ပြည်ထောင်စုသဘောတူစာချုပ်
အစိတ်အပိုင်း(၁)
၁။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးမှုမပြိုကွဲရေးနှင့် အချုပ် အခြာ အာဏာတည်တံ့ခိုင်မြဲရေးတို့ကိုရှေ့ရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့် အညီ တည်ဆောက်နိုင်ရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးအား နေပြည်တော်၌ ၂၀၁၇ ခုနှစ် မေလ (၂၄) မှ (၂၉) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။ ဤညီလာခံကြီးတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) က အဆိုပြုတင်သွင်းလာသော မူဝါဒအဆိုပြုချက်များအပေါ် ကဏ္ဍအလိုက်၊ အစုအဖွဲ့အလိုက် ဆွေးနွေးပွဲများကို အဆင့်ဆင့်ကျင်းပပြုလုပ်ပြီးရရှိလာသော အဆိုပြုချက်များကို ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းများအဖြစ် သဘောတူညီမှု ရရှိခဲ့ပါသည်။
၃။ ဤညီလာခံကြီးတွင် သဘောတူလက်မှတ်ရေးထိုးသော ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁)နှင့် ဆက်လက်ဆွေးနွေးပြီး အဆင့်ဆင့်ရရှိလာမည့် သဘောတူညီချက် အစိတ်အပိုင်းအားလုံးကိုစုစည်း၍ ပြည်ထောင်စုသဘောတူစာချုပ်အဖြစ် လက်မှတ်ရေးထိုးကြမည် ဖြစ်သည်။
၄။ ဤညီလာခံကြီးတွင် ချုပ်ဆိုသော ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၁)မှာ-
- နိုင်ငံရေးကဏ္ဍ မူဝါဒသဘောတူညီချက် (၁၂)ချက်၊
- စီးပွားရေးကဏ္ဍ မူဝါဒသဘောတူညီချက် (၁၁)ချက်၊
- လူမှုရေးကဏ္ဍ မူဝါဒသဘောတူညီချက် (၄)ချက်၊
- မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍ မူဝါဒသဘောတူညီချက်(၁၀)ချက်၊ စုစုပေါင်း (၃၇) ချက်ဖြစ်ပြီး နောက်ဆက်တွဲ-(က)(ခ)(ဂ)(ဃ) ဖြင့် ဖော်ပြပါသည်။
၅။ အထက်ပါသဘောတူညီချက်များကိုတစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်အပိုဒ် ၂၀ (င) အရ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁)အဖြစ်ဤပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် အစုအဖွဲ့အသီးသီး၏ ခေါင်းဆောင်များနှင့် အသိသက် သေများက လက်မှတ်ရေးထိုးကြပါသည်။
နောက်ဆက်တွဲ(က)
နိုင်ငံရေးကဏ္ဍမူဝါဒ သဘောတူညီချက်
(၂၀၁၇ ခုနှစ်၊ မေလ ၂၉ ရက်)
ဖက်ဒရယ်စနစ်တွင် အခြေခံရမည့်မူများ
၁။ အချုပ်အခြာအာဏာ။ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး ပြည်ထောင်စုတစ်ဝန်းလုံး၌ တည်သည်။
၂။ အချုပ်အခြာအာဏာကျင့်သုံးမှု။ နိုင်ငံ တော်အချုပ်အခြာအာဏာ၏ မဏ္ဍိုင်(၃) ရပ်ဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာတို့ကို ပိုင်းခြားကျင့်သုံးခြင်းနှင့် အချင်းချင်းအပြန် အလှန်ထိန်းကျောင်းခြင်းတို့ ပြုရမည်။
၃။ တန်းတူရေး။ တိုင်းရင်းသားလူမျိုးတိုင်း သည် နိုင်ငံရေးအရဖြစ်စေ၊ လူမျိုးရေးအရဖြစ်စေ၊ တန်းတူရည်တူ အခွင့်အရေးရှိရမည့်အပြင် ဘာသာစကား၊ စာပေ၊ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ ထုံးတမ်းများကို ထိန်းသိမ်းကာကွယ်မြှင့်တင်ခွင့်ရှိရမည်။
၄။ ဖက်ဒရယ်ပြည်ထောင်စုမူ(ဖွဲ့စည်းမှုနှင့် အာဏာခွဲဝေမှု)
- နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုအဖြစ် ဖွဲ့စည်းရမည်။
- ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကို တိုင်းဒေသကြီး/ ပြည်နယ်များဖြင့် ဖွဲ့စည်းရမည်။
- မှတ်ချက်။ တိုင်းဒေသကြီး/ပြည်နယ်များသည် အခွင့်အာဏာတန်းတူရှိရမည်။ အမည် နာမ သတ်မှတ်ချက်နှင့် ပတ်သက်၍ နောင်တွင် ဆက်လက်ဆွေးနွေးမည်။
- ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို တိုင်းရင်းသား လူမျိုးများ၏ အမည်ဖြင့် ဖွဲ့စည်းရမည်။
- နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မ(၃)ဖြာဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာ(၃)ရပ်ကို ပြည်ထောင်စု၊ တိုင်းဒေသကြီး/ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများသို့ ခွဲဝေအပ်နှင်းမည်။ ပြည်ထောင်စု၊ တိုင်းဒေသကြီး/ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ များအကြား ဥပဒေပြုရေးဆိုင်ရာ အာဏာများနှင့်ပူးတွဲအာဏာများကို နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေက ခွဲဝေအပ်နှင်းပေးရမည်။
- တိုင်းဒေသကြီး/ပြည်နယ်များကို ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရား စီရင်ရေးအာဏာတည်းဟူသော အာဏာ(၃)ရပ်စလုံးကို အပ်နှင်းစေရမည်။ ဥပဒေပြုရေးအာဏာကို ကျင့်သုံးနိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်၊ အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးနိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရနှင့် တရားစီရင်ရေးအာဏာကို ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ က အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များနှင့်အညီ လွတ်လပ်စွာကျင့်သုံးနိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော်ချုပ်တို့ကို ထူထောင်ခွင့်ရှိစေရမည်။
- ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများသည် ကောက်ခံရရှိထား သော အခွန်ငွေများ၊ ဖွံ့ဖြိုးရေးစီမံကိန်းများနှင့် အရင်းအမြစ်များကို ဥပဒေနှင့်အညီ မျှဝေခံစားခွင့် ရှိစေရမည်။
- ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်အကြားတွင်သော်လည်းကောင်း၊ တိုင်း ဒေသကြီး/ပြည်နယ် အချင်းချင်းအကြားတွင်သော်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အငြင်းပွားမှုများကိုဖြေရှင်းရန်အတွက် သီးခြားလွတ်လပ်သော နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို တည်ထောင်ထားရှိရမည်။
၅။ ပါတီစုံဒီမိုကရေစီစနစ်
- ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးရမည်။
- လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီ ကျင်းပရမည်။
နောက်ဆက်တွဲ(ခ)
စီးပွားရေးကဏ္ဍမူဝါဒ သဘောတူညီချက်
(၂၀၁၇ ခုနှစ်၊ မေလ ၂၉ ရက်)
ဖက်ဒရယ်စနစ် စီးပွားရေးဆိုင်ရာအခြေခံမူများ
၁။ ဈေးကွက်စီးပွားရေးစနစ်ကို ပီပြင်စွာ ဖော်ဆောင်ရေး
- ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာ ဖော်ဆောင်နိုင်ရေးအတွက် ပြည်ထောင်စု၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများက ခိုင်မာသည့် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ များနှင့် လုပ်ထုံးလုပ်နည်းများကို ရေးဆွဲပြဋ္ဌာန်းရန်။
- မှတ်ချက်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသဦးစီးအဖွဲ့များက မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ရေးဆွဲပြဋ္ဌာန်းနိုင်သည့်ဥပဒေများ ပေါ်ပေါက်လာ ပါက ဆောင်ရွက်ရန် ဖြစ်သည်။
- အဆိုပါမူဝါဒနှင့် ဥပဒေ၊ နည်းဥပဒေတို့နှင့်အညီ ပုဂ္ဂလိကစီးပွားရေးကဏ္ဍကို မြှင့်တင်ဖော်ဆောင်ရာတွင် လူနေမှုအဆင့်အတန်း မြင့်မားရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ လူမှုစီးပွားဖွံ့ဖြိုးမှု ကွာဟချက်များလျှော့ချနိုင်ရေးနှင့် ရေရှည်တည်တံ့ သော ဖွံ့ဖြိုးတိုးတက်ရေး (Sustainable Development) တို့ကို ဦးတည် ဆောင်ရွက်ရန်။
- ပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေမည့် စီးပွားရေးလုပ်ဆောင်မှုများကို ဥပဒေနှင့်အညီ တားဆီးကာကွယ်ရန်။
၂။ လူတစ်ဦးတစ်ယောက်ကဖြစ်စေ၊ အစုအဖွဲ့တစ်ခုကဖြစ်စေ စီးပွားရေးလက်ဝါးကြီး အုပ် ဆောင်ရွက်မှုများ မဖြစ်ပေါ်စေရေးအတွက် ဥပဒေများ ပြဋ္ဌာန်းပေးရန်။
၃။ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသ အသီးသီးတို့တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တန်းတူညီမျှသောအခွင့် အလမ်းများရရှိရေး ထိရောက်စွာဆောင်ရွက် ရန်။
၄။ ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရများအကြား ဘဏ္ဍာငွေနှင့် အခွန်ငွေများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ မျှတစွာခွဲဝေရန်။
၅။ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ ဦးစီးအဖွဲ့များအကြား စီးပွား ရေးဆိုင်ရာစီမံခန့်ခွဲပိုင်ခွင့်များကို ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ မျှတစွာခွဲဝေရန်။
၆။ နိုင်ငံတော်၏ ကာလတို၊ ကာလလတ်၊ ကာလရှည် စီးပွားရေးစီမံကိန်းများကို ပွင့်လင်း မြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် ချမှတ်ဆောင်ရွက်ရန်။
ဒေသန္တရဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံမူများ
၁။ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့်လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ပြည်ထောင်စု၊ တိုင်းဒေသကြီး/ ပြည် နယ်၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ များအကြား ညှိနှိုင်းပူးပေါင်း၍ ဒေသဆိုင်ရာ ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းများ (Regional Comprehensive Development Plans) ရေးဆွဲ အကောင်အထည်ဖော်ရန်။
မှတ်ချက်။ ပြည်ထောင်စုအစိုးရကချမှတ်သောမူဝါဒများနှင့်သော်လည်းကောင်း၊ ပြည်ထောင်စုဥပဒေများနှင့်သော်လည်းကောင်း မဆန့်ကျင်စေဘဲ ဆောင်ရွက်ရန်။
၂။ တိုင်းဒေသကြီး/ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရန် ပြည်တွင်းနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမြှင့်တင်ရေးအတွက် ဥပဒေများနှင့်အညီ ဆီလျော်သင့်မြတ်သည့်ဆွဲဆောင်မှုရှိသော အစီအစဉ်များရေးဆွဲချမှတ် အကောင်အထည်ဖော်ရန်။
နောက်ဆက်တွဲ(ဂ)
လူမှုရေးကဏ္ဍမူဝါဒ သဘောတူညီချက် (၂၀၁၇ ခုနှစ်၊ မေလ ၂၉ ရက်)
၁။ လက်နက်ကိုင် ပဋိပက္ခများကြောင့်လည်းကောင်း၊ လူတို့၏ပြုမူဆောင်ရွက်မှုနှင့် သဘာဝဘေးအန္တရာယ်များကြောင့် လည်းကောင်း ဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာရသူများကို ခွဲခြားဆက်ဆံမှုမရှိစေဘဲ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီလူ့အခွင့် အရေးကို လေးစားလိုက်နာပြီး ရေရှည်ရှင်သန်ရပ်တည်နိုင်ရေး(Durable Solution) ကို ဦးတည်၍ စနစ်တကျ အစီအစဉ်များချမှတ်လုပ်ဆောင်ရန်။
၂။ လက်နက်ကိုင် ပဋိပက္ခများကြောင့်လည်းကောင်း၊ လူတို့၏ ပြုမူဆောင်ရွက်မှုနှင့် သဘာဝ ဘေးအန္တရာယ်များကြောင့်လည်းကောင်း ဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာရသူများသည် မိမိနေရပ်နှင့် မိမိသွားရောက်လိုရာ အခြားဒေသသို့ လူ့ဂုဏ် သိက္ခာနှင့်အညီ ဘေးကင်းလုံခြုံစွာ အခြေချ နေထိုင်နိုင်ရန်။
၃။ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အခြေခံ ရပိုင်ခွင့်နှင့် အခွင့်အရေးများကို လူမျိုးရေး၊ ဘာသာရေး၊ ဆင်းရဲ၊ ချမ်းသာ စသည်ဖြင့် ခွဲခြားမှုမရှိဘဲ ထိရောက်စွာ ကာကွယ်စောင့်ရှောက်ရန်နှင့် လူမူဘဝမြှင့်တင်မှုကို ဆောင်ရွက်ရန်။
၄။ မူးယစ်ဆေးဝါးဆိုင်ရာ ကိစ္စရပ်များကို အမျိုးသားရေးပြဿနာ၊ နိုင်ငံရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးပြဿနာအဖြစ်သတ်မှတ်၍ ထိရောက်စွာ တားဆီးကာကွယ်၊ တိုက်ဖျက်နိုင်ရေး အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ် စီမံချက်ချမှတ်ဆောင်ရွက်ရန်။
၁။ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့်လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ပြည်ထောင်စု၊ တိုင်းဒေသကြီး/ ပြည် နယ်၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ များအကြား ညှိနှိုင်းပူးပေါင်း၍ ဒေသဆိုင်ရာ ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းများ (Regional Comprehensive Development Plans) ရေးဆွဲ အကောင်အထည်ဖော်ရန်။
မှတ်ချက်။ ပြည်ထောင်စုအစိုးရကချမှတ်သောမူဝါဒများနှင့်သော်လည်းကောင်း၊
ပြည်ထောင်စုဥပဒေများနှင့်သော်လည်း ကောင်း မဆန့်ကျင်စေဘဲ ဆောင်ရွက်ရန်။
၂။ တိုင်းဒေသကြီး/ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရန် ပြည်တွင်းနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမြှင့်တင်ရေးအတွက် ဥပဒေများနှင့်အညီ ဆီလျော်သင့်မြတ်သည့်ဆွဲဆောင်မှုရှိသော အစီအစဉ်များရေးဆွဲချမှတ် အကောင်အထည်ဖော်ရန်။
နောက်ဆက်တွဲ(ဃ)
မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍမူဝါဒ သဘောတူညီချက် (၂၀၁၇ ခုနှစ်၊ မေလ ၂၉ ရက်)
၁။ နိုင်ငံလုံးဆိုင်ရာ ဘက်ညီမျှတသည့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်စေသည့် ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်မှု မြေယာမူဝါဒဖြစ်စေရန်။
၂။ သင့်တော်မျှတ၍ တရားနည်းလမ်းကျမှုကို အခြေခံစေရန်။
၃။ ဗဟိုထိန်းချုပ်မှု လျှော့ချသည့် မူဝါဒများ ဖြစ်စေရန်။
၄။ မြေယာမူဝါဒရေးဆွဲရာတွင် လူအခွင့်အရေးစံနှုန်းများ၊ နိုင်ငံတကာစံနှုန်းများ၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စံနှုန်း များကို ထည့်သွင်းစဉ်းစားရေးဆွဲရန်။
၅။ မြေယာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပွင့်လင်းမြင်သာမှုနှင့် ရှင်းလင်းသည့်မူဝါဒများ ဖြစ်စေရန်။
၆။ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မူဝါဒများချမှတ် ဆောင် ရွက်ရာတွင် ဒေသခံများ၏ လိုလား ချက်များကို ဦးစားပေး၍ တောင်သူ လယ်သမားများ၏ အဓိက လိုအပ် ချက်များကို ဖြည့်ဆည်းပေးရန်။
ပိုင်ဆိုင်ခွင့်
၇။ နိုင်ငံသားတိုင်းသည်မြေယာဥပဒေနှင့် အညီ မြေယာပိုင်ဆိုင်ခွင့်နှင့် စီမံခန့်ခွဲပိုင်ခွင့်ရှိသည်။ အမျိုးသမီးနှင့်အမျိုး သား တန်းတူညီမျှမှု ရှိရမည်။
စီမံခန့်ခွဲခွင့်
၈။ မြေယာပိုင်ဆိုင်ခြင်းဆိုင်ရာစီမံခန့်ခွဲမှုပြုရာတွင် ဥပဒေနှင့်အညီ အမျိုးသမီးနှင့် အမျိုးသားအခွင့်အရေး တန်းတူညီမျှမှုရှိစေရန်။
၉။ လုပ်ပိုင်ခွင့်ချထားပေးသောမြေယာကို မူလရည်ရွယ်ချက်အတိုင်း သတ်မှတ်ကာလအတွင်း လုပ်ကိုင်နိုင်ခြင်းမရှိလျှင် နိုင်ငံတော်ကပြန်လည်ရယူရန်နှင့် အမှန်တကယ်လုပ်ကိုင်လိုသူများအား ပြန်လည်ချထား ပေးရေး ဆောင်ရွက်စေရန်။
အကာအကွယ်ပြုရေးဆိုင်ရာ အစီအမံများ
၁၀။ လူမှုရေး၊ ယဉ်ကျေးမှု၊ သမိုင်းဝင် အမွေအနှစ်နှင့် တိုင်းရင်းသားလူမျိုးများ အထွဋ်အမြတ် ထားသောမြေများ ထိခိုက်ပျက်စီးမှုများမရှိစေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေးကိုဦးတည် ကြိုးပမ်းဆောင်ရွက်ရန်။
မှီငြမ်းကိုးကား။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှ ဆုံးဖြတ်ချက်