တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက် ပူးတွဲအကောင်အထည်ဖော်ရေးဆိုင်ရာညှိနှိုင်းရေးအစည်းအဝေး (JICM)
JICM ၏ အခန်းကဏ္ဍ
၁။ JICM သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(Nationwide Ceasefire Agreement-NCA) စာချုပ်ပါအချက်အလက်များ အကောင်အထည်ဖော်နိုင်ရေး နှစ်ဖက် ခေါင်းဆောင် များ၏ ထိပ်သီးအစည်းအဝေးကျင်းပခြင်းဖြစ်ပြီး ငြိမ်းချမ်းရေးအကောင်အထည်ဖော်ရာတွင် အရေးကြီးဆုံး အစည်းအဝေးဖြစ်၍ ငြိမ်းချမ်းရေးဖြစ်စဉ်ပြီးဆုံးသည်အထိ တည်ရှိနေရမည့် အစည်းအဝေးဖြစ်ပါသည်။
JICM ဖွဲ့စည်းမှု
၂။ NCA လက်မှတ်ရေးထိုးပြီးနောက် JICM ကို အစိုးရအဖွဲ့မှ ဒုတိယသမ္မတနှင့် တပ်မတော် အစုအဖွဲ့မှ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ဦးစီး ၈ ဦး၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ၁ ဖွဲ့လျှင် ၁ ဦးစီနှင့် ၈ ဦးဖြင့်ကျင်းပပြီး အစည်းအဝေးကို ၃ လလျှင် ၁ ကြိမ်ကျင်းပရန်နှင့် အရေးပေါ်အစည်းအဝေးကို လိုအပ်သလို ခေါ်ယူကျင်းပရန် သဘောတူ ထားကြပါသည်။ မွန်ပြည်သစ်ပါတီ(NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) တို့ NCA တွင် ထပ်မံပါဝင်လက်မှတ်ရေးထိုးခဲ့ကြသဖြင့် အစိုးရအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တစ်ဖွဲ့လျှင် ၁၀ ဦးစီဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
JICM ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ
၃။ JICM ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) UPDJC ၊ JMC နှင့် အခြားလိုအပ်သော ကော်မတီများဖွဲ့စည်းခြင်း၊
(ခ) ကော်မတီများမှ မဖြေရှင်းနိုင်သည့် ကိစ္စရပ်များနှင့် ဝိဝါဒကွဲပြားမှုများကို ညှိနှိုင်း ဖြေရှင်းပေးခြင်း၊
(ဂ) စာချုပ်ပါအချက်များ အကောင်အထည်ဖော်မှုအပေါ် လိုအပ်သလို ဆန်းစစ်ခြင်း၊
(ဃ) JMC ၊ UPDJC နှင့် အခြားကော်မတီများ၏ လုပ်ငန်းလမ်းညွှန်များ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အတည်ပြုပေးခြင်း၊
(င) JMC မှ ရေးဆွဲသော Code of Conduct – CoC များကို အတည်ပြုပေးခြင်း။