You are currently viewing NSPNC ဦးစီး၍ “တွေ့ဆုံဆွေးနွေးမှုများမှ ငြိမ်းချမ်းသော နိုင်ငံတော်သစ်ဆီသို့” ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေးစကားဝိုင်း – ၂၀၂၅ (Peace Talk – 2025) ကျင်းပမည်

NSPNC ဦးစီး၍ “တွေ့ဆုံဆွေးနွေးမှုများမှ ငြိမ်းချမ်းသော နိုင်ငံတော်သစ်ဆီသို့” ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေးစကားဝိုင်း – ၂၀၂၅ (Peace Talk – 2025) ကျင်းပမည်

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (National Solidarity and Peacemaking Negotiation Committee – NSPNC) က ကြီးမှူး၍ “တွေ့ဆုံဆွေးနွေးမှုများမှ ငြိမ်းချမ်းသော နိုင်ငံတော်သစ် ဆီသို့ (Towards a New Peaceful Nation through Constructive Dialogue)” ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေးစကားဝိုင်း – ၂၀၂၅ (Peace Talk – 2025) ကို ၂၀၂၅ ခုနှစ်၊ မတ်လ ၂၄ ရက်မှ ၂၆ ရက်အထိ နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (M.I.C.C – II) တွင် ကျင်းပမည်ဖြစ်ပါသည်။

အဆိုပါ Peace Talk – 2025 ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ “မြန်မာနိုင်ငံ၏ လက်ရှိပကတိအခြေအနေများ၊ ပဋိပက္ခများ၊ ပြည်တွင်းပြည်ပ ပယောဂ အဖျက်အမှောင့် ဆောင်ရွက်နေမှု ဖြစ်စဉ်များအပေါ် နိုင်ငံ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ပြန်လည်သင့်မြတ်ရေးနှင့် သဟဇာတ ဖြစ်ရေးတိုးအတွက် ကဏ္ဍအသီးသီးမှ ပုဂ္ဂိုလ်များက အတွေ့အကြုံများ၊ အမြင်များ မျှဝေခြင်းနှင့် အလွတ်သဘော ကျယ်ပြန့်စွာ ဆွေးနွေးနိုင်ရန်” ဖြစ်ပြီး ဆောင်ပုဒ်မှာ “တွေ့ဆုံဆွေးနွေးမှုများမှ ငြိမ်းချမ်းသော နိုင်ငံတော်သစ်ဆီသို့ (Towards a New Peaceful Nation through Constructive Dialogue)” ဖြစ်ပြီး Theme အဖြစ် “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော အနာဂတ်ပြည်ထောင်စု တည်ဆောက်နိုင်ရန် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို ပုံဖော်ခြင်း” ဟု သတ်မှတ်ထားပါသည်။

ယင်းအခမ်းအနားသို့ ငြိမ်းချမ်းရေးနှင့် ပတ်သက်ဆက်နွှယ်သည့် အစုအဖွဲ့၊ အလွှာအသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် အစိုးရဌာနများမှ ဖိတ်ကြားထားသည့် ပုဂ္ဂိုလ်များ ပါဝင်တက်ရောက်မည်ဖြစ်ပြီး အခမ်းအနားကို ကဏ္ဍ ၂ ရပ်ဖြင့် ကျင်းပမည် ဖြစ်ပါသည်။ ပထမကဏ္ဍမှာ နိုင်ငံရေးနှင့် လုံခြုံရေး ကဏ္ဍဖြစ်ပြီး ဒုတိယကဏ္ဍမှာ စီးပွားရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်ပါသည်။

Peace Talk – 2025 အခမ်းအနားကို အောက်ပါ ရည်ရွယ်ချက် (Objective) ၃ ရပ်ဖြင့် ကျင်းပခြင်း ဖြစ်ပါသည် –

           (က)   ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်တွင် ကဏ္ဍအသီးသီးမှ ထင်ပေါ် ကျော်ကြားသူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များမှ ပိုမို အာရုံစိုက် ပါဝင်လုပ်ဆောင်လာနိုင်စေရန်။ (Influence of Peace in Multiple Sectors)

           ( ခ )  ငြိမ်းချမ်းရေးအတွက် အကြမ်းမဖက်သော နည်းလမ်းဖြင့် ဆောင်ရွက် ခြင်းသည်သာလျှင် ရေရှည်တည်တံ့မည်ဖြစ်ကြောင်းကို လူထုအကြား အသိအမြင် တိုးမြှင့်လာစေရန်။ (Promoting Non-Violence Solutions for Sustainable Peace)

           ( ဂ )  နိုင်ငံအတွင်း ပဋိပက္ခများ အမြန်ဆုံးလျှော့ချပြီး နိုင်ငံရေး၊ စီးပွားရေး ပိုမိုကောင်းမွန်တိုးတက်လာစေနိုင်မည့် ရေတို၊ ရေရှည်လုပ်ငန်းစဉ်များ ဖော်ထုတ်နိုင်ရန်။ (Identifying Short-term and Long-term Measure for De-escalation of Armed Conflicts and Political Deadlock)

         အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) သည် Peace Talk – 2025 အခမ်းအနား၌ ငြိမ်းချမ်းရေးဆိုင်ရာ အလွှာအသီးသီး၏ အမြင်သဘောထားများနှင့် အကြံပြုချက်များကို စုစည်း လေ့လာပြီး ငြိမ်းချမ်းရေးတွင် ပါဝင်သူများအကြား ယုံကြည်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ကာ ၂၀၂၅ အလွန် ဖြစ်ပေါ်လာမည့် နိုင်ငံရေးအခြေအနေ များနှင့် လိုက်လျောညီထွေဖြစ်စေမည့် ငြိမ်းချမ်းရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ဖော်ထုတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။