နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ်သည့် (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံသို့တက်ရောက်ခဲ့သည့် အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့် အာဆီယံရဲအဖွဲ့အတွင်းရေးမှူးရုံး၊ အမှုဆောင်ဒါရိုက်တာတို့ ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့က ၂၄-၁၀-၂၀၂၄ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လာရောက်ဂါရဝပြု တွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံသို့ တက်ရောက်ခဲ့သည့် ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှ ရဲချုပ်များနှင့် အဆင့်မြင့်ရဲအရာရှိကြီးများ၊ အာဆီယံရဲအဖွဲ့အတွင်းရေးမှူးရုံး၊ အမှုဆောင်ဒါရိုက်တာ တို့တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်တွင်းလုံခြုံရေးကို အဓိကတာဝန်ယူရသည့် အဖွဲ့အစည်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များ၏အခန်းကဏ္ဍသည် အလွန်ကျယ်ပြန့်အရေးကြီးကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအချင်းချင်း နိုင်ငံအလိုက်ပူးပေါင်းတိုက်ဖျက်ရမည့် နယ်စပ်ဖြတ်ကျော်မှုခင်းများကို အတူတကွပူးပေါင်းတိုက်ဖျက်ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ နိုင်ငံအလိုက် ရဲတပ်ဖွဲ့ဝင်များအချင်းချင်း အတူတကွပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်း၊ လက်နက်ခဲယမ်းများ မှောင်ခိုရောင်းချခြင်း၊ အွန်လိုင်းလိမ်လည်မှုများ ဆောင်ရွက်ခြင်းများကို ထိထိရောက်ရောက်တားဆီး နှိမ်နင်းနိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံသို့ ပါဝင်တက်ရောက်ခဲ့ကြသည့်အတွက်လည်း ကျေးဇူးတင်ရှိကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံရဲချုပ်က အာဆီယံရဲအဖွဲ့ညီလာခံများ ကျင်းပပြုလုပ်ခဲ့မှု၊ ရည်ရွယ်ချက်များနှင့် မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံကျင်းပခဲ့မှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသည့် အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့် အာဆီယံရဲအဖွဲ့အတွင်းရေးမှူးရုံး၊ အမှုဆောင်ဒါရိုက်တာတို့က နိုင်ငံအလိုက်တစ်ဦးချင်းမိတ်ဆက်ကြပြီး (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ညီလာခံကျင်းပနေသည့်ကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် ဧည့်ဝတ်ကျေပွန်စွာဖြင့် စီစဉ်ဆောင်ရွက်ပေးမှုအခြေအနေများ၊ အာဆီယံရဲအဖွဲ့ဝင် နိုင်ငံများအချင်းချင်း လေ့ကျင့်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနှင့် နိုင်ငံဖြတ်ကျော်မှုခင်းနယ်ပယ်များတွင် ပူးပေါင်းတားဆီးနှိမ်နင်းရေး ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့် အာဆီယံရဲအဖွဲ့အတွင်းရေးမှူးရုံး၊ အမှုဆောင်ဒါရိုက်တာတို့သည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
မှီငြမ်း။ ပြန်ကြားရေးဝန်ကြီးဌာန