You are currently viewing Peace Forum 2025 တွင် NSPNC ဥက္ကဋ္ဌ ပြောကြားသည့် အဖွင့်အမှာစကား (၂၅-၆-၂၀၂၅)

Peace Forum 2025 တွင် NSPNC ဥက္ကဋ္ဌ ပြောကြားသည့် အဖွင့်အမှာစကား (၂၅-၆-၂၀၂၅)

ယနေ့ကျင်းပပြုလုပ်တဲ့ Peace Forum 2025 အခမ်းအနားကို တက်ရောက်လာကြတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တပ်မတော် အရာရှိကြီးများ၊ နိုင်ငံခြားသံရုံးများမှ သံတမန်များ၊ ပြည်တွင်း/ ပြည်ပမှ ပညာရှင်များ၊ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ ပါဝင်သင့်ပါဝင်ထိုက်သူများ၊ ဖိတ်ကြားထားသူ ဧည့်သည်တော် များအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံပါစေလို့ ဦးစွာပထမ နှုတ်ခွန်းဆက်သအပ်ပါတယ်။

ယနေ့ကျင်းပတဲ့ အခမ်းအနားဟာ မိမိတို့နိုင်ငံရဲ့ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကြိုးပမ်းဆောင်ရွက်ရာမှာ မှတ်တိုင်တစ်ခုအဖြစ် စိုက်ထူနိုင်မှာဖြစ်တဲ့အတွက် မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ နေ့တစ်နေ့ ဖြစ်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒီကနေ့ကျင်းပတဲ့ အခမ်းအနားကတစ်ဆင့် ကျွန်တော်တို့နိုင်ငံအတွက် မဖြစ်မနေလိုအပ်နေတဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုနဲ့ပတ်သက်ပြီး ဆွေးနွေးအဖြေရှာ သုံးသပ်ဖော်ထုတ်ပြီး အပြုသဘောဆောင်တဲ့ အကြံပြုချက်များ ပြုလုပ်သွား ကြမှာဖြစ်ပါတယ်။

အဲဒီလို ဆောင်ရွက်တဲ့နေရာမှာ နိုင်ငံတော်ရဲ့ အကျိုးအတွက် အမြော်အမြင်ရှိရှိနဲ့ အနာဂတ်အရေးကို ရှေးရှုပြီး ပြည်သူများအားလုံးရဲ့ အကျိုးစီးပွားကို ဖော်ဆောင်လိုတဲ့ စိတ်စေတနာနဲ့ ငြိမ်းချမ်းရေး တွေ့ဆုံ ညှိနှိုင်းဆွေးနွေးမှုများကို ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ပကတိအခြေအနေကို သိမြင်ပြီး နိုင်ငံသားအားလုံးက မိမိတို့နိုင်ငံ တည်ဆောက်ရေးမှာ တစ်တပ်တစ်အား ပါဝင်ကြရမှာ ဖြစ်ပါတယ်။ တွေ့ကြုံ လာတဲ့အခက်အခဲများကိုလည်း နိုင်ငံသားအချင်းချင်း ညှိနှိုင်းတိုင်ပင် ဆွေးနွေးပြီး ဖြစ်သင့်ဖြစ်ထိုက်သည်များကို ပေါင်းစပ်ဆောက်ရွက်ကြရမှာ ဖြစ်ပါတယ်။ နိုင်ငံတစ်ခုဆိုတာ မိသားစုတစ်ခုလိုပါဘဲ။ မိမိတို့၏ မိသားစုဘဝ ကြီးပွားတိုးတက်ရေးအတွက် မိသားစုဝင်အားလုံး စည်းလုံးညီညွတ်စွာဖြင့် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ပြီး မိမိတို့အချင်းချင်း အမြင်တူသည်များကို စုပေါင်းလုပ်ဆောင်၍ အမြင်မတူသည်များကို ညှိနှိုင်း ဖြေရှင်းကြရမှာ ဖြစ်ပါတယ်။ အရေးအကြီးဆုံးအချက်ကတော့  နိုင်ငံတော်ရဲ့ အကျိုးစီးပွားကို ဘုံရည်မှန်းချက်အဖြစ် ထားရှိဆောင်ရွက်ရေးဟာ အလွန် အရေးကြီးပါတယ်။

ဒါ့ကြောင့် နိုင်ငံသားအားလုံးအနေဖြင့် မိမိတို့တတ်စွမ်းသလောက်  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ပူးပေါင်းပါဝင်နိုင်စေဖို့ လိုအပ်သလို အရေးပါသော အကြံဉာဏ်များနဲ့ အကူအညီများပေးနိုင်သည့် နိုင်ငံတကာမှ မိတ်ဆွေများ ပူးပေါင်းပါဝင်လာရေးဟာလည်း ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ကြီးမားတဲ့ အထောက်အပံ့တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုများကို ပိုမိုကျယ်ပြန့်စွာဆောင်ရွက်ပြီး ညှိနှိုင်းဆွေးနွေးမှုနှင့် ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတို့မှတစ်ဆင့် ငြိမ်းချမ်းရေး ရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်ရေးကို ဦးတည်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ယနေ့ Peace Forum ကို တက်ရောက်လာကြတဲ့ ကျွန်တော်တို့ အားလုံးရဲ့ တာဝန်ဟာ အလွန်ကြီးမားပါတယ်။ ယခုနှစ်ကုန်မှာ ကျင်းပမယ့် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတစ်ရပ်အောင်မြင်စွာ ကျင်းပနိုင်ဖို့၊ ရွေးကောက်ပွဲမတိုင်မီနဲ့ ရွေးကောက်ပွဲအလွန် အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်နိုင်ဖို့ အတွက် အပြန်အလှန် ယုံကြည်မှုတွေ တည်ဆောက်ပြီး လက်တွေ့ကျတဲ့ နည်းဗျုဟာတွေကို ဒီဖိုရမ်မှာ ဖော်ထုတ်နိုင်ကြမယ်လို့ ယုံကြည်ထားတဲ့အပြင် ကျွန်တော်တို့ နိုင်ငံရဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိဖို့ ဒီကနေ့ ကျင်းပပြုလုပ်တဲ့ Peace Forum မှ တန်ဖိုးမဖြတ်နိုင်တဲ့ အကြံဉာဏ်ကောင်းတွေ ထွက်ပေါ်လာလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်မျှော်လင့်ပါတယ်။

Peace Forum 2025 အခမ်းအနားကို ဇွန်လ ၂၅ ရက်မှ ၂၇ ရက်အထိ ၃ ရက်ကြာ ကျင်းပပြုလုပ်မှာဖြစ်ပြီး “ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့ ပေါင်းစည်းခြင်းမှ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော် သစ်ဆီသို့”ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့်လွတ်လပ်၍ တရားမျှတသော ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲများမှတစ်ဆင့် စည်းလုံးညီညွတ်သော ဖွံ့ဖြိုးတိုးတက်သည့် မြန်မာနိုင်ငံတော် တည်ဆောက်ရန် အတွက် လိုအပ်သော အခြေခံအုတ်မြစ်များ ခိုင်မာလာစေရေးအတွက် မည်ကဲ့သို့ ဆောင်ရွက်သင့်သည်များကို လေ့လာဆန်းစစ်ပြီး  ပြည်သူကို ဗဟိုပြုသော ခိုင်မာသည့်လမ်းကြောင်းများကို ဖော်ထုတ်ကြရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် Peace Forum မှတစ်ဆင့်  ရည်ရွယ်ချက် ၄ ရပ်ကို ထပ်ဆင့် အကျိုးဖြစ်ထွန်းစေရန်လည်း မျှော်လင့်ပါတယ်။ ပထမအချက်အနေနဲ့ “ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို မြှင့်တင်နိုင်ရန်” အတွက် မတူကွဲပြားသော Political Actor များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနဲ့ သက်ဆိုင်သူများအကြား အပြန်အလှန်ယုံကြည် နားလည်မှု၊ မြန်မာ့ငြိမ်းချမ်းရေးနှင့် ပြည်သူလူထု အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ပြီး ပွင့်လင်းမြင်သာစွာ ပါဝင်ဆွေးနွေးနိုင်စေခြင်း ဖြစ်ပါတယ်။ ဒုတိယအချက် အနေနဲ့ “ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက်ရန်” အတွက် အမျိုးသားစည်းလုံးညီညွတ်ရေး၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု များမြှင့်တင်ရေးနှင့် တိုင်းရင်းသားလူမျိုးစုအလိုက် နေရာဒေသအပေါ် မူတည်၍ မတူညီသော အမြင်များအပေါ်မှာ အလေးထားကာ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုများ၊ EAOs များ၊ နိုင်ငံရေးပါတီများ နိုင်ငံသားများနဲ့ တပ်မတော်တို့အကြား ယုံကြည်မှုတည်ဆောက်ရေးကို ပိုမိုအားကောင်း စေရန်ဖြစ်ပါတယ်။ တတိယအချက်အနေနဲ့ “လူသားချင်းစာနာမှုအကူအညီ များနှင့် လူမှုစီးပွားဘဝ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်” အတွက် ထိခိုက်လွယ်သောအုပ်စုများ (ပဋိပက္ခကြောင့် ထိခိုက်ခံစားရသူများ၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ)ကို အကာအကွယ်ပေးနိုင်ရေးအတွက် လက်ရှိ ဖြစ်ပေါ်နေသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနဲ့ လူမှုစီးပွားဘဝ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် နည်းဗျူဟာ များကို ဖော်ထုတ်သတ်မှတ်နိုင်စေခြင်းဖြစ်ပါတယ်။ နောက်ဆုံးအချက်အနေနဲ့ “နိုင်ငံတော် တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်နိုင်ရန်” အတွက် ရွေးကောက်ပွဲအလွန် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် နိုင်ငံတကာ၏ ပိတ်ဆို့မှု များနဲ့ သံတမန်ရေးရာတို့မှအစပြုကာ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာတို့တွင် နိုင်ငံတကာအသိုက်အဝန်းရဲ့ အခန်းကဏ္ဍကို ဖော်ထုတ် ဆွေးနွေးနိုင်စေရန်အတွက် အဓိကထား၍ ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။

နိဂုံးချုပ်အနေဖြင့် ယခုကျင်းပပြုလုပ်တဲ့ ငြိမ်းချမ်းရေးဖိုရမ်သည် မိမိတို့နိုင်ငံအတွက် အဓိကကျတဲ့ အချက်ကြီးများဖြစ်သော ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရွေးကောက်ပွဲတို့ကို ဦးတည်၍ ဆွေးနွေးသွားမှာဖြစ်ပြီး ဆွေးနွေးမှုမှတစ်ဆင့် မိမိတို့နိုင်ငံအတွက် ထူးခြားတဲ့ ရလဒ်ကောင်းများ ရရှိနိုင်ဖို့အတွက် မျှော်လင့်ပါတယ်။ ဒါ့ကြောင့် တက်ရောက်လာသည့် ကဏ္ဍအသီးသီးမှ ကျွမ်းကျင်နားလည်သည့် ပုဂ္ဂိုလ်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များအနေဖြင့် မိမိတို့နိုင်ငံ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ၊ ခြိမ်းခြောက်မှုများကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် စုပေါင်းအဖြေရှာ ဖော်ထုတ်ကြရမှာဖြစ်ပါတယ်။ မိမိတို့ရဲ့ဆန္ဒ၊ အကျိုးစီးပွားထက် ပြည်ထောင်စု နဲ့ တိုင်းရင်းသားပြည်သူများအားလုံးရဲ့ အကျိုးစီးပွားကို ရှေးရှု၍ စိတ်ရင်း စေတနာမှန်ကန်စွာဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းဆောင်ရွက် ပေးကြဖို့ တိုက်တွန်းနှိုးဆော်ရင်း နိဂုံးချုပ်အပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်…