You are currently viewing ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၂)

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၂)

ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း(၂)

၁။   ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးမှုမပြိုကွဲရေးနှင့် အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေး တို့ကို ရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့် အညီ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် တို့ကိုအခြေခံသည့်ပြည်ထောင်စု ကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်နိုင်ရေး အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ တတိယ အစည်းအဝေးအား နေပြည်တော်၌ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၁) မှ (၁၆) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။   ဤညီလာခံကြီးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က အဆိုပြုတင်သွင်းလာသော အခြေခံမူ အဆိုပြုချက်များအပေါ် ကဏ္ဍအလိုက်၊ အစုအဖွဲ့အလိုက် ဆွေးနွေးပွဲများကို အဆင့်ဆင့်ကျင်းပပြုလုပ်ပြီး ရရှိလာသောအဆိုပြုချက်များကို ပြည်ထောင်စုသဘော တူစာချုပ် အစိတ်အပိုင်းများအဖြစ် သဘော တူညီမှု ရရှိခဲ့ပါသည်။

၃။ ဤညီလာခံကြီးတွင်သဘောတူလက်မှတ်ရေးထိုးသော ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း (၂)နှင့် ဆက်လက်ဆွေးနွေးပြီး အဆင့်ဆင့်ရရှိလာမည့် သဘော တူညီချက် အစိတ်အပိုင်းအားလုံးကိုစုစည်း၍ ပြည်ထောင်စုသဘောတူစာချုပ်အဖြစ် လက်မှတ်ရေးထိုးကြမည် ဖြစ်သည်။

၄။ ဤညီလာခံကြီးတွင် ချုပ်ဆိုသော ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၂)မှာ-

  • နိုင်ငံရေးကဏ္ဍ အခြေခံမူ သဘောတူညီချက် (၄)ချက်၊
  • လူမှုရေးကဏ္ဍ အခြေခံမူ သဘောတူညီချက် (၇)ချက်၊
  • စီးပွားရေးကဏ္ဍ အခြေခံမူ သဘောတူညီချက် (၁)ချက်၊
  • မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ အခြေခံမူသဘောတူညီချက် (၂)ချက်၊ စုစုပေါင်း (၁၄) ချက်ဖြစ်ပြီး နောက်ဆက်တွဲ-(က)(ခ)(ဂ)(ဃ) ဖြင့် ဖော်ပြပါသည်။

၅။      အထက်ပါ သဘောတူညီချက်များကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်အပိုဒ် ၂၀ (င) အရ ပြည်ထောင်စုသဘောတူစာချုပ် အစိတ် အပိုင်း(၂)အဖြစ် ဤပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ တတိယ အစည်းအဝေးတွင် အစုအဖွဲ့ အသီးသီး၏ ခေါင်းဆောင်များနှင့် အသိသက်သေများက လက်မှတ်ရေးထိုးကြပါသည်။

နောက်ဆက်တွဲ(က)

နိုင်ငံရေးကဏ္ဍ အခြေခံမူ သဘောတူညီချက်

(၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်)

ကျား/မဆိုင်ရာ တန်းတူညီမျှမှု

၁။       ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုကိုတည်ဆောက် ရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ ကျား/မဆိုင်ရာ လိင်ကွဲပြားမှု ကိုအခြေခံသော ခွဲခြားဆက်ဆံခြင်းမရှိစေရေးနှင့် တန်းတူညီမျှမှုရှိစေရေးအတွက် မူဝါဒချမှတ် ရမည်။

၂။       ကဏ္ဍအသီးသီးတွင် အမျိုးသမီးများ အနည်းဆုံး (၃၀)ရာခိုင်နှုန်းပါဝင်ရေးကို အား ပေးရန်။

၃။       ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုကိုတည်ဆောက် ရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ကျား/မရေးရာ အခြေပြုအကြမ်းဖက်မှုများအား ကာကွယ်နိုင်သည့်မူဝါဒများကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ရန်။

၄။ ကျား/မဆိုင်ရာ တန်းတူညီမျှမှုကို အထောက် အကူပြုစေရန် အမျိုးသမီးများ၏ စွမ်းဆောင် ရည်ကို မြှင့်တင်ပေးရမည်။

နောက်ဆက်တွဲ(ခ)

စီးပွားရေးကဏ္ဍ အခြေခံမူ သဘောတူညီချက်

(၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်)

တိုင်းဒေသကြီး/ပြည်နယ်အစိုးရများသည် မိမိတို့တိုင်းဒေသကြီး/ ပြည်နယ်များအတွင်းရှိ အများ ပြည်သူအကျိုးစီးပွားများအတွက် ဦးစားပေးအကောင်အထည် ဖော်လုပ်ဆောင်နိုင်ရန် စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးရေးမူဝါဒနှင့်စီမံကိန်းများကို ရေးဆွဲချမှတ်ဖော်ဆောင်ခွင့်ရှိရမည်။ ထိုသို့ ရေးဆွဲရာတွင် ပြည်ထောင်စု စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးရေးမူဝါဒနှင့်စီမံကိန်းများကို သဟဇာတ ဖြစ်စေရေးနှင့် ဆက်စပ်သောအခြားတိုင်းဒေသကြီး/ပြည်နယ်များ၏ အကျိုးစီးပွားကို ထိခိုက်မှု မရှိစေရေး ထည့် သွင်းစဉ်းစားရန်။

နောက်ဆက်တွဲ(ဂ)

လူမှုရေးကဏ္ဍ အခြေခံမူ သဘောတူညီချက်

(၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်)

၁။       ပြန်လည်နေရာချထားရေး၊ ပြန်လည် ထူထောင်ရေး၊ လူမှုဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များအားဆောင်ရွက်ရာတွင် ဆုံးဖြတ်ချက် ချသည့်အဆင့်တိုင်းနှင့် အကောင်အထည်ဖော်မှုအဆင့်တိုင်းတွင်အမျိုးသမီးများအနည်းဆုံး (၃၀) ရာခိုင်နှုန်းပါဝင်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ရန်။

၂။      လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော အားလုံးအကျုံးဝင် ပညာရေးစနစ်ဖော်ဆောင်ရန်။

၃။    လူတိုင်း လက်လှမ်းမီလွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု (Universal Health Coverage) စနစ်ကို ဖော်ဆောင်ရန်။

၄။     မသန်စွမ်းသူများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များ အပါအဝင် အမျိုးသမီးများဆိုင်ရာ အခွင့် အရေးများအတွက် ဥပဒေများပြဋ္ဌာန်းပေးရန်။

၅။    လူမှုဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် လူမှုသဟဇာတ
(Social Cohesion) သဘောတရားများကို ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းစဉ်းစား
ဆောင်ရွက်ရန်။

၆။   မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအလွဲသုံးမှုဆိုင်ရာ အန္တရာယ် လျှော့ချရေး (Harm Reduction)၊ ကုသရေးနှင့် ပြန်လည်ထူထောင်ရေးအတွက်
ထိရောက်သော မူဝါဒများ ချမှတ်ဆောင်ရွက်ရန်။

၇။  ကလေးသူငယ် အခွင့်အရေးရရှိရန်နှင့် ကလေးသူငယ်ဘက်စုံဖွံ့ဖြိုးရေးအတွက်
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို လေးစားလိုက်နာရေးနှင့် ကလေး သူငယ်များအတွက် ကြီးလေး သောချိုးဖောက်မှု(၆)ချက် (Six Grave Violations)ပပျောက်ရေးကိုဦးတည်၍ စီမံချက် ချမှတ်ဆောင်ရွက်ရန်။

နောက်ဆက်တွဲ(ဃ)

မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍ အခြေခံမူ သဘောတူညီချက်

(၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်)

 အကာအကွယ်ပြုရေးဆိုင်ရာအစီအမံများ

၁။       နိုင်ငံအတွင်းရှိ မြေယာများကို နိုင်ငံသားများသာ ပိုင်ဆိုင်ခွင့်ရှိပြီး နိုင်ငံခြား သားနှင့် တရားမဝင် နေထိုင်သူများအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပိုင်ဆိုင်ခွင့် မရှိစေရ။

၂။      မြေယာကိုအသုံးပြု၍ စီမံကိန်းလုပ်ငန်းအမျိုးမျိုး ဖော်ဆောင်ရာတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုဆန်းစစ်ခြင်း၊ လူမှုရေးဆိုင်ရာ ထိခိုက်မှုဆန်းစစ်ခြင်း၊ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုဆန်းစစ်ခြင်းနှင့် ဒေသခံပြည်သူလူထုနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများကို ကြိုတင် ပြုလုပ်ရမည်။

 

မှီငြမ်းကိုးကား။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှ ဆုံးဖြတ်ချက်