ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC)
ဖွဲ့စည်းမှု
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးဆောင်ရွက်ရန် အတွက် “ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ”အား နိုင်ငံတော်သမ္မတရုံး၏ ၃-၅-၂၀၁၂ ရက်စွဲပါအမိန့်အမှတ်၊ ၁၂ / ၂၀၁၂ ဖြင့် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင် သောအဖွဲ့ဝင်(၅၂)ဦးနှင့် ဖွဲ့စည်းခဲ့ပါသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီအား နိုင်ငံတော်သမ္မတရုံး၏ ၅-၇-၂၀၁၃ ရက်စွဲပါ အမိန့်အမှတ်၊ ၁၅ / ၂၀၁၃ ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
လုပ်ငန်းတာဝန်များ
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီအနေဖြင့် ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိရေး အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အောက်ပါတာဝန်များကို ဆောင်ရွက်ရမည်-
ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်း
- နှစ်ဦးနှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းရေး
- နှစ်ဖက်သဘောတူညီမှု ညှိနှိုင်းရရှိထားသည့် သတ်မှတ်နေရာများတွင် နေထိုင်ရေး
- သတ်မှတ်နေရာမှအပ အခြားဒေသသို့ လက်နက်ဖြင့် သွားလာခြင်မပြုရေး
- ဆက်ဆံရေးစခန်းကို နှစ်ဖက်သဘောတူသော သင့်လျော်သည့်နေရာ၌ လက်နက်မပါထားရှိရေး
- ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ဆွေးနွေးရန်အတွက် ကိုယ်စားလှယ်အဖွဲ့ တရားဝင်ဖွဲ့စည်းပေးရန်နှင့် ဆွေးနွေးမည့်အချိန်နှင့် နေရာတို့ကို ညှိနှိုင်းရေး
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်း
- ပြည်ထောင်စုအတွင်း အမြဲအတူတကွ ပူးပေါင်းနေထိုင်ရေး
- ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို သဘောတူရေး
- စီးပွားရေးလုပ်ငန်း၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ နှစ်ဦးနှစ်ဖက်ပူးတွဲ၍ တရားဝင်ဆောင်ရွက်ရေး
- မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ တိုက်ဖျက်ရေးအား ပူးပေါင်းဆောင်ရွက်ရေး
- ပါတီထူထောင်၍ ရွေးကောက်ပွဲဝင်ရေး၊
- ဖွဲ့စည်းပုံအခြေခံဥပဒေအား လက်ခံရန်နှင့် ပြင်ဆင်လိုသည့်ကိစ္စများရှိက လွှတ်တော်အတွင်း၌ အများသဘောတူ ဆန္ဒနှင့်အညီ ဆောင်ရွက်ရေး၊
- ထာဝရငြိမ်းချမ်းရေးအတွက် ဥပဒေဘောင်အတွင်းသို့ အပြီးအပိုင်ဝင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တန်းတူညီတူနေထိုင်၊ သွားလာ၊ လုပ်ကိုင်၊ စားသောက်ရေး၊
- ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တစ်ခုတည်းသော လက်နက်ကိုင်အဖွဲ့အစည်း အဖြစ် အသွင်ကူးပြောင်းရေးကို ညှိနှိုင်းဆောင်ရွက်ရေး။
“ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ၏ ဆောင်ရွက်ချက်များကို ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီသို့ အချိန်နှင့်တစ်ပြေးညီ တင်ပြရန် ဖြစ်သည်”