You are currently viewing နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် ထံမှ ၂၀၂၅ ခုနှစ်၊ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ(၄-၁-၂၀၂၅)

နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် ထံမှ ၂၀၂၅ ခုနှစ်၊ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ(၄-၁-၂၀၂၅)

ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများခင်ဗျား ယနေ့ဇန်နဝါရီလ (၄) ရက်နေ့တွင်ကျရောက်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ နေ့ထူးနေ့မြတ်မင်္ဂလာအခါသမယ၌ တိုင်းရင်းသားပြည်သူများအားလုံး စိတ္တသုခ၊ ကာယသုခနှစ်ဖြာသောသုခနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။

မြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းများစွာကတည်းက ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်ပိုင်နက်နယ်မြေ၊ ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းဖြင့် လွတ်လပ်သည့်နိုင်ငံအဖြစ် ဝင့်ထည်စွာရပ်တည်ခဲ့ပါသည်။ ကိုယ်ပိုင်ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ဓလေ့ထုံးတမ်းတို့ကို တင့်တယ်စွာပိုင်ဆိုင်ခဲ့ပါသည်။ ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံးတို့သည် တစ်အူထုံ့ဆင်းသွေးသားရင်းပမာ ချစ်ကြည်လေးစားကြလျက် တစ်မြေတည်းနေတစ်ရေတည်းသောက်ကာ အေးအတူပူအမျှ၊ ဥမကွဲသိုက်မပျက် စည်းလုံးညီညွတ်စွာ နေထိုင်ခဲ့ကြပါသည်။

ဤသို့ နေထိုင်ခဲ့ကြရာမှ ကိုလိုနီနယ်ချဲ့သမားများက သယံဇာတပေါကြွယ်ဝသည့် မြန်မာနိုင်ငံကို ၁၈၂၄ ခုနှစ်၊ ၁၈၅၂ ခုနှစ်၊ ၁၈၈၅ ခုနှစ်တို့တွင် မတရားကျူးကျော်စစ် ၃ ကြိမ်တိုင်တိုင် ဆင်နွှဲခဲ့ပြီးနောက် နိုင်ငံတော်၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို လက်လွတ်ဆုံးရှုံးခဲ့ရပါသည်။

ပြည်ထောင်စုဖွားတိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ကိုလိုနီနယ်ချဲ့သမားများနှင့်ဖက်ဆစ်တို့ကို အမျိုးသားရေးဇာတိမာန်အရင်းခံသော ပြည်ထောင်စုစိတ်ဓာတ်ဖြင့် သွေးစည်းညီညွတ်စွာ တွန်းလှန်တိုက်ထုတ်ခဲ့ခြင်းကြောင့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် လွတ်လပ်ရေးရရှိကာ အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ပြန်လည်ရပ်တည်နိုင်ခဲ့သည်မှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် (၇၇)နှစ်တိုင်ခဲ့ပြီဖြစ်ပါသည်။

မြန်မာနိုင်ငံသည် လွတ်လပ်သောအချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ဝင့်ထည်နိုင်ခဲ့ပါသော်လည်း နယ်ချဲ့သမားတို့ သွေးခွဲချန်ထားရစ်ခဲ့သော မီးကြွင်းများတညီးညီးတောက်လောင်ခဲ့သည်မှာ ယနေ့ထက်တိုင်ပင်ဖြစ်ပါသည်။

ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကို မောင်နှမများခင်ဗျား

မြန်မာနိုင်ငံတွင် သမိုင်းရှည်ကြာဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခများအဆုံးသတ်နိုင်ရန်၊ နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့်ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးကို တည်ဆောက်ရန်အတွက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။ တပ်မတော်အနေဖြင့် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲကြောင်းကို အကြိမ်ပေါင်းများစွာထုတ်ပြန်ကြေညာခဲ့ပြီး နိုင်ငံတော်အစိုးရအနေဖြင့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖြစ်သော တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ရန်ဖိတ်ခေါ်မှုများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါသည်။ သို့သော်လည်း NCA တွင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) အချို့သည် NCA ပါ ကတိကဝတ်များကိုလိုက်နာမှုမရှိဘဲ ချိုးဖောက်နေကြသည်ကိုလည်း တွေ့ရှိနေရပါသည်။

မြန်မာနိုင်ငံတွင်ဖြစ်ပေါ်လျက်ရှိသော ပဋိပက္ခများနှင့်လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်မှုများမှာ နိုင်ငံရေးအမြင်မတူညီမှုများကို အခြေခံသကဲ့သို့ တသီးတခြားရပ်တည်လိုစိတ်နှင့် အတ္တအကျိုးစီးပွားကိုသာ ရှေ့တန်းတင်ခဲ့ခြင်းကြောင့်လည်း ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါသည်။ နယ်မြေဒေသအသီးသီးတွင် လက်နက်ကိုင်သောင်းကျန်းသူများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များပျက်သုဉ်းကာ ဆင်းရဲဒုက္ခရောက်ခဲ့ကြရပါသည်။ အကြမ်းဖက်မှုများ၏ နောက်ကွယ်တွင် အမျိုးမျိုးသောပံ့ပိုးမှုများ ပါဝင်ပတ်သက်နေသည်ကိုလည်း နိုင်ငံသားတိုင်းသတိချပ်သင့်ကြပါသည်။

နိုင်ငံတော်အား ဆန့်ကျင်တိုက်ခိုက်နေသည့်အဖွဲ့များအနေဖြင့် လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်သည့်လမ်းစဉ်ကိုစွန့်လွှတ်ကာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် ကမ်းလှမ်းဖိတ်ခေါ်လျက်ရှိပါသည်။ လက်နက်ကိုင်အကြမ်းဖက်တောင်းဆိုမှုများအပေါ် လိုက်လျောဖြေရှင်းပေးသွားမည် မဟုတ်ကြောင်းကိုလည်း အတိအလင်းကြေညာထားပြီးဖြစ်ပါသည်။ သို့ဖြစ်၍ “ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် လက်နက်ကိုင်ပဋိပက္ခများနှင့် သဘောထားကွဲလွဲမှုများကို ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက် သွားကြရန်” တိုက်တွန်းအပ်ပါသည်။

ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကို မောင်နှမများခင်ဗျား

မြန်မာတိုင်းရင်းသားတို့သည် အရေးကြီးသည့်အခါ သွေးနီး၍ အရေးကြုံတော့သွေးဆုံကာ ပြည်နယ်၊ ပြည်မမခွဲခြားဘဲ တစ်သွေးတစ်သားတည်း တစ်အူထုံ့ဆင်း ဆွေမျိုးရင်းစိတ်ဓာတ်ဖြစ်သော ပြည်ထောင်စုစိတ်ဓာတ်ဖြင့် လွတ်လပ်ရေးကို အရယူနိုင်ခဲ့ကြပါသည်။ ပြည်ထောင်စုစိတ်ဓာတ်သည် အတိတ်သမိုင်း၏ လွတ်လပ်ရေးကြိုးပမ်းမှုတွင် အရင်းခံဖြစ်သကဲ့သို့ အနာဂတ်ဒီမိုကရေစီနိုင်ငံတော်ကို ထိန်းသိမ်းစောင့်ရှောက်ရေး၏ အခြေခံအုတ်မြစ်လည်းဖြစ်ပါသည်။

ယနေ့ ကမ္ဘာ့ရေးရာအခြေအနေများမှာ လွန်စွာနက်နဲရှုပ်ထွေးလာနေသောကြောင့် နိုင်ငံသူ၊ နိုင်ငံသားတို့၏ စည်းလုံးညီညွတ်မှုအားဖြင့်သာ ရင်ဆိုင်နိုင်မည်ဖြစ်ပါသည်။ “နွားကွဲလျှင် ကျားဆွဲ” ဟူသော စကားပုံရှိပါသည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်လျက်ရှိကြသော မြန်မာနိုင်ငံတွင် လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှုများ၊ ရပ်ရွာပြည်သူလူထုကို အကြောက်တရားကိန်းအောင်းစေရန် အနိုင်ကျင့်ဗိုလ်ကျမှုများ၊ တရားဥပဒေစိုးမိုးမှုနှင့် အစိုးရ၏အုပ်ချုပ်ရေးယန္တရားပျက်စီးအောင် အဖျက်အမှောင့်လုပ်ငန်းဆောင်ရွက်မှုများသည် နိုင်ငံတော်ကိုအားအင်ချည့်နဲ့စေကာ နိုင်ငံလွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို ထိပါးစေနိုင်ပါသည်။ အမိမြန်မာနိုင်ငံတော်ကြီး ကမ္ဘာတည်သရွေ့တည်တံ့နေစေရေးအတွက် ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ကြရန် အရေးကြီးပါသည်။ ခေတ်အဆက်ဆက် အသက်၊ သွေး၊ ချွေးများ ရင်းနှီးပေးဆပ်ခဲ့သော မြန်မာ့တပ်မတော်နှင့် မျိုးချစ်ပြည်သူများက ဦးဆောင်ဆင်နွှဲနေသည့် တရားသောစစ်အောင်မြင်ရေးအတွက် ပြည်သူတစ်ရပ်လုံးက ယုံကြည်စွာဝန်းရံပေးကြရန် လိုအပ်ပါသည်။

နိုင်ငံတော်၏ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာကို ကာကွယ်ထိန်းသိမ်းရေးမှာ ပြည်ထောင်စုသားအားလုံး၏ မွေးရာပါတာဝန်ဖြစ်သောကြောင့် “နိုင်ငံသူ၊ နိုင်ငံသားအားလုံးတို့က စည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ နိုင်ငံတော်ကို ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ထိန်းသိမ်းသွားကြပါရန်” အလေးအနက်တိုက်တွန်းအပ်ပါသည်။

ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကို မောင်နှမများခင်ဗျား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပရန်ဖြစ်ပါသည်။ ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက် မှ (၁၅)ရက်အထိ ဆောင်ရွက် ခဲ့ပြီး တိကျမှန်ကန်သည့် အတည်ပြုလူဦးရေစာရင်းကို ဆက်လက်ပြုစု၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မဲပေးပိုင်ခွင့်ရှိသူ မဲစာရင်းပြုစုနိုင်ရေး ပေးပို့သွားရန်ဆောင်ရွက်လျက်ရှိပါသည်။ စည်းစနစ်ကျနသည့်၊ တရားမျှတပြီးသိက္ခာရှိသည့် အထွေထွေရွေးကောက်ပွဲဖြစ်စေရေးနှင့် ရွေးကောက်ပွဲမှထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားလိုပါသည်။

“စစ်မှန်စည်းကမ်း ပြည့်ဝသောဒီမိုကရေစီစနစ် ဖြစ်ပေါ်လာစေရေးအတွက် တရားမျှတသော၊ သိက္ခာရှိသော၊ နည်းလမ်းကျနမှန်ကန်မှုရှိသော အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး” အတွက် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများခင်ဗျား

နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများကို အခက်အခဲအကျပ်အတည်းများကြုံတွေ့ရပါက ရပ်တန့်နေ၍မရဘဲ ရှေ့သို့ ဆက်လက်လှမ်းချီနေရမည်ဖြစ်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံရေးသည်စီးပွားရေးပင်ဖြစ်သည်ဟုခံယူကာ ပြည်သူများစားဝတ်နေရေးပြေလည်မှုမှတစ်ဆင့် လူနေမှုအဆင့်အတန်းမြင့်မားလာပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် အဓိကရည်မှန်းချက်ထား၍ ဆောင်ရွက်လျက်ရှိပါသည်။

နိုင်ငံ့စီးပွားကောင်းမွန်ရေးအတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသောကုန်ထုတ်စွမ်းအားကို ဦးစားပေးမြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုနှင့်စက်မှုလုပ်ငန်းများကို ပိုမိုလည်ပတ်စေနိုင်ပြီး ထိုမှတစ်ဆင့် ဝန်ဆောင်မှုလုပ်ငန်းများလည်း တိုးတက်လာမည်ဖြစ်သောကြောင့် နိုင်ငံ၏ GDP တိုးတက်လာနိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံ့လူဦးရေ ၅၀ ရာခိုင်နှုန်းခန့်၏ လူမှုဘဝများဖွံ့ဖြိုးရေးကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါသည်။ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်နိုင်ရေးအတွက် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်လျက်ရှိပါသည်။

တိုင်းပြည်တစ်ပြည်တိုးတက်ရေး၏ အခြေခံလိုအပ်ချက်မှာ ပညာတတ်များပေါကြွယ်ဝခြင်းပင်ဖြစ်ပါသည်။ သို့ဖြစ်ပေရာ အသိပညာ၊ အတတ်ပညာ ပြည့်စုံသောလူသားအရင်းအမြစ်များ ပျိုးထောင်နိုင်ရေးအတွက် လူတိုင်းအနည်းဆုံး KG+9 ပြီးမြောက်အောင်မြင်ရန် မသင်မနေရ ပညာရေးစနစ်ကို အကောင်အထည်ဖော်လျက်ရှိပါသည်။ KG+9 တက်ရောက်အောင်မြင်ပြီးပါက အခြေခံပညာစိုက်ပျိုးမွေးမြူ ရေးနှင့် စက်မှုအထက်တန်းကျောင်းများသို့ တက်ရောက်နိုင်ပြီး သတ်မှတ်အရည်အချင်းပြည့်မီပါက သက်ဆိုင်ရာတက္ကသိုလ်၊ ကောလိပ်များသို့ ဆက်လက်တက်ရောက် ပညာသင်ယူခွင့်ရရှိမည်ဖြစ်ပါသည်။

“ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဆိုသည့်အတိုင်း ပြည်တွင်းစီးပွားရေးအား၊ ပြည်တွင်းနိုင်ငံရေး ခိုင်မာမှုအင်အား၊ ပြည်တွင်းကာကွယ်ရေးစွမ်းပကားဟူသော အား သုံးအားကို ကြိုးစား တည်ဆောက်သွားမည်ဖြစ်ပါသည်။ သို့ဖြစ်၍ “ပြည်ထောင်စုကြီးတစ်ခုလုံး ဘက်စုံထောင့်စုံ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူတစ်ရပ်လုံး၏ စုပေါင်းအားဖြင့် ဆောင်ရွက်ကြပါရန်” တိုက်တွန်းအပ်ပါသည်။

ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကို မောင်နှမများခင်ဗျား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ “ရှေ့သို့ချီမည်ပန်းတိုင်ဆီ” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ နိုင်ငံ့အကျိုး၊ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏အကျိုးကိုရှေးရှုပြီး ပိုမိုကောင်းမွန်သော နိုင်ငံတော်နှင့်လူမှုစီးပွားဘဝများကို ကြိုးစားတည်ဆောက်ပေးသွားမည် ဖြစ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံရေးတွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို အရင်းမူလထားကာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုရိုသေလေးစားလျက် နိုင်ငံရေးဦးတည်ချက် (၄) ရပ်ကို ချမှတ်အကောင်အထည် ဖော်လျက်ရှိပါသည်။

ရှေ့သို့လှမ်းချီရာတွင် နိုင်ငံ့စီးပွားရေးကိုမြှင့်တင်ပေးခြင်းသည် အကောင်းဆုံးမောင်းနှင်အားပင် ဖြစ်ပါသည်။ နိုင်ငံ၏ကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးတက်လာစေရန် အားပေးခြင်းဖြင့် နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေးတို့ကို အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။

တပ်မတော်သည် ပြည်သူလူထုမှပေါက်ဖွားလာသော ပြည်သူ့တပ်မတော်ဖြစ်ပြီး နိုင်ငံတော်ကိုကာကွယ်ရန် အစွမ်းကုန်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ တပ်မတော်နှင့်ပြည်သူ တစ်သားတည်းရပ်တည်မှုသည် နိုင်ငံတော်ကာကွယ်ရေးအတွက် အခြေခံပံ့ပိုးမှုတစ်ရပ်ဖြစ်ပါသည်။

မြန်မာနိုင်ငံသားအားလုံး မြန်မာစိတ်မွေးပြီး “ငါတို့အားလုံးသည် မြန်မာ” (We are Myanmar) ဟူသောစိတ်၊ တစ်သွေးတစ်သားတည်း စည်းလုံးညီညွတ်သော အမျိုးသားစိတ်ဓာတ်ဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွဲအကောင်အထည်ဖော်ကြရန် သန္နိဋ္ဌာန်ချဆောင်ရွက်ကြရပါမည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးဟူသော အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်ကို အကောင်အထည်ဖော်လျက်ရှိပါသည်။

တိုင်းပြည်သာယာဝပြောရေးသည် တည်ငြိမ်အေးချမ်းရေးနှင့် တိုက်ရိုက်ဆက်စပ်နေသော အရေးကိစ္စဖြစ်သကဲ့သို့ တည်ငြိမ်အေးချမ်းရေးသည်လည်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုက်ရိုက်ပတ်သက်နေသော ကိစ္စဖြစ်ပါသည်။ ထို့ကြောင့် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို တစ်ပြိုင်တည်းဆောင်ရွက်လျက်ရှိပါသည်။

စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်ရေး၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး၊ ဝါသီးနှံ အထွက်တိုးရေးတို့ကိုဆောင်ရွက်လျက်ရှိပါသည်။ တောင်သူတစ်ဦးချင်း ဝင်ငွေတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးစီမံကိန်းများကို တိုးချဲ့အကောင်အထည်ဖော်လျက် ရှိပါသည်။

နိုင်ငံ့ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ဝတ်စုံစရိတ်နှင့် အိမ်ငှားစရိတ်များ၊ အပိုထောက်ပံ့ကြေးငွေများ ခံစားခွင့်ပြုခဲ့သည့်အပြင် နေထိုင်မှုအဆင်ပြေစေရေးအတွက် ဝန်ထမ်းအိမ်ရာများ တိုးချဲ့ဆောက်လုပ်ပေးလျက်ရှိပါသည်။ ဆရာဆရာမများအား ပညာအရည်အချင်းအလိုက် ချီးမြှင့်ငွေများလစဉ်ပေးအပ်သကဲ့သို့ ကျောင်းသားကျောင်းသူများ၏ ပညာသင်ထောက်ပံ့ကြေးများကို တိုးမြှင့်ပံ့ပိုးပေးလျက်ရှိပါသည်။

အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းကာကွယ်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရေးတို့ အတွက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို ပြန်လည်ကျင်းပပေးလျက်ရှိသကဲ့သို့ နိုင်ငံတစ်ဝန်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်လျက်ရှိပါသည်။ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးအတွက် “ဆေးရုံရှိလျှင် ဆရာဝန်ရှိရမည်” ဟူသော မူဝါဒကို ချမှတ်အကောင်အထည်ဖော်လျက်ရှိသကဲ့သို့ အမျိုးသားအားကစားပွဲတော်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် အောင်မြင်စွာကျင်းပခဲ့ကာ ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားကျောင်းသူများဖြစ်လာစေရန် ပျိုးထောင်ပေးလျက်ရှိပါသည်။

သို့ဖြစ်၍ ပြည်သူလူထုအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့်အတူ “ရှေ့သို့ချီမည်ပန်းတိုင်ဆီ” ဆိုသည့်ဆောင်ပုဒ်အတိုင်း “နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊ အမျိုးသားရေးစရိုက်လက္ခဏာနှင့် အမျိုးသားစိတ်ဓာတ်မြှင့်တင်ရေးတို့အတွက် ခိုင်မာသည့် ဇွဲ၊ လုံ့လ၊ ဝီရိယထားပြီး စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းဖော်ဆောင်” ကြစေလိုပါကြောင်း အလေးပေးကာ နှိုးဆော်အပ်ပါသည်။

၂၀၂၅ ခုနှစ်၊ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၅)ရပ်ကို ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံးက သွေးစည်းညီညွတ်စွာဖြင့် အလေးအနက်ထား၍ အကောင်အထည်ဖော်ဆောင်ရွက်သွားကြပါရန် တိုက်တွန်းနှိုးဆော်လျက် သဝဏ်လွှာပေးပို့အပ်ပါသည်။

မှီငြမ်း။ ပြန်ကြားရေးဝန်ကြီးဌာန