(Joint Ceasefire Monitoring Committee-JMC)
၁။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)၏ တပ်ပိုင်းဆိုင်ရာ ကိစ္စများ၊ စစ်ဘက်ဆိုင်ရာကျင့်ဝတ်များနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း များအား ထိန်းသိမ်းလိုက်နာခြင်းနှင့်ပတ်သက်၍ စောင့်ကြည့်လေ့လာခြင်း၊ ပေါ်ပေါက်လာသော အငြင်းပွားမှုများအား ဖြေရှင်းရာတွင် ဘက်လိုက်မှုကင်းပြီး ပွင့်လင်းမြင်သာမှုအခြေခံဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အထောက်အကူပြုရန် JMC အား ဖွဲ့စည်းဆောင်ရွက်ခြင်းဖြစ်ပါသည်။ JMC ကို ပြည်ထောင်စု အဆင့်(JMC-U)၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်(JMC-S) နှင့် ဒေသဆိုင်ရာအဆင့်(JMC-L) ဟူ၍ အဆင့်ဆင့်ဖွဲ့စည်း ထားပါသည်။
၂။ JMC အဆင့်ဆင့်၏ လုပ်ငန်းလမ်းညွှန်ပါ အခြေခံမူများ။ “ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ” အဆင့်ဆင့်သည် အောက်ပါအခြေခံမူများအတိုင်း ဆောင်ရွက် သွားရန် သဘောတူကြသည်-
- လုပ်ငန်းစဉ်တစ်ခုလုံးကို အကောင်အထည်ဖော်ရာတွင် ဘက်လိုက်မှု ကင်းခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် ဂုဏ်သိက္ခာရှိမှုတို့ကို အခြေခံရန်။
- နှစ်ဖက်အောက်ခြေအဆင့်တွင် ဖြစ်ပေါ်နိုင်သည့် ပဋိပက္ခများအား အင်အားသုံး ဖြေရှင်းခြင်းမပြုဘဲ ညှိနှိုင်းအဖြေရှာခြင်းနည်းလမ်းကို အသုံးပြုရန်။
- တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ပါ အခြေခံမူများ၊ ဦးတည်ချက်နှင့် ရည်ရွယ်ချက်များအတိုင်း စောင့်ထိန်းအကောင်အထည် ဖော်ရန်။
- တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်တွင် ဖော်ပြပါရှိသည့် နှစ်ဖက်အပြန်အလှန်ထားရှိသော ကတိကဝတ်များကို စောင့်ထိန်းရန်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ပွင့်လင်းမြင်သာခြင်း၊ တာဝန်ယူခြင်း၊ တာဝန်ခံခြင်း စသည့် နည်းလမ်းများဖြင့် အကောင်အထည်ဖော်ရန်။
- ငြိမ်းချမ်းရေးဆွေးနွေးဘက်များအကြား ဝိဝါဒကွဲပြားမှုများကို ရေရှည် တည်တံ့ခိုင်မြဲ သည့် ငြိမ်းချမ်းရေးရရှိရေး စိတ်ရင်းစေတနာမှန်ဖြင့် အကြေအလည်ညှိနှိုင်ဖြေရှင်း ဆောင်ရွက်ရန်။
-
အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနှင့် လူ့အခွင့်အရေး ဆိုင်ရာ ဥပဒေများကို အသိအမှတ်ပြုလေးစားရန်။
ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ
(JMC-U) ဖွဲ့စည်းပုံ
၃။ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေးမှ အောက်ပါအတိုင်း ဖွဲ့စည်းပေးခဲ့ပါသည်-
- ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီကို အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များနှင့် နှစ်ဖက်လက်ခံသော အများယုံကြည်လေးစားရသည့် အရပ်သားကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ထိုသို့ ဖွဲ့စည်းရာတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် များဘက်မှ ကိုယ်စားလှယ် ၁၀ ဦးစီဖြင့်လည်းကောင်း၊ နှစ်ဖက်အဆိုပြုထားသော အများယုံကြည်လေးစားသည့် အရပ်သားကိုယ်စားလှယ် ၃ ဦးစီဖြင့်လည်းကောင်း၊ စုစုပေါင်း ၂၆ ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။
- ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီကို အောက်ပါအတိုင်း တာဝန်များသတ်မှတ်၍ ဖွဲ့စည်းခဲ့ပါသည်-
(၁) ဥက္ကဋ္ဌ (အစိုးရ)
(၂) ဒုတိယဥက္ကဋ္ဌ(၁) (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း)
(၃) ဒုတိယဥက္ကဋ္ဌ(၂) (အရပ်သား)
(၄) အဖွဲ့ဝင်များ
(၅) အတွင်းရေးမှူး(၁) (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း)
(၆) အတွင်းရေးမှူး(၂) (အစိုးရ)
JMC အဆင့်ဆင့်ဖွဲ့စည်းမှု
၄။ JMC-U ဖွဲ့စည်းမှု။ JMC အား ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် အစိုးရမှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ဥက္ကဋ္ဌတာဝန်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ စောအိုင်းဇက်ဖိုး(KNU)က ဒုတိယဥက္ကဋ္ဌ တာဝန်တို့ကိုယူ၍ အဖွဲ့ဝင် ၂၆ ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ (NMSP) မှ NCA တွင် ပါဝင်လက်မှတ် ရေးထိုးခဲ့သဖြင့် အစိုးရမှ ၁၁ ဦး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ၁၁ ဦး၊ အရပ်သား ကိုယ်စားလှယ် ၆ ဦး၊ စုစုပေါင်း ၂၈ ဦး ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။