ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက်ထုတ်ပြန်ချက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက်ထုတ်ပြန်ချက်
(မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်)
၂၀၂၅ ခုနှစ်၊ မေ ၃၁ ရက်
၁။ အင်အားပြင်းမန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ငလျင်ဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်ပြီး တပ်မတော်အနေဖြင့် ၂၀၂၅ ခုနှစ်၊ မေ ၆ ရက်မှ ၃၁ ရက်အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
၂။ လက်ရှိကာလတွင်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများ၌ ထိခိုက်ပျက်စီးခဲ့ရသည့်အစိုးရရုံးဌာနများ၊ ပြည်သူများ၏ အိုးအိမ်နှင့် လမ်းပန်းဆက်သွယ်မှုလုပ်ငန်းများ ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာမှလည်း ကူညီမှုများကိုဆောင်ရွက်ပေးလျက်ရှိသည်။
၃။ အလားတူ နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်ပြီးတရားမျှတသည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယခုနှစ်အတွင်း မဖြစ်မနေကျင်းပဆောင်ရွက်ပေးနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိသည်။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပချိန်၌ တစ်နိုင်ငံလုံးရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများအားလုံး ဆန္ဒမဲများပေးနိုင်ရေး ဒေသအလိုက် တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်လျက်ရှိသည်။
၄။ သို့ဖြစ်ပါ၍ နိုင်ငံတော်အနေဖြင့် ငလျင်ဒဏ်သင့်ဒေသများ၌ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆက်လက်ဆောင်ရွက်နိုင်စေရေး၊ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်စေရေး၊ နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏အကျိုးစီးပွားကို ပိုမိုလျင်မြန်စွာဖော်ဆောင်နိုင်စေရေး၊ ရေရှည်တည်တံ့ပြီး စစ်မှန်သည့်ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်စေရေးတို့အတွက် တည်ငြိမ်အေးချမ်းမှုကိုရှေးရှုပြီး တပ်မတော်အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇွန် ၁ ရက်မှ ၃၀ ရက်အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထပ်မံတိုးမြှင့်ထုတ်ပြန်လိုက်သည်။
၅။ ယာယီပစ်ခတ်တိုက်ခိုက်မှုထုတ်ပြန်ကြေညာထားသည့်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များအနေဖြင့် အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများအား နှောင့်ယှက်တိုက်ခိုက်ခြင်းနှင့် ထိခိုက်ပျက်စီးစေခြင်း၊ ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ပျက်စီးစေခြင်း၊ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တပ်စခန်းများအားတိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များကို နှောင့်ယှက်တိုက်ခိုက်ခြင်းများ၊ ငြိမ်းချမ်းရေးကိုထိခိုက်ပျက်စီးစေမည့်အင်အားစုဆောင်းခြင်း၊ ပြင်ဆင်စုဖွဲ့ခြင်း၊နယ်မြေချဲ့ထွင်ခြင်းများကိုမပြုရန်နှင့် ထိုကဲ့သို့ဆောင်ရွက်လာပါက တပ်မတော်အနေဖြင့် ပြည်သူလူထုကိုကာကွယ်သောအားဖြင့် လိုအပ်သည့်အရေးယူတုံ့ပြန်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
