ရေးထိုးနိုင်ရေးဆောင်ရွက်ခဲ့ပြီး အစိုးရကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများက “နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်”(The Framework for Political Dialogue) ကို ပြင်ဆင်ရေးဆွဲခဲ့ကြပါသည်။ ယင်းနောက် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ကို အခြေခံ၍ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကျင်းပပြီး  ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ အခမ်းအနား အား (၄) ကြိမ်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပါသည်။

        ဒီမိုကရေစီ ဒုတိယအစိုးရ နိုင်ငံတော်တာဝန်ရယူဆောင်ရွက်ချိန်တွင် NCA လက်မှတ် ရေးထိုးပြီး အဖွဲ့ ၈ ဖွဲ့ အပြင် NCA လက်မှတ်မရေးထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ NCA ကို လက်မခံနိုင်သေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ရှိနေသဖြင့် တပ်မတော်၏ အပစ်ရပ်ကြေညာထားသည့်ကာလအတွင်း  မြန်မာနိုင်ငံ မြောက်ပိုင်းမှ UWSA နှင့် NDAA အဖွဲ့များအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈)ဖွဲ့နှင့်လည်း ဆွေးနွေးညှိနှိုင်းပြီး NCA တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး ကမ်းလှမ်းခဲ့ပါသည်။ AA ၊ TNLA ၊ MNDAA အဖွဲ့များနှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီး အပစ်အခတ်ရပ်စဲ နိုင်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာနိုင်ရေး ဆောင်ရွက်ခဲ့ပါသည်။ NRPC နှင့် NCA-NS EAO (၈)ဖွဲ့တို့၏ တွေ့ဆုံ ဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်တွင် နေပြည်တော်၌ ပြုလုပ်ခဲ့ပြီး ၂၀၂၀ မတိုင်မီနှင့် ၂၀၂၀ အလွန် အခန်းကဏ္ဍများကို နှစ်ဖက် အလွတ်သဘော ဆွေးနွေးနိုင်ခဲ့ ပါသည်။

          နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ (Delegation for Political Negotiation-DPN) သည် UNFC ၏ အချက် ၉ ချက်ပါ တောင်းဆိုချက်အား အစိုးရဘက်မှ ငြိမ်းချမ်းရေး ကော်မရှင်နှင့် အကျေအလည် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။ ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့သည် အလွတ်သဘောတွေ့ဆုံမှု (၅)ကြိမ်၊ တရားဝင်ဆွေးနွေးပွဲ(၈)ကြိမ် ကျင်းပပြုလုပ်ခဲ့ ပါသည်။ ယင်းသို့ တွေ့ဆုံဆွေးနွေးခဲ့မှုများကြောင့် မွန်ပြည်သစ်ပါတီ (NMSP)နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့သည် NCA တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရန် သဘော တူညီမှု ရရှိခဲ့ပြီး ကနဦး သဘောတူညီချက် (၈)ချက်ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်တွင် ငြိမ်းချမ်းရေးကော်မရှင်နှင့် သဘောတူလက်မှတ်ရေးထိုးခဲ့ပြီးနောက် တစ်ပြိုင်နက်တည်း NMSP နှင့် LDU တို့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) တွင်  လက်မှတ်ရေးထိုးခဲ့ကြပါသည်။

        ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတို့တွင်  တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပသည့် ငြိမ်းချမ်းရေးကော်မရှင်နှင့် UWSA ၊ NDAA ၊ SSPP/SSA မြောက်ပိုင်း ၃ ဖွဲ့တို့၏ အလွတ်သဘော အစည်းအဝေးများ၏ အကျိုးဆက်အရ NRPC နှင့် AA၊ TNLA၊ MNDAA၊ KIO တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ရှမ်းပြည်နယ်၊ မူဆယ်မြို့နှင့် ကျိုင်းတုံမြို့တို့တွင်  ကျင်းပပြုလုပ် ကာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက်များ ရယူနိုင်ရေး တွေ့ဆုံ ညှိနှိုင်းခဲ့ကြပါသည်။ အစိုးရနှင့် မြောက်ပိုင်း ၄ ဖွဲ့တို့မှ Bilateral Ceasefire Agreement မူကြမ်းများ အပြန်အလှန် ပေးအပ်ထားပြီး ရရှိထားပြီးသည့် အဆိုပြုချက်များအပေါ် ဆက်လက် ညှိနှိုင်းနိုင်ရန် ဆောင်ရွက် ခဲ့ပါသည်။ NCA အပေါ် UWSA အဖွဲ့၏ နားလည်လက်ခံမှု တိုးတက် လာခဲ့ပြီး အလွတ်သဘော တွေ့ဆုံမှုများမှတစ်ဆင့် နှစ်ဖက်ယုံကြည်မှုကို တိုးမြှင့်တည်ဆောက် ခဲ့ရာ NRPC နှင့် PC  တို့သည်  NCA လက်မှတ် မရေးထိုးရသေးသော EAO အဖွဲ့များနှင့် အလွတ် သဘောဆွေးနွေးခြင်း (၁၇) ကြိမ်၊ တရားဝင် တွေ့ဆုံဆွေးနွေးပွဲ (၁၂) ကြိမ် ကျင်းပပြုလုပ် နိုင်ခဲ့ပါသည်။

         ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အထူးသဖြင့် ပြေလည်ခြင်းမရှိသေးသည့် ခွဲမထွက်ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိစ္စ၊ ပြည်ထောင်စု တပ်မတော်ကိစ္စရပ်များ ဆက်လက်ဆွေးနွေး ညှိနှိုင်း ရန် ကျန်ရှိနေသေးသည့် အချိန်တွင် အပစ်ရပ်လုပ်ငန်းစဉ်၊ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်း စဉ်များနှင့် စပ်လျဉ်း၍ NCA သဘောတူစာချုပ်နှင့်အညီ ဆောင်ရွက်နိုင်မှုအပေါ် ပြန်လည်သုံးသပ် ပြင်ဆင် နိုင်ရေးကို NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက တောင်းဆိုလာခဲ့ကြပါသည်။

         ယင်းထိပ်သီးအစည်းအဝေးသည် ဆွေးနွေးညှိနှိုင်း၍ မပြေလည်သေးသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှသာ ပြေလည်မှု ရရှိနိုင်မည် ဟူသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ အဆိုပြုချက်အရ ပေါ်ပေါက်လာ ခဲ့ခြင်းဖြစ်ပါသည်။၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် NCA ၃ နှစ်ပြည့် နှစ်ပတ်လည် နေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော်၌ အစိုးရနှင့် NCA-S EAOs ခေါင်းဆောင်များ၏ သီးသန့် အစည်းအဝေး(၁၀+၁၀)ကို ကျင်းပပြုလုပ်ခဲ့ပြီး ခွဲမထွက်ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိစ္စ၊ တစ်ခုတည်းသော တပ်မတော်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ယင်းအစည်းအဝေးက မူအားဖြင့် ချမှတ်ပေး နိုင်ခဲ့ပါသည်။ ၁၀+၁၀ အစည်းအဝေးသည် နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ အဆိုပြုချက်များကို လက်ခံသဘောတူ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ခြင်းသာ ဖြစ်သော်လည်း ထိပ်သီးအစည်းအဝေး မှ လိပ်ခဲတည်းလည်း ပြဿနာများ ပြေလည်စေမည့် ဖြေရှင်းချက်များ ထွက်ပေါ်လာချိန်တွင် NCA-S EAO များအနက် အင်အားကြီး အဖွဲ့ ၂ ဖွဲ့ ဖြစ်သော KNU နှင့် RCSS တို့က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ အရှိန်အဟုန်ကို လျှော့ချခဲ့သဖြင့် တရားဝင်အစည်းအဝေးများ ယာယီအားဖြင့် ရပ်ဆိုင်းခဲ့ရပါသည်။

       NCA လက်မှတ်ရေးထိုးပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် အပစ်ရပ်လုပ်ငန်းစဉ်နှင့် နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်းစဉ်များတွင် တရားဝင် အစည်းအဝေး များ၌ ပါဝင်မှုများ ရပ်ဆိုင်းထားသည့် ကာလအတွင်း NRPC နှင့် PC ကိုယ်စားလှယ်များသည် NCA-S EAO ကိုယ်စားလှယ်များနှင့် အလွတ်သဘောတွေ့ဆုံမှုများကို (၂၂)ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး တရားဝင်နိုင်ငံရေးဆွေးနွေးမှု လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိလာရေး ကြိုးပမ်း ဆောင် ရွက်ခဲ့ရပါသည်။

          ဆက်လက်၍ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နှင့် ၁၆ ရက် တို့တွင် ပြုလုပ်သည့် ၁၀ + ၁၀ ထိပ်သီးအစည်းအဝေး ပြီးနောက် တရားဝင်နိုင်ငံရေးဆွေးနွေးပွဲများ ရပ်ဆိုင်းသွားခဲ့သော်လည်း ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ အတွင်း မူဘောင်ပြင်ဆင်ရေး အလုပ်အဖွဲ့အစည်းအဝေးကို ကျင်းပပြုလုပ် နိုင်ခဲ့ပြီး မူဘောင်နှင့် လုပ်ငန်းလမ်းညွှန်များကို ပြင်ဆင်ဖြည့်စွက်မှုများ ဆောင်ရွက်ခဲ့ပါသည်။ ယင်းနောက် ၂၀၂၀ နှစ်ဆန်း ပိုင်းတွင် တရားဝင်နိုင်ငံရေးဆွေးနွေးပွဲများအား ပြန်လည်စတင်နိုင်ခဲ့ရာ ၂၀၁၈ အတွင်း၌ ပြင်ဆင် ခဲ့သည့်မူဘောင်ကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၂ ရက် တွင် ကျင်းပသည့် (၁၈)ကြိမ်မြောက် UPDJC က အတည်ပြုပေးနိုင်ခဲ့ပါသည်။ လက်ရှိရေးဆွဲထားသော နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်အရ လူမျိုးအလိုက်၊ ဒေသအလိုက်၊ အကြောင်းအရာအလိုက် ကျင်းပ သော အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများတွင် နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေး ကဏ္ဍနှင့် မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍများနှင့်စပ်လျဉ်း၍ ဆွေးနွေးရမည်ဖြစ်ပြီး လုံခြုံရေး ကဏ္ဍအနေဖြင့် ညီလာခံအတွင်း၌သာ ဆွေးနွေးညှိနှိုင်းမည်ဖြစ်ပါသည်။

         ဒီမိုကရေစီ ဒုတိယအစိုးရကာလလက်ထက်တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့်ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်နိုင်ရေး အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ အစည်းအဝေးများအား နေပြည်တော်၌ (၄)ကြိမ် ကျင်းပပြုလုပ်ခဲ့ပါသည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ ပထမ အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၃ ရက် အထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)တွင် သက်ဆိုင်ရာ အဖွဲ့အစည်းများဖြစ်သော အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသားကိုယ်စားလှယ်အစုအဖွဲ့၊ ပါဝင်သင့်ပါဝင်ထိုက်သူများက အဆိုပြုလွှာ ၇၂ စောင်နှင့် သဘောထားရပ်တည်ချက်ဆိုင်ရာ မူဝါဒစာတမ်းအချို့ကို တင်ပြခဲ့ပြီး တင်ပြချက်အများစုမှာ လုံခြုံရေးနှင့်ဆိုင်သော အကြောင်းကိစ္စရပ်များ အများဆုံးဖြစ်ခဲ့သည်။ ထပ်မံ၍ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၊ နေပြည်တော်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -(၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ မေလ ၂၄ ရက် မှ ၂၉ ရက်အထိကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံရေးကဏ္ဍမူဝါဒ သဘောတူညီချက် (၁၂)ချက်၊ စီးပွားရေး ကဏ္ဍမူဝါဒသဘောတူညီချက် (၁၁) ချက်၊ လူမှုရေးကဏ္ဍမူဝါဒသဘောတူညီချက်(၄)ချက်၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ မူဝါဒ သဘောတူညီချက်(၁၀)ချက် စုစုပေါင်း (၃၇) ချက် ရရှိခဲ့ ပါသည်။ ရရှိလာသည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၁)ပါ မူဝါဒသဘောတူညီချက် (၃၇)ချက်သည် မြန်မာ့နိုင်ငံရေး သမိုင်းတွင် ပထမဆုံးသော ဖက်ဒရယ်အခြေခံမူ သဘောတူညီချက်များအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ ပါသည်။

       အလားတူ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၊ နေပြည်တော်၌ပင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ တတိယ အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်မှ ၁၆ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံရေးကဏ္ဍ အခြေခံမူ သဘော တူညီချက် (၄)ချက်၊ စီးပွားရေးကဏ္ဍအခြေခံမူ သဘောတူညီချက် (၁)ချက်၊ လူမှုရေးကဏ္ဍ အခြေခံမူသဘောတူညီချက်(၇)ချက်၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍ အခြေခံမူ သဘော တူညီချက်(၂)ချက် စုစုပေါင်းသဘောတူညီချက် ၁၄ ချက် ပါဝင်သည့် ပြည်ထောင်စုသဘောတူ စာချုပ်အစိတ်အပိုင်း(၂)အဖြစ် ချုပ်ဆိုနိုင်ခဲ့ပါသည်။

      ယင်းနောက်  မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၊ နေပြည်တော်၌ပင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၉ ရက်မှ ၂၁ ရက်ထိ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ထောင်စုသဘောတူစာချုပ် အစိတ် အပိုင်း (၃) အဖြစ် ချုပ်ဆိုနိုင်ခဲ့ရာ အောက်ပါအတိုင်း သဘောတူညီချက် (၂၀) ချက်နှင့် ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်နှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများဇယား ၁ တို့ အား ရရှိခဲ့ပါသည်။

       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် နိုင်ငံတော် တာဝန်အား ထိန်းသိမ်းရယူခဲ့ပါသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား အောင်မြင်အောင် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ်တွင် “နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရရှိထားသည့် ပြည်တွင်း ငြိမ်းချမ်းရေး ရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) သဘောတူညီချက်များအတိုင်းဖြစ်နိုင်သမျှအလေးထား လုပ်ဆောင် သွားမည်” ဟု ချမှတ်ခဲ့ပါသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင် ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီအား အမိန့်အမှတ် (၆၉/၂၀၂၁)ဖြင့်လည်းကောင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီအား အမိန့်အမှတ် (၇၀/၂၀၂၁)ဖြင့်လည်းကောင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအား အမိန့်အမှတ် (၇၁/၂၀၂၁) ဖြင့် လည်းကောင်း ၁၇-၂-၂၀၂၁ ရက်တွင် ဖွဲ့စည်းခဲ့ပါသည်။

        ကော်မတီအဆင့်ဆင့်တွင် လုပ်ငန်းတာဝန်များ သတ်မှတ်ထားရှိပြီး အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီအနေဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်အတွက် လိုအပ်သောမူဝါဒများချမှတ်ပေးခြင်းနှင့် ဦးဆောင်လမ်းညွှန်မှုပေးပါသည်။ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီအနေဖြင့် ဗဟို ကော်မတီကချမှတ်ပေးသည့် မူဝါဒများကို အကောင်အထည်ဖော်နိုင်ရန် လိုအပ်သော မဟာဗျူဟာ ချမှတ်ပေး၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အနေဖြင့် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီတို့ကချမှတ်ပေးသည့် မူဝါဒများနှင့် မဟာဗျူဟာ များကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေး၍ အကောင်အထည် ဖော်ဆောင်ရွက်ရပါသည်။ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟို ကော်မတီတွင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုတိယ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဖြစ်ပြီး အဖွဲ့ဝင်(၁၇)ဦးဖြင့် ဖွဲ့စည်းထားပါသည်။ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီတွင် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဒုတိယ ဥက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဖြစ်ပြီး အဖွဲ့ဝင်(၃၃)ဦးဖြင့် ဖွဲ့စည်းထားပါသည်။  အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌသည် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဖြစ်ပြီး အဖွဲ့ဝင်(၁၅)ဦးဖြင့် ဖွဲ့စည်းထားပါသည်။ 

      အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီသည် NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် ငြိမ်းချမ်းရေး ပိုမိုခိုင်မာလာစေရေး၊ NCA လက်မှတ်မရေးထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ NCA တွင် ပါဝင်လက်မှတ်ရေးထိုးလာစေရေးတို့မှတစ်ဆင့် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးအတွက် လုပ်ငန်းစဉ်များနှင့် သတ်မှတ်ပေး ထားသည့် အချိန်ဇယားများအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

      အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီမှ  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား တွေ့ဆုံညှိနှိုင်းနိုင်ရေးဖိတ်ခေါ်မှုများ ပြုလုပ်ခဲ့ ပါသည်။ အဆိုပါ ဖိတ်ခေါ်မှုကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် Online ဖြင့်လည်းကောင်း၊ တိုင်းရင်းသားအဖွဲ့အစည်းများ တည်ရှိရာဒေသသို့ သွားရောက်၍လည်းကောင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန (NSPC)၌ လည်းကောင်း တွေ့ဆုံညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ကြပါသည်။

       ထို့ပြင်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့ပြီး ရှေ့ဆက်လက် ဆောင်ရွက်မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ယင်းအစည်းအဝေး မှ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး နိုင်ရန် အတွက် မဟာဗျူဟာများ ချမှတ်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

      အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီက ချမှတ်ပေးသည့် မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ လုပ်ငန်းကော်မတီက လိုအပ်သည့် အချိန် ဇယားနှင့် မဟာဗျူဟာများကိုချမှတ်ပြီး ညှိနှိုင်းရေးကော်မတီက လက်တွေ့အကောင် အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။ အသေးစိတ်ဆောင်ရွက်ရမည့် ညှိနှိုင်းမှုများကို ညှိနှိုင်းရေး ကော်မတီကတာဝန်ယူ၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ တည်ရှိရာဒေသများ အတွင်း ဖွံ့ဖြိုးရေးကိစ္စ၊ နေရပ်စွန့်ခွာရသူများ(IDPs)ကိစ္စ၊ NCAအခန်း(၆)တွင်ပါဝင်သည့် ကြား ကာလဆိုင်ရာကိစ္စများကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။

     ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)တွင် NCA အကောင်အထည်ဖော်မှု ဆိုင်ရာ မူဘောင်သဘောတူညီချက် (၁၅)ချက်နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်တည်ဆောက်ရေး ဆိုင်ရာ လမ်းညွှန်အခြေခံမူ (၅)ချက်တို့ကို သဘောတူထားပြီး၊ အနာဂတ်၌ ဖွဲ့စည်း ဖြစ်တည်လာမည့် ဒီမိုကရေစီနှင့်ဖက်ဒရယ် ပြည်ထောင်စုကို လုပ်ငန်းစဉ် အဆင့်(၃)ဆင့်၊ အကောင်အထည်ဖော်မှုအဆင့် (၃)ဆင့်တို့ဖြင့် ဖော်ဆောင်ရန်လည်း သဘောတူ ထားပြီးဖြစ် သည်။ ယင်းလုပ်ငန်းစဉ်အဆင့် (၃)ဆင့်ဖြစ်သော အဆင့်(၁)ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုဆိုင်ရာ အခြေခံများတည်ဆောက်ရေး၊ အဆင့်(၂) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စုဖော်ဆောင်ရေးနှင့် အဆင့်(၃) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စုခိုင်မာရေးအတွက် ဆွေးနွေးမည့် အကြောင်း အရာများ သဘောတူညှိနှိုင်းရရှိပါက နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းမှု၊ နည်းပညာအရ စေ့စပ် ညှိနှိုင်းမှုနှင့် အကောင်အထည်ဖော်မှုစသည့် အဆင့်(၃)ဆင့်ဖြင့် ဆွေးနွေးညှိနှိုင်းကာ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး ဆွေးနွေးညှိနှိုင်းကြမည်ဖြစ် သည်။ ထိုသို့ ဆွေးနွေးညှိနှိုင်းရာတွင်လည်း ပြည်ထောင်စုသဘောတူစာချုပ်အစိတ် အပိုင်း (၃)၊ အပိုင်း(၂)တွင် သဘောတူညီထားသည့် ဖက်ဒရယ်တည်ဆောက်ရေး၊ အုပ်ချုပ်မှု ပြုပြင် ပြောင်းလဲရေး၊ စီးပွားရေးနှင့် ဖွံ့ဖြိုးရေး၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ပိုင်ခွင့်များ၊ မြေယာနှင့် သယံဇာတ၊ ဒီမိုကရေစီတည်ဆောက်ရေး၊ လူမှုသဟဇာတ ဖြစ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးစသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ အချက် (၈)ချက်ကို အသေးစိတ် ဆက်လက် ညှိနှိုင်းကြမည်ဖြစ်သည်။ ယင်းသဘောတူညီချက်များ ရယူနိုင်ရန်မှာ ငြိမ်းချမ်းရေး ဆွေးနွေးဖက် အဖွဲ့အစည်းများအကြား NCA လမ်းကြောင်းအတိုင်း နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပပြုလုပ်ပြီး တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာရန် လိုအပ်သည်။

    ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေးယန္တရားဖြစ်သည့် အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီသည် သက်ဆိုင်ရာဆွေးနွေးဖက်အဖွဲ့ အစည်း များနှင့် အလွတ်သဘောတွေ့ဆုံမှုများ၊ Virtual တွေ့ဆုံဆွေးနွေးမှုများနှင့် တရားဝင်တွေ့ဆုံမှု များ ပြုလုပ်ပြီး မပြတ်ထိတွေ့ဆက်ဆံလျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူ ချိန် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအထိ ညှိနှိုင်းရေးကော်မတီသည် NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် (၇၆)ကြိမ်၊ NCA လက်မှတ်ရေးထိုးထားခြင်း မပြုသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် (၂၅)ကြိမ်၊ နိုင်ငံရေးပါတီများနှင့် (၁၆)ကြိမ်၊ ဘာသာရေးခေါင်းဆောင်များ၊ ငြိမ်းချမ်းရေး အကျိုး ဆောင်အဖွဲ့များနှင့် (၈)ကြိမ် စုစုပေါင်း (၁၂၅) ကြိမ် တွေ့ဆုံခဲ့ပြီး NCA လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်နေမှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ညှိနှိုင်းရေးကော်မတီအနေဖြင့် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

     ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) (၆)နှစ်မြောက်နှစ်ပတ်လည်နေ့၊ (၇) နှစ်မြောက် နှစ်ပတ်လည်နေ့နှင့် (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတို့အား ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များ ဖြစ်ကြသည့် DKBA ၊ KNU/ KNLA (PC)၊ ALP၊ RCSS ၊ PNLO ၊ NMSP ၊ LDU တို့ တက်ရောက်ခဲ့ကြသည်။

      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရသည် တစ်နိုင်ငံလုံးလိုလား တောင့်တလျက် ရှိသည့် ထာဝရငြိမ်းချမ်းရေးရရှိရန် ရည်ရွယ် ၍ ၂၀၂၂ ခုနှစ်အား ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီး ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ကိုယ်တိုင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးအား တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ် ပါခဲ့သည်။ ထိုကဲ့သို့ ဖိတ်ခေါ်ကမ်းလှမ်းသည့် အတွက် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန်အတက် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့နှင့် NCA လက်မှတ်မရေးထိုးရ သေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့တို့ သည် နေပြည်တော်၌ (၅) ကြိမ်တိုင်တိုင် လာရောက်တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ 

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား NCA  ပါသဘောတူညီချက်များအတိုင်းဆက်လက်ဆောင်ရွက်သွားမည့်အပြင် NCA လက်မှတ်ရေးထိုး ထားသော EAO များ NCA လက်မှတ်ရေးထိုးထားခြင်းမရှိ သေးသည့် EAO များအားလုံးအား တရားဝင်နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်လာ စေရေး စိတ်ရှည်စွာဖြင့် အစဉ်အမြဲဖိတ်ခေါ် တွေ့ဆုံဆွေးနွေးသွားရန် လည်း လမ်းဖွင့်ထားသည်ကို တွေ့ရှိရပါသည်။

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေး ယန္တရား တစ်ခုဖြစ်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံရာတွင် အဓိကအနေဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာစေရေး၊ နိုင်ငံရေးဆိုင်ရာကိစ္စရပ်များနှင့် ဒေသဖွံဖြိုးရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင်မှုအား ချမှတ် ပေးထားသည့် မူဝါဒ၊ မဟာဗျူဟာများနှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။

မှီငြမ်း  –   Peace Process Review

  • NCA လက်မှတ်ရေးထိုးပြီး ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုများအပေါ် လေ့လာ သုံးသပ်တင်ပြခြင်းစာတမ်း
  • ညီလာခံစာအုပ်များ
  • NSPD