နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် Army Operations Center ၊ NeighboringCountries Coordination Center(NCCC) ဌာန၏ အကြီးအကဲဖြစ်သူ General Kittisak Boonprathamchai ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၁၆-၁-၂၀၂၄ရက်တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခိုင်မာစေရေးဆက်လက် ဆောင်ရွက်သွားမည့်အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်သွားရောက်ခြင်း၊ ယဉ်ကျေးမှုအဖွဲ့အချင်းချင်း ထိတွေ့ဆက်ဆံခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသများ၌ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ သတင်းအချက်အလက်များဖလှယ်ရေးတို့တွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် တပ်မတော်အရာရှိကြီးများတက်ရောက်ကြပြီး ထိုင်းဘုရင့်ကြည်းတပ် ဦးစီးချုပ်ရုံး၊ အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့်အတူ ထိုင်းဘုရင့်တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်ကြည်းတပ်စစ်သံမှူး Senior Colonel Thanwit Yomchinda တို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
မှီငြမ်း။ ပြန်ကြားရေးဝန်ကြီးဌာန