နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr.Chen Hai အား ၂၅-၁-၂၀၂၄ ရက်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များဖြစ်သည့် နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်ပေးနေမှုများ၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘောတူညီချက်များအတိုင်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီက ဆောင်ရွက်လျက်ရှိသည့် နေရပ်စွန့်ခွာသွားသူများ ပြန်လည်စိစစ်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးတို့အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေ များ၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေနှင့် ဖြစ်ပေါ် တိုးတက်မှုများ၊ နိုင်ငံတော်အစိုးရက ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုဆိုင်ရာကိစ္စရပ်များအား ရင်းနှီးခင်မင်စွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
မှီငြမ်း။ နယ်စပ်ရေးရာဝန်ကြီးဌာန