“လူသားနှင့် ပဋိပက္ခသည် ဒွန်တွဲနေတတ်ပါသည်။ ပဋိပက္ခသည် ဘဝ၏ အစိတ်အပိုင်းတစ်ခု ဟုလည်း ဆိုပါသည်။ အမိတစ်ဝမ်းတည်းမှ မွေးဖွားခဲ့ကြသည့် မိသားစုအတွင်း၌ပင် ပဋိပက္ခများနှင့် မကင်းနိုင်ပါ။ မတူကွဲပြားသည့်သူများနှင့် စုစည်းနေထိုင်ကြလျှင် ပဋိပက္ခများ ပို၍ ရှိမည်ဖြစ်သည်။ ပဋိပက္ခရှိသည်ဆိုသော်လည်း အနည်းအများ၊ အတိမ်အနက်တော့ တူချင်မှ တူပါမည်။ မည်သို့မတူညီ သည်ဖြစ်စေ အများနှင့်စုစည်းနေထိုင်လုပ်ကိုင်လျှင် ယင်းပတ်ဝန်းကျင်၌ ပဋိပက္ခများ ရှိနေပေလိမ့်မည်။ ထိုသို့ ပဋိပက္ခများရှိသည်မှာ ပြဿနာမဟုတ် သဘာဝဖြစ်သည်။“
“အဓိက ပြဿနာမှာ ထိုပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းနိုင်မှုနှင့် နောက်ဆက်တွဲဆိုးကျိုး များသာဖြစ်သည်။ ငြိမ်းချမ်း၍ တိုးတက်သည့် လူ့အဖွဲ့အစည်းများတွင် ပဋိပက္ခဖြစ်တတ်သည့် လူ့သဘောသဘာဝသိရှိနားလည်၍ ဖြစ်တည်နေသည့် ပဋိပက္ခများကို ငြိမ်းချမ်းစွာ မည်ကဲ့သို့ စီမံ ခန့်ခွဲမည်ဆိုသည်က ထိုလူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုနှင့် စရိုက်လက္ခဏာ တစ်ရပ်ဖြစ်ပါသည်။“
မြန်မာ့နိုင်ငံရေး ပဋိပက္ခ
မြန်မာနိုင်ငံ၏ လက်ရှိဖြစ်တည်နေသည့် ပဋိပက္ခများ၏ မြစ်ဖျားခံရာသည် ယခုမှမဟုတ်ပါ။ မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီကပင် စတင်အမြစ်တွယ်ခဲ့ပါသည်။ နိုင်ငံရေးပဋိပက္ခမှတစ်ဆင့် ကျယ်ပြန့်လာသည့် လက်နက်ကိုင်တိုက်ခိုက်မှုများနှင့် ထိပ်တိုက်ရင်ဆိုင်မှုများသည် ငြိမ်းချမ်းရေးနှင့် တဖြည်းဖြည်း အလှမ်းဝေးစေခဲ့သည့်အပြင် ဖြစ်လာသည့် ၎င်း၏ဆိုးကျိုးများကြောင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အကြီးမားဆုံး အဟန့်အတား ဖြစ်စေလျက်ရှိပါသည်။
ထို့အပြင် နိုင်ငံရေးပဋိပက္ခများ ဖြေရှင်းရာတွင် လက်နက်ကိုင်လမ်းစဉ်ကို တစ်ခုတည်း သော နည်းလမ်းသဖွယ် ကိုင်စွဲကျင့်သုံးနေကြခြင်းသည်လည်း ပဋိပက္ခများကို ပြေလည်စေမှုထက် ရှိရင်းစွဲ ပဋိပက္ခများကိုပင် ပိုမိုကျယ်ပြန့်စေလျက်ရှိပါသည်။ မြန်မာနိုင်ငံအတွင်းမှ လက်နက်ကိုင် ပဋိပက္ခများသည် တိုင်းရင်းသားများအကြား ဖြစ်ပွားသည့် နိုင်ငံရေးပြဿနာများသာ ဖြစ်ပါသည်။ သို့သော် ထိုပဋိပက္ခများ၏ နောက်ကွယ်တွင် မီးလောင်ရာလေပင့်စေသည့် အခြားအခြေခံအကြောင်း များနှင့် ဆက်နွှယ်လျက်ရှိပါသည်။ သို့ဖြင့် ပြည်တွင်းနိုင်ငံရေးအကျပ်အတည်းနှင့် လက်နက်ကိုင် ပဋိပက္ခများမှာ နှစ်ကာလ ပိုမိုရှည်ကြာလာပြီး ယင်း၏အကျိုးဆက်များမှာ မျိုးဆက်အဆင့်ဆင့်သို့ ဆိုးမွေအဖြစ် လက်ဆင့်ကမ်းပေးနေသကဲ့သို့ ဖြစ်ပါသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
မြန်မာနိုင်ငံ၏ နှစ်ပေါင်းများစွာ ကြာမြင့်နေသည့် ပဋိပက္ခဆိုးမွေကို အဆုံးသတ်၍ ဖက်ဒရယ် နှင့် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ ကြေညာချက် အမှတ် (၁/၂၀၁၁) ဖြင့် ၂၀၁၁ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်တွင် ငြိမ်းချမ်းရေးဆွေးနွေးရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ကမ်းလှမ်းဖိတ်ခေါ်ခဲ့သည်။ ယင်းသည် အသွင်သစ်၊ အမြင်သစ် NCA ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ နိဒါန်းဖြစ်ပါသည်။ ထို့နောက် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား ငြိမ်းချမ်းစွာဖြင့် ဆွေးနွေးမှုပေါင်းများစွာ ပြုလုပ်ခဲ့ကြပါသည်။ အကျိုးဆက်မှာ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် နိုင်ငံတကာအသိသက်သေများ ရှေ့မှောက်တွင် လက်မှတ်ရေးထိုး နိုင်ခဲ့ကြပါသည်။ NCA စာချုပ်တွင် မပါဝင်နိုင်သေးသည့် အဖွဲ့များလည်း ကျန်ရှိနေပါသေးသည်။
ယင်း NCA စာချုပ်သည် ဖက်ဒရယ်နှင့်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အခြေခံ အကျဆုံးဖြစ်သည့်အတွက် ယင်းစာချုပ်တွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးလုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ အခြေခံမူနှင့် နိုင်ငံရေးဆိုင်ရာလုပ်ငန်းစဉ်များ ထည့်သွင်းချုပ်ဆိုအတည်ပြု လက်မှတ်ရေးထိုးထားသည်ကို တွေ့ရပါသည်။
NCA ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် အားလုံးပါဝင်မှု၊ ငြိမ်းချမ်းစွာ ဖြေရှင်းမှု၊ ပွင့်လင်း မြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ဒီမိုကရေစီယဉ်ကျေးမှုတို့ကို အခြေခံ၍ ရေရှည်ငြိမ်းချမ်းရေး၊ ဖက်ဒရယ်နှင့် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ဦးတည်ရည်ရွယ်ထား သည်ကို တွေ့ရပါသည်။ NCA စာချုပ်၏ အခြေခံမူတွင် “မြန်မာနိုင်ငံတွင် သမိုင်းရှည်ကြာ ဖြစ်ပွား ခဲ့သော လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်နိုင်ရေး ဆွေးနွေးညှိနှိုင်းအဖြေရှာရေး၊ နိုင်ငံရေး ပြဿနာကို စစ်ရေးဖြင့် ဖြေရှင်းရှင်းမပြုဘဲ နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းမည့် နိုင်ငံရေးယဉ်ကျေးမှုသစ် တစ်ရပ် ထူထောင်ပြီး လက်နက်ကိုင်ပဋိပက္ခအဆုံးသတ်နိုင်ရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ဦးစွာဆောင်ရွက်ရန်” ဆိုသည့် အခြေခံမူ ထည့်သွင်းထားပါသည်။ ယင်းအခြေခံမူသည် နိုင်ငံတော်က အသွင်ကူးပြောင်းနေသည့် နိုင်ငံရေးယဉ်ကျေးမှုနှင့်အညီ ဒီမိုကရေစီနည်းလမ်းများဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ချဉ်းကပ်ဆောင်ရွက်ခဲ့ခြင်းဟု ဆိုနိုင်ပါသည်။
သဘောထားအမျိုးမျိုး
NCA လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မတူညီသော အမြင်များနှင့်သဘောထားများလည်း ရှိခဲ့ကြပါသည်။ မတူညီသောအမြင်နှင့် သဘောထားတို့ကို အပြန်အလှန် လေးစားကြရသည်မှာ ဒီမိုကရေစီယဉ်ကျေးမှုတစ်ရပ်ဖြစ်ပါသည်။ သို့သော် တစ်ဖက်သတ်ဆန်သော အမြင်ကွဲပြားမှုနှင့် သဘောထားများသည် ပဋိပက္ခဆိုင်ရာ သဘောထားကွဲလွဲမှုများ ပိုမိုကွာဟစေခဲ့ပါသည်။ ထို့အပြင် မတူညီသော ရပ်တည်ချက်နှင့် ရှုထောင့်၊ အကျိုးစီးပွားရည်မှန်းချက်၊ နောက်ကွယ်မှနှောင်ကြိုးနှင့် ဒီမိုကရေစီယဉ်ကျေးမှုတို့တွင် ကွဲပြားမှုကြီးမားနေခြင်းသည်လည်း ငြိမ်းချမ်းရေးတည်ဆောက်မှုကို ခက်ခဲစေနိုင်ပါသည်။ တစ်ဖက်သတ်ဆန်သော သဘောထားများကြောင့် အမျိုးသားရင်ကြားစေ့ရေးမှာ ပို၍ အလှမ်းကွာဝေးစေပြီး ငြိမ်းချမ်းရေးကို နှောင့်နှေးစေနိုင်ပါသည်။
ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် ပါဝင်ပတ်သက်သူများ၏ ရပ်တည်ချက်နှင့် သဘောထား များ ကွဲပြားနေသည့်တိုင် မိမိနိုင်ငံ၊ မိမိလူမျိုး၊ နိုင်ငံ့အကျိုးစီးပွားဆိုသည့် ဘုံရည်မှန်းချက်နှင့် ဒီမို ကရေစီနှင့် ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးအတွက် အပြုသဘောချဉ်းကပ်ကြမှသာ ထိရောက်သော ရလဒ်များ ရရှိနိုင်ပါသည်။ ပဋိပက္ခဖြေရှင်းခြင်းသည် တစ်ဖက်နှင့်တစ်ဖက် မတူညီသောအမြင်နှင့် သဘောထားများကို စေ့စပ်ညှိနှိုင်း၍ သူနိုင်ကိုယ်နိုင် အဖြေရှာဖွေခြင်းဖြစ်ပါသည်။ ထိုသို့ အဖြေရှာ ရာတွင် တစ်ဖက်သတ်အမြင်၊ သဘောထားနှင့် အကျိုးစီးပွားများသည် ရင်ကြားစေ့ရန် ခက်ခဲစေ ပါသည်။ သူ့အကျိုး၊ ကိုယ့်အကျိုး၊ အများအကျိုးမျှတစွာ ဦးတည်မှသာ အားလုံးလိုလားသည့် ရလဒ် များ ရရှိနိုင်မည်ဖြစ်ပါသည်။
ဖက်ဒရယ်နှင့် ဒီမိုကရေစီအခြေခံ
NCA သဘောတူစာချုပ်သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာရပ်စဲရေးသဘောတူ စာချုပ် ဖြစ်သော်လည်း ယင်းစာချုပ်တွင် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ အာမခံချက်အဖြစ် နိုင်ငံရေး လမ်းပြမြေပုံ ချမှတ်ခြင်း၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်း၊ အားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲများကျင်းပခြင်းနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအဖြစ် ယုံကြည်မှု တည်ဆောက်ခြင်းစသည့် အချက်များနှင့် ကြားကာလအတွင်း ဆောင်ရွက်ရမည့် အစီအစဉ်များ ပါဝင်ပါသည်။ ယင်းတို့အနက် အားလုံးပါဝင်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ကျင်းပခြင်း ကဏ္ဍ တွင် “ပြည်ထောင်စုညီလာခံမှ ထွက်ပေါ်လာသော ဆုံးဖြတ်ချက်များအပေါ် အခြေခံ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေအပါအဝင် ဥပဒေများကို လိုအပ်သလိုပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်း များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပြုလုပ်ရန် သဘောတူညီသည်” ဟု ထည့်သွင်းသဘောတူထား ပါသည်။
ထို့အပြင် NCA စာချုပ်၌ ဖက်ဒရယ်နှင့် ဒီမိုကရေစီကူးပြောင်းရေးအတွက် အသွင်ကူးပြောင်း ရေးအဆင့်များလည်း ပါဝင်ပါသည်။ နိုင်ငံရေးအသွင်ကူးပြောင်းမှုသည် အဆင့်လိုက်ကူးပြောင်း ရသည်ဖြစ်ရာ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဒီမိုကရေစီယဉ်ကျေးမှုဆိုင်ရာ ပကတိ အခြေအနေ၊ ကမ္ဘာ့နိုင်ငံရေးအခြေအနေ၊ ပထဝီနိုင်ငံရေးတို့နှင့် ဟန်ချက်ညီ ပြောင်းလဲကြရပါသည်။ နိုင်ငံရေးအကျပ်အတည်းများနှင့် အသွင်ကူးပြောင်းရေးများသည် ရှုပ်ထွေးခြင်း၊ ခက်ခဲခြင်း၊ အချိန်ယူရခြင်း၊ စိတ်ရှည်သည်းခံရခြင်း၊ တစိုက်မတ်မတ်လုပ်ဆောင်ခြင်းတို့ လိုအပ်မည်ဖြစ်ပါသည်။ ငြိမ်းချမ်းရေးတည်ဆောက်မှုသည် မြန်မာ့အသွင်ကူးပြောင်းရေးကို ပံ့ပိုးပေးနေသည့် အခြေခံအုတ်မြစ် တစ်ခုဖြစ်သည့်အတွက် ငြိမ်းချမ်းရေးရရှိမှသာ အသွင်ကူးပြောင်းရေးကို လွယ်ကူချောမွေ့စေမည် ဖြစ်ပါသည်။
ပဋိပက္ခဖြေရှင်းခြင်း
ပဋိပက္ခတစ်ရပ်ဖြေရှင်းရန်အတွက် နည်းလမ်းများစွာရှိပါသည်။ မိမိရွေးချယ်ကျင့်သုံးသည့် နည်းလမ်းကိုလိုက်၍ ကောင်းကျိုး၊ ဆိုးကျိုးရလဒ်များကွဲပြားစေပါသည်။ ပြဿနာ၏ အတိမ်အနက်၊ အခြေအနေ၊ ပါဝင်ပတ်သက်သူများ၊ ၎င်းတို့၏ အကျိုးစီးပွားဆက်နွှယ်မှုနှင့် ရည်မှန်းချက်တို့ကို လိုက်၍ ပြဿနာဖြေရှင်းရသည့် နည်းလမ်းနှင့် အချိန်ကာလကြာရှည်မှုတို့ ကွာခြားတတ်ကြပါသည်။ အထူးသဖြင့် အမြစ်စွဲနေသည့် ပြဿနာများ၊ အကျိုးစီးပွားပတ်သက်သူ များပြားပါက ကာလကြာရှည် လေ့ရှိကြပြီး စိတ်ရှည်သည်းခံမှု၊ ညှိနှိုင်းရမှု၊ ကျွမ်းကျင်မှု၊ ယုံကြည်မှုတည်ဆောက်နိုင်မှုနှင့် တစ်စိုက် မတ်မတ်လုပ်ဆောင်မှုဆိုသည့် အခြေခံအချက်များစွာ လိုအပ်မည်ဖြစ်ပါသည်။
ထို့အပြင် ငြိမ်းချမ်းရေးတည်ဆောက်မှုသည် ပါဝင်ပတ်သက်သူများအကြား ဆွေးနွေးမှု၊ ဆက်ဆံရေးတည်ဆောက်မှုနှင့် အဖွဲ့အစည်းပြုပြင်ပြောင်းလဲမှုစသည့် ရှည်လျားသည့် လုပ်ငန်းစဉ် များ ပါဝင်ပါသည်။ ယင်းလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်ရန် လိုအပ်ပါသည်။ သို့မှသာ ရေရှည် တည်တံ့သော ငြိမ်းချမ်းရေးကို ရရှိနိုင်ပါသည်။ အားလုံးပါဝင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လုပ်ငန်းစဉ်အချိန်ကာလကြာရှည်မှု၊ ရှုပ်ထွေးမှုနှင့် အပြုသဘောထားများ လိုအပ်သော်လည်း ငြိမ်းချမ်းရေးကို ရေရှည်ထိန်းသိမ်းထားနိုင်ပါသည်။
မြေဇာပင်များ
လူသားနှင့် ပဋိပက္ခကင်းကွာ၍ မရနိုင်သည့်နည်းတူ ငြိမ်းချမ်းရေးသည်လည်း လူသားနှင့် ကင်းကွာ၍ မရနိုင်ပါ။ ငြိမ်းချမ်းရေးသည် လူသားတို့အတွက် အခြေခံလိုအပ်ချက် ဖြစ်ပါသည်။ တစ်ဦးချင်းစီအတွက်သာမက လူ့အဖွဲ့အစည်းအတွက်လည်း ငြိမ်းချမ်းရေးလိုအပ်ပါသည်။ လူ့သမိုင်း တစ်လျှောက် ပဋိပက္ခများနှင့် အစဉ်အဆက်ကြုံတွေ့ခဲ့ရပြီး ယနေ့ထက်တိုင်လည်း ရင်ဆိုင်နေကြ ရဆဲဖြစ်သည်။ အကြီးမားဆုံးပဋိပက္ခများအဖြစ် ကမ္ဘာစစ်ကြီး နှစ်ကြိမ်ဖြစ်ပွားခဲ့သဖြင့် လူသန်းပေါင်း များစွာ သေကျေပျက်စီးခဲ့ရသည်။ ယင်း၏ အကျိုးဆက်ကို သားစဉ်မြေးဆက်တိုင် ခံစားခဲ့ကြရသည်။
လွန်ခဲ့သည့် ၁၀ နှစ်အတွင်း ကမ္ဘာအနှံ့၌ ပဋိပက္ခများ တဖြည်းဖြည်း မြင့်တက်နေသဖြင့် ငြိမ်းချမ်းရေးသည် ယခင်ကထက် ပိုမိုလိုအပ်နေပါသည်။ ၂၀၂၁ ခုနှစ် နှစ်ကုန်က လူဦးရေ ၈၉ သန်း ကျော်သည် ပဋိပက္ခများကြောင့် နေအိမ်စွန့်ခွာထွက်ပြေးနေကြရပါသည်။ အကြမ်းဖက်မှုများသည် လူတိုင်းကို ထိခိုက်စေလျက်ရှိပြီး တိုက်ပွဲများ၊ စစ်ပွဲများသည် ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ် လျက်ရှိပါသည်။ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့အဆင်းရဲဆုံးလူတစ်ဝက်ကျော်သည် ပဋိပက္ခဖြစ်ပွား နေသည့် နေရာဒေသများ၌ နေထိုင်နေရလိမ့်မည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားကြပါသည်။
ကမ္ဘာတစ်ဝန်းတွင် ယင်းကဲ့သို့ ပဋိပက္ခများနှင့် တင်းမာမှုများ မြင့်တက်နေသည်မှာ ငြိမ်းချမ်းရေးအတွက် အနုတ်လက္ခဏာများ ဖြစ်ကြပါသည်။ တစ်ဖက်နှင့်တစ်ဖက်အကြား အကျိုး စီးပွား ပြိုင်ဆိုင်မှုများကြောင့် ငြိမ်းချမ်းရေးကို မျက်ကွယ်ပြုနေကြသည်ကို ကမ္ဘာ့နေရာအနှံ့ တွေ့နေ ရပါသည်။
ကိုယ်ကျိုးစီးပွားများအောက်တွင် ငြိမ်းချမ်းရေးတောင်းဆိုသံများ တိမ်မြုပ်နေပါသည်။ ငြိမ်းချမ်းရေးနှင့် ကိုယ်ကျိုးစီးပွားများ၏ အလဲအထပ်တန်ကြေးကို အပြစ်မဲ့သူများနှင့် မျိုးဆက်သစ် တို့က ပေးဆပ်နေကြရပါသည်။
ဆက်လက်လျှောက်လှမ်းရမည့် ခရီး
နေပူပူအောက်တွင် အရိပ်ကို တမ်းတကြပါသည်။ ပဋိပက္ခဒေသတွင် ငြိမ်းချမ်းရေးကို တမ်းတ ကြပါသည်။ ထိုငြိမ်းချမ်းရေးသည် တစ်ဦး၊ တစ်ယောက်၊ တစ်ဖွဲ့အတွက် မဟုတ်ပါ။ ငြိမ်းချမ်းမှု ကြောင့် ရရှိလာသည့် အသီးအပွင့်များကို အားလုံးမျှဝေခံစားကြရမည်ဖြစ်ပါသည်။ ထိုငြိမ်းချမ်းမှုဖြင့် တိုးတက်သော ဘဝများကို ဖန်တီးနိုင်မည်ဖြစ်သည်။ သို့ဆိုပါလျှင် ငြိမ်းချမ်းရေးကို မည်သို့ဖန်တီးကြ မည်နည်း။ အောင်မြင်သော ငြိမ်းချမ်းရေးဖော်ဆောင်မှုနှင့်ပတ်သက်၍ ကုလသမဂ္ဂအထွေထွေ အတွင်း ရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က “ငြိမ်းချမ်းရေးကို အန္တိမအထိ ဖော်ဆောင်ရာမှာ အကြမ်းဖက်တာ တွေ ထာဝရအဆုံးသတ်ရေးအတွက် ဘက်ပေါင်းစုံကခိုင်မာတဲ့ ကတိကဝတ်နဲ့ ထူးခြားတဲ့သတ္တိရှိဖို့ လိုအပ်ပါတယ်” ဟု ဆိုပါသည်။
အောင်မြင်သော ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် မိမိတို့ခံစားချက်ထက် နိုင်ငံ၏ ပကတိ အခြေအနေ၊ ဘုံရည်မှန်းချက်နှင့် ငြိမ်းချမ်းရေးကို လိုလားသည့်စိတ်ကို အခြေခံမှသာ လက်တွေ့ ကျကျ ချဉ်းကပ်နိုင်ပါမည်။ ထို့အပြင် အတိတ်မှ ဖြစ်ရပ်များကို အစွဲကင်းကင်းဖြင့် သင်ခန်းစာယူ ကြရပါလိမ့်မည်။ အတိတ်ကို သင်ခန်းစာမယူပါက ထိုပဋိပက္ခသံသရာတွင် တဝဲလည်လည်ဖြစ် နေပါလိမ့်မည်။ မြန်မာနိုင်ငံသည် ဖက်ဒရယ်နှင့် ဒီမိုကရေစီနိုင်ငံတည်ဆောက်ရန် ရည်မှန်ထားပြီး ဖြစ်သည်။ ထိုရည်မှန်းချက်အောင်မြင်ရန် ငြိမ်းချမ်းရေးသည် အခြေခံလိုအပ်ချက်ဖြစ်ပါသည်။
ငြိမ်းချမ်းမှုမရှိဘဲ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက် ရေးတို့ လုပ်ဆောင်ရန် ခက်ခဲနေပါဦးမည်။ ပဋိပက္ခများ၊ လက်နက်ကိုင်တိုက်ခိုက်မှုများကြောင့် ဖြစ်လာသည့် ဆိုးကျိုးများကို နှစ်ပေါင်းများစွာ ခံစားခဲ့ရပြီးဖြစ်သည်။ ထိုဆိုးကျိုးများကို သားစဉ် မြေးဆက် လက်ဆင့်မကမ်းစေလိုပါ။ ငြိမ်းချမ်းမှုကိုသာ မျိုးဆက်အမွေပေးလိုပါသည်။ မျိုးဆက် အားလုံးအတွက် လိုအပ်နေသည့် အဆိုပါငြိမ်းချမ်းရေးမှာ မိမိတို့ လက်တစ်ကမ်းတွင် ရှိနေပါသည်။ ဆက်၍ လျှောက်လှမ်းကြရန်သာ လိုပါလိမ့်မည်။
(မျိုးငြိမ်းငယ်ရေးသားသည့် “ဆက်လက်လျှောက်လှမ်းရဦးမည့် ငြိမ်းချမ်းရေးခရီး” ဆောင်းပါးအား ၁၂-၁၀-၂၀၂၃ ရက်ထုတ် မြန်မာ့အလင်းသတင်းစာ၊ စာ-၆ မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။)