ဒီမိုကရေစီ ပထမအစိုးရလက်ထက် ၂၀၁၁ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့တွင် ကြေညာချက်အမှတ် (၁/၂၀၁၁)ဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ပါသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ထိရောက်သောငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ် နိုင်ရေးအတွက် ၁၇-၉-၂၀၁၁ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။ ၂၅-၁၁-၂ဝ၁၁ ရက်နေ့တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီးများ၊တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေချုပ်များ၊           တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရေးမှူးများ၊ တပ်မတော်မှ စစ်ဦးစီးမှူး (ပထမတန်း) များပါဝင်သည့် ပြည်နယ်အဆင့်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ဖွဲ့စည်းခဲ့ပါသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂၀၁၂ ခုနှစ်၊ မတ်လ ၁ ရက် ပြည်ထောင်စုလွှတ်တော်ခန်းမ၌ တာဝန်ထမ်းဆောင်မှု (၁)နှစ် ပြည့် အထိမ်းအမှတ် မိန့်ခွန်းပြောကြားပြီး ထာဝရငြိမ်းချမ်းရေးဖော်ဆောင်မည့် နိုင်ငံတော်၏ လမ်းပြမြေပုံ (Road Map) အား အောက်ပါအတိုင်း ချမှတ်ခဲ့ပါသည်-

ပထမအဆင့်      –     ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်း။

ဒုတိယအဆင့်     –     ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်း။

တတိယအဆင့် –  နိုင်ငံတော်တွင် အဓိကကျသည့် Political Player များ ပါဝင်သောလွှတ်တော်တွင်ဆွေးနွေးညှိနှိုင်းပြီး ငြိမ်းချမ်းရေးအတွက်သဘောတူ လက်မှတ်ရေးထိုးရန်နှင့် အကောင်အထည်ဖော် ဆောင်ရွက်ရန်။

        ၂၀၁၂ ခုနှစ်၊ မေလ ၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဥက္ကဋ္ဌအဖြစ် ပါဝင်သောအဖွဲ့ဝင် (၁၁)ဦးပါ ပြည်ထောင်စုငြိမ်းချမ်ရေးဖော်ဆောင်ရေးဗဟိုကော်မတီ (Union Peace Central Committee-UPCC) အား ဖွဲ့စည်းခဲ့ပါသည်။ ၂၀၁၂ ခုနှစ်၊ မေလ ၃ ရက်နေ့တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်ရန် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်သောအဖွဲ့ဝင် (၅၂) ဦးပါဝင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (Union Peace and Work Committee -UPWC) ဖွဲ့စည်းခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (Union Peace and Work Committee – UPWC)အား ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်တွင် မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟို ဌာန (Myanmar Peace Centre -MPC) အား ဖွဲ့စည်းခဲ့ပါသည်။

       တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိခဲ့ပါသည်။ ပြည်နယ်အဆင့် ၁၂ ဖွဲ့ လက်မှတ်ရေးထိုးခဲ့ပြီး ပြည်ထောင်စုအဆင့် ၁၄ ဖွဲ့ လက်မှတ်ရေးထိုးခဲ့ပါသည်။

            နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များမှ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့တွင် ကချင်ပြည်နယ် လိုင်ဇာတွင်ပြုလုပ်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ညီလာခံမှ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (Nationwide Ceasefire Coordination Team- NCCT)ကို အဖွဲ့ဝင် ၁၃ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ၂၀၁၅ ခုနှစ် ဇွန်လ ၂ ရက်မှ ၉ ရက်အထိ ကျင်းပသည့် လော်ခီးလာညီလာခံ၌ Senior Delegation (SD) အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့အား အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။

          UPWC မှ ကိုယ်စားလှယ်များနှင့် တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (Nationwide Ceasefire Coordination Team NCCT) တို့မှ ကိုယ်စားလှယ်များသည် ၂၀၁၄ ခုနှစ် မတ်လ ၉ ရက်မှ ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်ထိ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement NCA) အတည်ပြုမူကြမ်းရရှိရေး တရားဝင်တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြ ပါသည်။ UPWC မှ ကိုယ်စားလှယ်များနှင့် Senior Delegation (SD) အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ် အဖွဲ့တို့သည် ၂၀၁၅ ခုနှစ် ဇူလိုင် ၂၂ ရက်မှ ၂၄ ရက်ထိ တစ်ကြိမ်၊ ဩဂုတ်လ ၆ ရက်မှ ၇ ရက်အထိ တစ်ကြိမ် ထပ်မံတွေ့ဆုံခဲ့ပြီး အခန်း (၇)ခန်း အပိုဒ် ၃၃ ပိုဒ်ပါ သဘောတူစာချုပ် (မူကြမ်း)အား သဘော တူညီမှုရခဲ့ပါသည်။ NCA မူချောကို ၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၇ ရက်တွင် အတည်ပြုခဲ့ပါသည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ (၁၅) ရက်တွင် နိုင်ငံတော်သမ္မတ ဦးဆောင်သောအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင် (၈) ဖွဲ့ဖြစ်သည့် KNU၊ ABSDF၊ ALP၊ CNF၊ DKBA၊ KNU/KNLA-PC၊ PNLO၊  RCSS တို့နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။

         ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့မှ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် ပါဝင် လက်မှတ်ရေးထိုးခဲ့ပါသည်။

      ယခုအချိန်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း(၁၀)ဖွဲ့ရှိပြီ ဖြစ်ပါသည်။