ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီ (UPCC)
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာသည့် နိုင်ငံတော်သမ္မတဦးဆောင်သော ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေပြုလွှတ်တော်၊ တရားစီရင်ရေးအဖွဲ့ တို့နှင့် ဟန်ချက်ညီညီလက်တွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရာတွင် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။
ဖွဲ့စည်းမှု
“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးရာတွင် ဦးဆောင်ဦးရွက်ပြုရန် အတွက် “ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီ”အား နိုင်ငံတော်သမ္မတရုံး၏ ၃-၅-၂၀၁၂ ရက်စွဲပါအမိန့်အမှတ်၊ ၁၁ / ၂၀၁၂ ဖြင့် နိုင်ငံတော်သမ္မတ ဥက္ကဋ္ဌအဖြစ် ပါဝင်သော အဖွဲ့ဝင် (၁၁)ဦးနှင့် ဖွဲ့စည်းခဲ့ပါသည်”
“ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီတွင် အဖွဲ့ဝင်ပြင်ဆင်ဖွဲ့စည်းခြင်းအား နိုင်ငံတော်သမ္မတရုံး၏ ၁၆-၈-၂၀၁၂ ရက်စွဲပါအမိန့်အမှတ်၊ ၁၇ / ၂၀၁၂ ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်”
“ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီအား နိုင်ငံတော်သမ္မတရုံး၏ ၅-၇-၂၀၁၃ ရက်စွဲပါအမိန့်အမှတ်၊ ၁၄ / ၂၀၁၃ ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်”
လုပ်ငန်းတာဝန်များ
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီအနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းဆောင်ရွက်နိုင်ရေး မူဝါဒချမှတ်ပေးခြင်း၊ ကြီးကြပ်ခြင်းတို့ ဆောင်ရွက်ရမည်။
ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များအတွက် လိုအပ်သည့်အချိန်တွင် နိုင်ငံရပ်ခြား အဖွဲ့အစည်းများနှင့်ဆက်ဆံခြင်း၊ ရန်ပုံငွေထူထောင်ခြင်းနှင့်သုံးစွဲခြင်းဆိုင်ရာကိစ္စရပ်များကို လုပ်ထုံးလုပ်နည်း ရေးဆွဲပြဋ္ဌာန်း ဆောင်ရွက်စေရမည်။