နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ H.E. Mr. Alounkeo Kittikhoun အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ကောင်းမွန်လျက်ရှိသည့် အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်ပွားခဲ့ခြင်းကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရမှု၊ နိုင်ငံရေးသဘောထားကွဲလွဲမှုကို နိုင်ငံရေးအရဖြေရှင်းမှုမပြုဘဲ လက်နက်ကိုင်အကြမ်းဖက်မှုများ လုပ်ဆောင်လာမှု၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့်အမျိုးသား ရင်ကြားစေ့ရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာရှိစေရေး တပ်မတော်အနေဖြင့် အခိုင်အမာရပ်တည်ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ချမှတ်၍ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံရေးမျှော်မှန်းချက်နှင့် အမျိုးသားရေးမျှော်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိမှု၊ မြန်မာနိုင်ငံအနေဖြင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီပေးရေး ကိစ္စရပ်များတွင် အပြည့်အဝပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ ၂၀၂၄ ခုနှစ်၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်သည့်အချိန်၌ ဦးစားပေးအကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများကိစ္စ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံဘုံသဘော တူညီချက်(၅)ရပ်အပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှချမှတ် ဆောင်ရွက်လျက်ရှိသည့် ရှေ့လုပ်ငန်းစဉ်များနှင့် ချိန်ညှိအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေး ခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့သည် တက်ရောက် လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ လာအို နိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
မှီငြမ်း။ ပြန်ကြားရေးဝန်ကြီးဌာန