You are currently viewing (၇၅) နှစ်မြောက် စိန်ရတုအမြောက်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ

(၇၅) နှစ်မြောက် စိန်ရတုအမြောက်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ

(၇၅) နှစ်မြောက် စိန်ရတုအမြောက်တပ်ဖွဲ့နေ့ အခမ်းအနားကို ၃-၂-၂၀၂၄ရက်တွင် နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

အဆိုပါ (၇၅) နှစ်မြောက် စိန်ရတုအမြောက်တပ်ဖွဲ့နေ့အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ အငြိမ်းစား အမြောက်တပ်ဖွဲ့ဝင်အရာရှိကြီးများ၊ တာဝန် ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အခမ်းအနားကျင်းပမည့်နေရာသို့ ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး

ထို့နောက် အခမ်းအနားအစီအစဉ် ပထမပိုင်းအဖြစ် စစ်ရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး၊ တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်သက်အောင်တို့က (၇၅) နှစ်မြောက် စိန်ရတုအမြောက်တပ်ဖွဲ့ နေ့အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်က (၇၅) နှစ်မြောက် စိန်ရတုအမြောက်တပ်ဖွဲ့နေ့အထိမ်းအမှတ်ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ဆင်ဖြူရှင်ခန်းမအတွင်း၌ ဆက်လက်ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများ သည် (၇၅) နှစ်မြောက် စိန်ရတုအမြောက်တပ်ဖွဲ့နေ့ ဂုဏ်ပြုသီချင်းဖြစ်သည့် “စိန်ရတုမှသည်ရတုအဆက်ဆက်ချီ” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှု အားပေးကြသည်။

ဂုဏ်ပြုအမှာစကားပြောကြား

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က (၇၅) နှစ်မြောက် စိန်ရတုအမြောက် တပ်ဖွဲ့နေ့အထိမ်းအမှတ်ဂုဏ်ပြု အမှာစကားပြောကြားရာတွင် ယနေ့သည် တပ်မတော်၏ အဓိကလက်ရုံးတပ်ဖွဲ့ တစ်ခုဖြစ်သည့် အမြောက်တပ်ဖွဲ့၏ သက်တမ်း (၇၅) နှစ်ပြည့်မြောက်သည့် စိန် ရတုနှစ်ပတ်လည်နေ့ အခါသမယပင်ဖြစ်ကြောင်း၊ အမြောက်တပ်ဖွဲ့ဝင်များအနေဖြင့် စတင်တည်ထောင်ချိန်မှ ယနေ့ကာလအထိ နိုင်ငံတော်ကာကွယ်ရေးအတွက် ပေးအပ်လာသည့် တာဝန်များအပေါ် “ရွှေ့ပြောင်း၊ ပစ်ခတ်၊ ဆက်သွယ်” ဆိုသည့် အမြောက်တပ်ဖွဲ့၏ ဆောင်ပုဒ်နှင့်အညီ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အကောင်းဆုံးကျေပွန်အောင် စွမ်းဆောင်ခဲ့ကြသည့်အတွက် အသိအမှတ်ပြု ဝမ်းမြောက်ဂုဏ်ယူမိကြောင်း။

အမြောက်တပ်ဖွဲ့၏ သမိုင်းကြောင်းကို လေ့လာကြည့်မည်ဆိုပါက ဗမာ့ကာကွယ်ရေး တပ်မတော်ကာလတွင် အမြောက်တပ်ဖွဲ့ ဖွဲ့စည်းရန်ရည်ရွယ်ပြီး ၁၉၄၆ ခုနှစ် မေလတွင် အမှတ် (၁) မြေပြင်ပစ်အမြောက်တပ် No(1) Field Artillery အဖြစ် စတင်ဖွဲ့စည်းခဲ့သည်ကို တွေ့ရကြောင်း၊ အဆိုပါအချိန်သည် လွတ်လပ်ရေးမရမီကာလဖြစ်ပြီး လွတ်လပ်စွာ စီမံပိုင်ခွင့်မရှိသေးခြင်းကြောင့် အမှတ် (၁) မြေပြင်ပစ် အမြောက်တပ်ကို ၁၉၄၇ ခုနှစ် အောက်တိုဘာလတွင် အမှတ် (၆) ဗမာ့သေနတ် ကိုင်တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ရသည်ကို တွေ့ရကြောင်း။

စိန်ရတုကာလကိုရောက်ရှိ

၁၉၄၈ ခုနှစ် မတ်လတွင် ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုသွားခြင်းနှင့်အတူ ပြည်တွင်းလက်နက် ကိုင်ဆူပူသောင်းကျန်းမှုများ ပေါ်ပေါက်လာခဲ့ပြီး “ရန်ကုန်အစိုးရ” ဟု ခေါ်ရလောက်အောင် ခြိမ်းခြောက်လာခဲ့ကြောင်း၊ အင်းစိန်ကို ကရင်သူပုန်တို့ ဝင်ရောက် တိုက်ခိုက်နေချိန်အတွင်း အမြောက်တပ်ဖွဲ့ကို ဗိုလ်ကြီးရဲထွန်းနှင့် စစ်သည် ၆၃ ဦးဖြင့် စတင်ဖွဲ့စည်းပြီး အမြန်ဆုံးတိုက်ပွဲဝင်ရန် ဗိုလ်ချုပ်နေဝင်းကိုယ်တိုင်အမိန့်ထုတ်ဖွဲ့စည်းစေခဲ့သည့် ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်ကို အမြောက်တပ်ဖွဲ့၏ သန္ဓေတည်ပေါက်ဖွားရာ တပ်ဖွဲ့နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ခြင်းကြောင့် ယနေ့ဆိုပါက (၇၅) နှစ်ဆိုသည့် စိန်ရတုကာလကို ရောက်ရှိခဲ့ပြီဖြစ်ကြောင်း။

အမြောက်တပ်ဖွဲ့အနေဖြင့် စတင်ဖွဲ့စည်းစဉ်ကတည်းက အမိန့်နာခံပြီး စစ်စည်းကမ်းကောင်းမွန်သည့် အစဉ်အလာကောင်းများ ပိုင်ဆိုင်ထားသည့် အဖွဲ့အစည်းတစ်ခုအဖြစ် တွေ့မြင်ရမည်ဖြစ်ပြီး ပေးအပ်သည့် အမိန့်အတိုင်းသုံးရက်အတွင်း ဖွဲ့စည်းပြင်ဆင်ကာ သမိုင်းဝင်အင်းစိန်တိုက်ပွဲတွင် ထူးချွန်ပြောင်မြောက်စွာ ပစ်ကူပေးတိုက်ပွဲဝင်နိုင်ခဲ့သည်ကို ဂုဏ်ယူဖွယ်ရာ တွေ့ရှိရမည်ဖြစ်ကြောင်း။

စွမ်းစွမ်းတမံဆောင်ရွက်နိုင်

နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်ဆင်ရေးတာဝန်ထမ်း ဆောင်ရာတွင်လည်း အမြောက်တပ်ဖွဲ့အစပြုရာ ၁၉၄၉ ခုနှစ် အင်းစိန်တိုက်ပွဲကစပြီး ယနေ့မျက်မှောက်ကာလ အကြမ်းဖက်သောင်းကျန်းသူနှိမ်နင်းရေး တိုက်ပွဲများအထိ “လိုအပ်သည့်အချိန် လိုအပ်သည့်နေရာသို့ လိုအပ်သောကျည်အရေအတွက် ကျရောက်ပေါက်ကွဲစေရမည်” ဆိုသည့် ရည်မှန်းချက်တာဝန်နှင့်အညီ ထိရောက်စွာပစ်ခတ်တိုက်ပွဲဝင်နိုင်ခဲ့ပြီး စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရသည့်အတွက် ဂုဏ်ယူကြောင်း။

အမြောက်တပ်ဖွဲ့ဝင်များအနေဖြင့် တပ်ဖွဲ့၏မူလတာဝန်များကိုသာမက တပ်မတော်၏ ပြည်သူ့အကျိုးပြု လုပ်ငန်းများ၊ ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်း၊ ၂၀၂၃ ခုနှစ်က ဖြစ်ပွားခဲ့သည့် မိုခါမုန်တိုင်းများ အပြင် နိုင်ငံအတွင်းဖြစ်ပွားခဲ့သည့် အခြား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင်လည်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိရကြောင်း။

ဂုဏ်ယူအသိအမှတ်ပြု

ထို့ပြင် ယနေ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက်တွင် နိုင်ငံတော်ကို ဘက်ပေါင်းစုံက အဖျက်အမှောင့်လုပ်ငန်းမျိုးစုံ ဆောင်ရွက်နေသည့် အကြမ်းဖက်သောင်းကျန်းသူများကို ချေမှုန်းရာတွင်လည်း အမြောက်တပ်ဖွဲ့ဝင်များ၏ ပြောင်မြောက်သည့် စွမ်းဆောင်ရည်များကို တွေ့ရှိခဲ့ရခြင်းကြောင့် အမြောက်တပ်ဖွဲ့၏ တိုက်ပွဲဝင် အသင့်ရှိမှုအပေါ် ဂုဏ်ယူအသိ အမှတ်ပြုသည်ကို ပြောကြားလိုကြောင်း။

အမြောက်တပ်ဖွဲ့အနေဖြင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် ခေတ်မီအမြောက်လက်နက်များ၊ ခဲယမ်းများနှင့် အမြောက်တပ်ဖွဲ့သုံးကိရိယာများကို တပ်ဆင်ပေးနေသကဲ့သို့ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်စေရေးအတွက် ပြည်ပနိုင်ငံများကို ပညာတော်သင်များ စေလွှတ်ပေးခြင်းတို့လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ပမှ လေ့လာသင်ယူခဲ့သည့် ပညာရပ်များကို မိမိတို့တွင်ရှိပြီး အမြောက်ပညာရပ်များနှင့် ပေါင်းစပ်ပြီး အမြောက်တပ်ဖွဲ့မှ အရာရှိ၊ စစ်သည်များကို ပိုမိုသိရှိနားလည်အောင် သင်တန်းများဖွင့်လှစ်ပြီး ပြန်လည်သင်ကြား လေ့ကျင့်ပေးလျက်ရှိကြောင်း။

လေ့ကျင့်ရေးပိုင်းတွင်လည်း တပ်မတော်တွင် ပြုလုပ်ခဲ့သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) ပူးပေါင်းစစ်ဆင်ရေးများ၊ (ကြည်း၊ လေ၊ အမြောက်၊ သံချပ်ကာ) ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်းများတွင်လည်း အခြားတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းပါဝင်လေ့ကျင့် ဆောင်ရွက်နိုင်ခဲ့ပြီး အမြောက်တပ်ဖွဲ့၏ အဓိကဆောင်ရွက်ရမည့် တာဝန်များကို အောင်မြင်အောင် လေ့ကျင့်နိုင်ခဲ့သည်ကို တွေ့ရကြောင်း။

ဝင့်ကြွားထည်ဝါစွာရပ်တည်နိုင်

မြန်မာ့လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သည့် အမြောက်တပ်ဖွဲ့သည် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ဝိုင်းဝန်းကာကွယ်ရင်း ယနေ့တွင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် ခေတ်မီအမြောက်တပ်ဖွဲ့တစ်ခုအဖြစ် ဝင့်ကြွားထည်ဝါစွာ ရပ်တည်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ထို့ကြောင့် စွမ်းရည်ရှိသည့်တပ်၊ စွမ်းအားရှိသည့်တပ်၊ နိုင်ငံတော်ကာကွယ်ရေးအတွက် အားထားရသည့် လက်ရုံးတပ်အမြဲတမ်းဖြစ်နေစေ ရေးတပ်ဖွဲ့ဝင်အားလုံးက အားသွန်ခွန်စိုက်ကြိုးပမ်းကြရန် မှာကြားလိုကြောင်း။

အမြောက်တပ်ဖွဲ့မှ အရာရှိ၊ စစ်သည်များအနေဖြင့် နိုင်ငံတော်နှင့် တပ်မတော်ကပေးအပ်လာ သည့်တာဝန်များအပေါ် ဦးလည်မသုန် ထမ်းရွက်နိုင်ကြသည်ကိုလည်း (၇၅)နှစ်တာ ခရီးတွင် အကြိမ်ကြိမ်သက်သေပြနိုင်ခဲ့ကြပြီး ဘွဲ့ထူး၊ ဂုဏ်ထူးများရရှိသူ အရာရှိ၊ စစ်သည်၊ ရဲမေများ ပေါ်ထွက်ခဲ့သည့်အတွက်လည်း အသိအမှတ်ပြုဂုဏ်ယူသည်ကို ပြောကြားလိုကြောင်း။

လက်ဆင့်ကမ်းထိန်းသိမ်း

မျိုးဆက်သစ်အမြောက်တပ်ဖွဲ့ဝင်များအနေဖြင့်လည်း အမြောက်တပ်ဖွဲ့၏ အစဉ်အလာကောင်းများကို လက်ဆင့်ကမ်းတာဝန်ယူထိန်းသိမ်းသွားကြပြီး အနာဂတ်တပ်မတော်နှင့် အမြောက်တပ်ဖွဲ့ဝင်များကို အဖိုးတန်အမွေအဖြစ် ပေးအပ်နိုင်ရန် ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အမြောက်တပ်ဖွဲ့ဝင်များအနေဖြင့် ချမှတ်ထားသည့် မိမိတို့၏ တပ်ဖွဲ့ဆောင်ပုဒ်များ၊ ကြွေးကြော်သံများအတိုင်း ထိန်းသိမ်းဆောင်ရွက်ကြပြီးကျရာ တာဝန်များကို ကျေပွန်အောင်ဆက်လက်ထမ်းဆောင်ကြရန် တိုက်တွန်းမှာကြားရင်း (၇၅နှစ်မြောက် စိန်ရတုအမြောက်တပ်ဖွဲ့နေ့မှသည် နောင်လာမည့် ရတုများစွာတိုင်အောင် စွမ်းရည်ထက်မြက်သည့် တပ်ဖွဲ့တစ်ခုအဖြစ် ဆက်လက်ရပ်တည်နိုင်ပါစေရန် ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။

ထို့နောက် အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူးက တပ်ဖွဲ့သမိုင်း အကျဉ်းချုပ်ကို ရှင်းလင်းတင်ပြပြီး (၇၅) နှစ်မြောက် စိန်ရတုအမြောက်တပ်ဖွဲ့နေ့ အထိမ်းအမှတ် မှတ်တမ်း Documentary Videoကို ပြသသည်။

ယင်းနောက် (၇၅) နှစ်မြောက် စိန်ရတုအမြောက်တပ်ဖွဲ့နေ့ ဂုဏ်ပြုသီချင်းဖြစ်သည့် “The God of War” ကို အမြောက်တပ်ဖွဲ့ဝင်များက ဖျော်ဖြေတင်ဆက်သည်။

ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူးက (၇၅) နှစ် မြောက်စိန်ရတုအမြောက်တပ်ဖွဲ့ နေ့အထိမ်းအမှတ်လက်ဆောင်ကို နေရာအရောက်ဂါရဝပြုပေးအပ်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် တက်ရောက်လာကြသည့် အငြိမ်းစားဆက်သွယ်ရေးအမြောက်တပ်ဖွဲ့ဝင် အရာရှိကြီးများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများနှင့်အတူ (၇၅) နှစ်မြောက် စိန်ရတုအမြောက်တပ်ဖွဲ့နေ့ အထိမ်းအမှတ်ပြခန်းများအတွင်း လှည့်လည်ကြည့်ရှုလေ့လာကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် (၇၅) နှစ်မြောက် စိန်ရတုအမြောက်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။

မှီငြမ်း။ ပြန်ကြားရေးဝန်ကြီးဌာန