အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန (NSPC)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်းတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ဆက်လက်ဖော်ဆောင်နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည်” ဟု လုပ်ငန်းစဉ်တစ်ရပ်ချမှတ်ခဲ့ပါသည်။ နိုင်ငံရေးဦးတည်ချက်တွင်လည်း “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ပါအတိုင်း အလေးထားလုပ်ဆောင်ရေး”ဟု ဦးတည်ချက် ချမှတ်ခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ယခင်ဆောင်ရွက်ခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ယခင်သဘောတူညီချက်များအပြင် ယင်းတို့နှင့် ဆွေးနွေးဆဲ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကိစ္စရပ်များကို အရှိန်အဟုန်မပြတ် ဆက်လက်ဖော်ဆောင် နိုင်ရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်စေရေးအတွက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍လည်းကောင်း၊ လုပ်ငန်းကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍လည်းကောင်း၊ ညှိနှိုင်းရေးကော်မတီကို တပ်မတော်၏ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ လည်းကောင်း ငြိမ်းချမ်းရေးဆိုင်ရာကော်မတီ (၃)ရပ်ကို ဖွဲ့စည်းခဲ့ပါသည်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီများအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များ၊ ငြိမ်းချမ်းရေးသက်ဆိုင်သည့် အခြားအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေး၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။