လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ အခမ်းအနားတွင် ပါဝင်ခဲ့ကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ လူငယ်ကိုယ်စားလှယ်အဖွဲ့များ၊ အုပ်ချုပ်သူများနှင့် တာဝန်ရှိသူများသည် ၁၆-၁-၂၀၂၆ ရက်နံနက်ပိုင်းမှစ၍ နေပြည်တော်ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာကြသည်။
ဦးစွာ လူငယ်ကိုယ်စားလှယ်အဖွဲ့များ၊ အုပ်ချုပ်သူများနှင့် တာဝန်ရှိသူများသည် ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်သွားရောက်လေ့လာကြရာ ပြတိုက်တာဝန်ရှိသူများက ကြိုဆိုကြပြီး ပြတိုက်အတွင်း ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်နှင့် တတိယမြန်မာနိုင်ငံတော်တို့ကို တည်ထောင်ခဲ့ကြသည့် ဘုရင်မင်းမြတ်များ၏ သမိုင်းကြောင်းဆိုင်ရာ ပြခန်းများ၊ တပ်မတော် အကြီးအကဲများ၏ မှတ်တမ်း ဓာတ်ပုံပြခန်းများနှင့် ပြတိုက် အတွင်း ကဏ္ဍတစ်ခုချင်းအလိုက် ပြခန်း၊ ပြကွက်၊ ပုံစံငယ်များ ခင်းကျင်းပြသထားမှုတို့ကိုလည်းကောင်း၊ တပ်မတော်မော်ကွန်းတိုက်မှူးရုံးပြခန်း၊ တပ်မတော် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးပြခန်းနှင့် တပ်မတော်(ရေ)ပြခန်းများကို လည်းကောင်း စိတ်ဝင်တစား ကြည့်ရှုလေ့လာကြသည်၊၊
ယင်းနောက် လူငယ်ကိုယ်စားလှယ်အဖွဲ့များသည် ရေပန်းဥယျာဉ်အတွင်း ပျော်ရွှင်စွာလေ့လာလည်ပတ်ကြည့်ရှုကြပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကြသည်။
မွန်းလွဲပိုင်းတွင် လူငယ်ကိုယ်စားလှယ်အဖွဲ့သည် Naypyitaw State Academy သို့ ရောက်ရှိကြရာ Naypyitaw State Academy မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာ စိုးစိုးအောင်နှင့် တာဝန်ရှိသူများက ကြိုဆိုကြပြီး Naypyitaw State Academy ရှိ Function Hall ၌ Naypyitaw State Academy ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်သည့် ပညာတတ်လူငယ်များ မွေးထုတ်ပေးနိုင်ရန် သက်ဆိုင်ရာ ဘာသာရပ်များအလိုက် ကျောင်းသားဗဟိုပြု သင်ကြားသင်ယူမှုစနစ်များဖြင့် နိုင်ငံတကာအဆင့်မီ သင်ရိုး ညွှန်းတမ်းများဖြင့် သင်ကြားနေမှု၊ သုတေသနဓာတ်ခွဲခန်းများ၊ ခေတ်မီလက်တွေ့ခန်းသုံး ပစ္စည်းများနှင့် နည်းပညာအခြေပြု သင်ထောက်ကူပစ္စည်းများ အသုံးပြု၍ ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများကို စာတွေ့လက်တွေ့သင်ကြားပို့ချနေမှု၊ အခမ်းအနားများနှင့် ဆွေးနွေးဟောပြောပွဲများ ကျင်းပဆောင်ရွက်ခဲ့မှု အခြေအနေတို့ကို Naypyitaw State Academy Documentary Video ဖြင့် ပြသသည်၊၊
ဆက်လက်၍ လူငယ်ကိုယ်စားလှယ်အဖွဲ့များသည် Naypyitaw State Academy ဘွဲ့နှင်းသဘင်ခန်းမ အဆောက်အအုံနှင့် Naypyitaw State Academy အတွင်း လှည့်လည်ကြည့်ရှု လေ့လာကြသည်၊၊
ထို့နောက် Naypyitaw State Polytechnic University သို့ ရောက်ရှိကြရာ Naypyitaw State Polytechnic University ဘက်စုံသုံးခန်းမ၌ Naypyitaw State Polytechnic University မှ ကျောင်းသား၊ ကျောင်းသူများက “Welcome To NSPU”သီချင်းဖြင့် သရုပ်ပြ ကပြဖျော်ဖြေကြသည်၊၊
ယင်းနောက် Naypyitaw State Polytechnic University Documentary Video ကိုပြသပြီး Naypyitaw State Polytechnic University ပါမောက္ခချုပ် ဒေါက်တာ စိုးလင်းအောင် က လူငယ်ကိုယ်စားလှယ်အဖွဲ့များအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်၊၊
ဆက်လက်၍ Naypyitaw State Polytechnic University မှ စာပေနှင့်အနုပညာအသင်း၊ Music Club၊ Chess Club၊ Football Club၊ တက္ကသိုလ် Master Plan၊ ပရောဂျက်များပြသခြင်းနှင့် စပ်လျဉ်း၍ ဘာသာရပ်ဆိုင်ရာအလိုက် ကျောင်းသားကိုယ်စားလှယ်များက တစ်ဦးချင်း ဆွေးနွေးတင်ပြကြပြီး လူငယ်ကိုယ်စားလှယ်အဖွဲ့များသည် Naypyitaw State Polytechnic University အတွင်း လှည့်လည်ကြည့်ရှုလေ့လာကြသည်၊၊
ညနေပိုင်းတွင် လူငယ်ကိုယ်စားလှယ် အဖွဲ့များသည် ဥတ္တရသီရိ Ocean Center သို့ သွားရောက်ပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ ဝယ်ယူခဲ့ကြကြောင်း သတင်းရရှိသည်၊၊
မှီငြမ်း။ myawady.net.mm
