You are currently viewing ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ ကာဇက်စတန်သမ္မတနိုင်ငံသို့ ရောက်ရှိ (၂၇-၉-၂၀၂၅)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ ကာဇက်စတန်သမ္မတနိုင်ငံသို့ ရောက်ရှိ (၂၇-၉-၂၀၂၅)

ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၇-၉-၂၀၂၅ ရက် နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၊ အမှတ်(၂) ဘနုကာဘာ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကာဇက်စတန်သမ္မတနိုင်ငံ၊ အက်စတာနာလေဆိပ်သို့ ထွက်ခွာသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Andrey Rudenko နှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ကာဇက်စတန်သမ္မတနိုင်ငံ၊ အက်စတာနာလေဆိပ်သို့ ရောက်ရှိကြရာ ကာဇက်စတန်သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်(၁) Mr. Roman Sklyar ၊ မြန်မာနိုင်ငံဆိုင်ရာ ကာဇက်စတန်သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Margulan Baimukhan နှင့် တာဝန်ရှိသူများက လေဆိပ်၌ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့ပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ကာဇက်စတန်သမ္မတနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့ကလည်း နိုင်ငံ့ခေါင်းဆောင်များအား ကြိုဆိုသည့်အစဉ်အလာနှင့်အညီ ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။

မှီငြမ်း။ ပြန်ကြားရေးဝန်ကြီးဌာန