ပြည်ထောင်စုအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် အောက်ပါတို့ကို ဤသဘောတူစာချုပ်၏ ဦးတည်ချက်နှင့် ရည်ရွယ်ချက်များအဖြစ် သဘောတူသည်-
- ဤစာချုပ်ကို လက်မှတ်ရေးထိုးသူများအကြား ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခြင်းအား လက်ခံ ဆောင်ရွက်ပြီးနောက် တရားမျှတမှုနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရေး တို့အတွက် နှစ်ဖက်သဘောတူထားသည့် နိုင်ငံရေးဆွေးနွေးရေးမူဘောင်ပေါ်တွင်အခြေခံ၍ ပါဝင်သင့်သူအားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ်ကို စတင်ရန်။
- ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခြင်းဆိုင်ရာ သဘောတူစာချုပ် အကောင်အထည်ဖော်ဆောင်မှုများ၊ ကျင့်ဝတ်စည်းကမ်းများအား လိုက်နာမှုကိုစောင့်ကြည့်ရေး၊ ချိုးဖောက်မှုများကို စုံစမ်း စိစစ်ရေးနှင့် ပဋိပက္ခများဖြေရှင်းရေးတို့ကို ဆောင်ရွက်ပေးနိုင်ရေးအတွက် “ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ” တစ်ရပ်ကို ဖွဲ့စည်းသွားရန်။
- ပြည်ထောင်စုအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ချုပ်ဆို ထားသော သဘောတူညီချက်များနှင့် ကတိကဝတ်များကို ထပ်လောင်းအတည်ပြုရန်။
- တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ တော်လှန်ရေးကို အခြေခံသည့် နိုင်ငံရေး ဆန္ဒကို နားလည်ခြင်းနှင့် ပြည်ထောင်စုစိတ်ဓာတ်ခိုင်မြဲမှုတို့ကို ဦးတည်လျက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်တွင် ပါဝင်သင့်ပါဝင်ထိုက်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး အတူတကွ ပါဝင်လက်မှတ်ရေးထိုးရန်။