You are currently viewing NCA (၆) နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြားသောမိန့်ခွန်း

NCA (၆) နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြားသောမိန့်ခွန်း

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) (၆) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားတွင် ပြောကြားသောမိန့်ခွန်း

ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ခင်ဗျား-

ဒီကနေ့ဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ချုပ်ဆိုသော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုခဲ့တဲ့ (၆)နှစ်မြောက် နှစ်ပတ်လည်နေ့ပဲ ဖြစ်ပါတယ်။ ယခင်က NCA ချုပ်ဆိုခြင်း နှစ်ပတ်လည် အခမ်းအနားတွေကို နေပြည်တော်မှာ လူချင်းတွေ့ဆုံကာ ကျင်းပ ပြုလုပ်ခဲ့ပြီး (၅)နှစ်မြောက် နှစ်ပတ်လည်နေ့ကိုတော့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့အတွက် သဝဏ်လွှာ ပေးပို့ခြင်းနဲ့ Online မှ မိန့်ခွန်းပြောကြားခြင်းပဲ ပြုလုပ်ခဲ့ရပါတယ်။

ယနေ့ကျရောက်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း (၆)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားမှာ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး နိုင်ငံအကျိုး၊ ပြည်ထောင်စုအကျိုး နဲ့ပြည်သူပြည်သားအားလုံး လိုလားတောင့်တနေကြသော ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိစေရန်အတွက် ဆတက်ထမ်းပိုး တိုးတက် ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း နှုတ်ခွန်း ဆက်သအပ်ပါတယ်။ ။

ကြီးမားကျယ်ပြန့်လှတဲ့ လုပ်ငန်းစဉ်ကြီး

ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတာ သမိုင်းနဲ့ချီပြီး ကြီးမားကျယ်ပြန့်လှတဲ့ လုပ်ငန်းစဉ်ကြီးဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရ အဆက်ဆက်နဲ့ တပ်မတော်အနေနဲ့ လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။ လွတ်လပ်ရေးရယူခဲ့မှုအပေါ် သဘောထားကွဲလွဲမှုကြောင့် ဗကပ တွေတောခိုပြီး တစ်လကျော်အကြာမှာပဲ သခင်နုက ကွန်မြူနစ် တွေနဲ့ငြိမ်းချမ်းမှုရရှိစေရေး လက်ဝဲညီညွတ်ရေးမူ ၁၅ ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုကာလ၊ လွတ်လပ်ရေးရပြီးစ ကာလမှာ လွတ်လပ်ရေးကို ကြိုးပမ်းခဲ့ကြတဲ့ အင်အားစုတော်တော်များများဟာ လက်ဝဲယိမ်းသူတွေများပါတယ်။ ဒါ့ကြောင့် ဒီအဖွဲ့တွေကြား မတူတာတွေကို ဘေးဖယ်၊ တူညီတဲ့ကိစ္စတွေကို စုပေါင်းပြီး ပြည်တွင်း ညီညွတ်မှုရစေဖို့၊ ဒီကမှတစ်ဆင့် ပြည်တွင်းငြိမ်းချမ်းရေးရစေဖို့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ကွန်မြူနစ်၊ ဆိုရှယ်လစ်နဲ့ ပြည်သူ့ ရဲဘော်တို့က ကိုယ့်အဖွဲ့ကိုယ်ဖျက်ပြီး တစ်ပါတီတည်းအဖြစ် ပူးပေါင်းပါဝင် ကြိုးပမ်းကြဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့ပါတယ်။ ဖဆပလ အစိုးရအနေနဲ့ ကွန်မြူနစ်တွေနဲ့ တိုက်ခိုက် နေတဲ့ စစ်ကိုရပ်စဲပြီး လက်ဝဲညီညွတ်ရေးအတွက် ဇူလိုင်လမှာ လက်ဝဲစည်းရုံးရေးကောင်စီကို တပ်မတော် ဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းက ဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့ အဖွဲ့ဝင် ၂၁ ဦးနဲ့ ဆောင်ရွက်စေပါတယ်။ မအောင်မြင် ခဲ့ပါဘူး။ မအောင်မြင်ရတဲ့အကြောင်း များစွာရှိပါတယ်။ အဲ့ဒီထဲကအချက်တစ်ချက်ကို ပြောလိုပါတယ်။ ဒီလက်ဝဲညီညွတ်ရေးမူ ၁၅ ချက်လည်း ထုတ်ပြန်သော အင်္ဂလန်နဲ့အမေရိကန်က မြန်မာပြည်ကြီး နီသွားပြီလို့ ရေးသားတာတွေ၊ စောင့်ကြည့်ရဦးမယ်လို့ ဟိန်းဟောက်တာတွေ လုပ်လာကြပါတယ်။ အချင်းချင်းကကွဲ၊ လွတ်လပ်ရေးရပြီးစ အင်အားကလည်း နည်းနေတော့ အစိုးရအနေနဲ့ ဦးတင်ထွဋ်ကို လန်ဒန်အထိ စေလွှတ် ပြီးရှင်းပြရတဲ့ အဆင့်ထိရောက်ခဲ့ပါတယ်။ ဒါနဲ့ လက်ဝဲ ညီညွတ်ရေးမူထဲက မက်စ်ဝါဒ လေ့လာရေးအဖွဲ့ ဖွဲ့ရန် ဆိုတဲ့ အချက် ၁ ချက်ကိုဖြုတ်ပြီး ၁၄ ချက် ဖြစ်လာရပါတယ်။ ဒီနေရာမှာပြောချင်တာက အနောက် နိုင်ငံအချို့ အနေနဲ့ မြန်မာနိုင်ငံမှာ မြန်မာပြည်သူလူထုအကျိုးကို ဖော်ဆောင်ပေး နိုင်မယ့်အစိုးရ၊ မြန်မာ့ ငြိမ်းချမ်းရေးကို ဖော်ဆောင် ပေးနိုင်မယ့် အစိုးရဆိုတာမျိုးထက် သူတို့ကြိုးကိုင် ခြယ်လှယ်လို့ရမယ့် အစိုးရမျိုးတက်လာတာ၊ ရှိနေတာကိုပဲလိုချင်တာဖြစ်ပါတယ်။ နိုင်ငံတော် အစိုးရ၊ တပ်မတော်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ၁၉၄၈-၁၉၄၉ ခုနှစ်မှာ KNUနဲ့ စတင် ဆွေးနွေးခဲ့ပါ တယ်။ ၁၉၆၀ ပြည့်နှစ်မှာ ကေအင်န်ယူနဲ့ ထပ်ဆွေးနွေးခဲ့ပါတယ်။ တော်လှန်ရေးကောင်စီ တက်လာပြီးနောက်ပိုင်း ၁၉၆၃ ခုနှစ်၊ ဇွန်လမှာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းအားလုံးသို့ တော်လှန်ရေး ကောင်စီ၏ ကမ်းလှမ်းချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနှစ်ထဲမှာပဲ ဗကပနဲ့ ၇ကြိမ် ဆွေးနွေးခဲ့ပါတယ်။ KIA KIO တို့ နဲ့ ၃ ကြိမ် ဆွေးနွေးခဲ့ပါတယ်။ KNU MNSP KNPP သုံးပါတီနဲ့၊ ၎င်းတို့ပါဝင်တဲ့ မဒညတ အဖွဲ့တွေကို ၅ကြိမ်ခန့် ဆွေးနွေးခဲ့ပါတယ်။ ဒီထဲက စောဟန်တာသာမွှေး ဦးဆောင်တဲ့ ကရင်တော်လှန်ရေး ကောင်စီ (KRC)တစ်ဖွဲ့တည်းနဲ့သာ ငြိမ်းချမ်းရေး တည်ဆောက် နိုင်ခဲ့တာဖြစ်ပါတယ်။ လမ်းစဉ်ပါတီ ခေတ် ၁၉၈၀-၁၉၈၁ ခုနှစ်ထဲမှာ KIA နဲ့ ၁၀ ကြိမ်၊ ဗကပနဲ့ ၂ ကြိမ် ဆွေးနွေးခဲ့ပါတယ်။

ကွဲပြားတဲ့အယူအဆတွေ တွေ့ရ

တော်လှန်ရေးကောင်စီအနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက်ခဲ့ရာမှာ လက်နက်ကိုင် အဖွဲ့ အစည်းတွေနဲ့သာ မဟုတ်ဘဲ နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ အကြံဉာဏ်ကိုရယူပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ တိုင်းရင်းသားလူမျိုးစုများအရေးစတဲ့ နိုင်ငံနဲ့လူမျိုး အကျိုးစီးပွားဖြစ်ထွန်း စေမယ့် ကိစ္စတွေကို ဆောင်ရွက်နိုင်ဖို့ ရည်မှန်းပြီး ပြည်တွင်းညီညွတ်ရေးအကြံပေးအဖွဲ့ကို ၁၉၆၈ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက် နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။ စည်းစည်းလုံးလုံးညီညီညာညာနဲ့ တိုင်းပြုပြည်ပြု ကိစ္စတွေ ဆောင်ရွက်နိုင်ဖို့ဖြစ်ပါ တယ်။ ပြည်တွင်းညီညွတ်ရေးအဖွဲ့မှာ အဖွဲ့ဝင် ၃၃ ဦး ပါဝင်ခဲ့ပါတယ်။ ထင်ရှားတဲ့ပုဂ္ဂိုလ်တွေထဲက ဦးနု (ဝန်ကြီးချုပ်ဟောင်း)၊ ဦးကျော်ငြိမ်း၊ ဝိဓူရ သခင် ချစ်မောင်၊ ဦးဗဆွေ၊ မန်းဝင်းမောင်၊ ဒူဝါဇော်လွန်း၊ ဗိုလ်မှူး အောင်၊ ဗိုလ်မင်းခေါင်တို့ ပါဝင်ခဲ့ကြပါတယ်။ အဲဒီ ၃၃ ဦးစာရင်းကိုလေ့လာကြည့်ရင် တည်မြဲ(ဖဆပလ)။ သန့်ရှင်း(ဖဆပလ)နဲ့ ပမညတ စတဲ့ နိုင်ငံရေးအဖွဲ့ မျိုးစုံက ပုဂ္ဂိုလ်တွေပါဝင်သလို တိုင်းရင်းသားမျိုးစုံ ပါဝင်ခဲ့ပါတယ်။ ဒီအကြံပေးအဖွဲ့ အနေနဲ့ အကြံပြုခဲ့ ရာမှာ အုပ်စု ၄ စုခန့် ကွဲပြားခဲ့ပါတယ်။ အမျိုးမျိုး ကွဲပြားတဲ့ အယူအဆတွေ တွေ့ရပါတယ်။ ဒီနေရာမှာ ပြောလိုတာကတော့ အမျိုးသားရင်ကြားစေ့ရေး ဆိုတဲ့ အယူအဆနဲ့ လုပ်ဆောင်ချက်ဟာ အခုမှ ရှိတာမဟုတ်ပါဘူး။ ရှိခဲ့၊ လုပ်ခဲ့ကြပါတယ်။ ဘာကြောင့် အောင်မြင် မှုမရသလဲဆိုတာ သမိုင်း မှာ ရှာဖတ်ကြည့်စေလိုပါတယ်။ ။

၁၉၈၈ ခုနှစ်နောက်ပိုင်းမှာတော့ တပ်မတော် အစိုးလက်ထက်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကြီး ၁၇ ဖွဲ့၊ အဖွဲ့ငယ်၂၃ ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းရေးတည်ဆောက်နိုင်ခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ပါတီစုံဒီမိုကရေစီခေတ်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA)လမ်းကြောင်းကို ဖော်ဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ NCA လက်မှတ်ရေး ထိုးတဲ့ EAO အဖွဲ့ ၈ ဖွဲ့၊ ၂၀၁၈ ခုနှစ်မှာ လက်မှတ် ရေးထိုးတဲ့အဖွဲ့ ၂ ဖွဲ့၊ စုစုပေါင်း ၁၀ ဖွဲ့နဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခဲ့ပါတယ်။ NCA လက်မှတ် ရေးထိုးခဲ့တဲ့အဖွဲ့အများစုဟာ တပ်မတော် အစိုးရ လက်ထက်ကတည်းက ငြိမ်းချမ်းရေး အတွက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ လက်မှတ်ရေးထိုးခြင်း စတဲ့ကိစ္စရပ်များကို ဆောင်ရွက်ခဲ့ကြတဲ့ အဖွဲ့များဖြစ်ပါတယ်။ ဒီနေရာ မှာ ၂၀၁၅ ခုနှစ် (NCA လက်မှတ်ရေးထိုးခါနီး) မှာ EAO များကို “NCA စာချုပ်မှာ အလျင်စလို လက်မှတ်မထိုးကြဖို့ဆိုတဲ့ သတင်းစကားပျံ့ လွင့်လာမှုကိုလည်း သတိရစေလိုပါတယ်။

တပ်မတော်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး NCA လမ်းကြောင်းမှာ လျှောက်လှမ်းနိုင်ဖို့ အမြဲတိုက်တွန်း နှိုးဆော်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးလိုချင်ရင် တပ်မတော်က တစ်ဖက် သတ်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲပေးဖို့ဆိုတဲ့ သဘောထား၊ အယူအဆတွေကို ပြောလာခဲ့ပါ တယ်။ တပ်မတော်အနေနဲ့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ကစပြီး ဒီနေ့အထိ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်ပေါင်း အကြိမ် ၂၀ ပြုလုပ်ခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲပေးခဲ့ ပါတယ်။ အခုလည်း (၇၅)နှစ်ပြည့် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ကိုဗစ်-၁၉ ရောဂါကာ ကွယ်။ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်နိုင်ရေး အတွက် မြန်မာနိုင်ငံ တစ်ဝှမ်းလုံး၌ နိုင်ငံတော်ကာကွယ်ရေးနဲ့ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်တွေအပြင် နိုင်ငံတော်အစိုးရရဲ့ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးယန္တရားတွေကို နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ တပ်မတော်ရဲ့ စစ်ရေးဆိုင်ရာ လှုပ်ရှားမှု တွေကို အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဖေဖော် ဝါရီလ၂၈ ရက်နေ့အထိ ၅ လကြာ ထပ်မံတိုးမြှင့်ရပ်စဲပေးခဲ့ပါတယ်။ တပ်မတော်အနေနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်ကို အာမခံထားပြီး ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ် ဆိုတာက တစ်ဒေသနဲ့ တစ်ဒေသ၊ လူမျိုးစုတစ်ခုနဲ့တစ်ခု မတူညီတဲ့ အခွင့်အရေးတွေ မဟုတ်ဘဲ တူညီတဲ့စနစ်နဲ့ ဖော်ဆောင်ရမှာ ဖြစ်ပါတယ်။

မိမိတို့အနေနဲ့ နိုင်ငံတော် တည်ဆောက်ရာမှာ အချက် ၂ ချက်ကို အဓိကထား၍ အလေးထား ဆောင်ရွက်လျက်ရှိပြီး ပထမအချက်အနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ပါတီစုံဒီမိုကရေစီ စနစ် ခိုင်ခိုင်မာမာ တည်ဆောက်ရေးကို နိုင်ငံရေးရည်မှန်းချက်ထားပြီး လုပ်ဆောင်လျက်ရှိကြောင်း၊ ဒုတိယ အချက်အနေနဲ့ တိုင်းပြည်သာယာဝပြောရေးနဲ့ စားရေရိက္ခာပေါများရေးကို ဦးစားပေး ဆောင်ရွက်လျက် ရှိကြောင်းပြောကြားခဲ့ပါတယ်။

ဒါ ကျွန်တော်တို့အစိုးရ ဆက်လက်ဆောင်ရွက်သွားမယ့် ဦးစားပေးနိုင်ငံရေးမူဝါဒပဲ ဖြစ်ပါတယ်။ ဒီနှစ်ခုဟာ အပြန်အလှန် ဆက်စပ်လျက်ရှိပါတယ်။ တိုင်းပြည်သာယာဝပြောရေးအတွက် ဆောင်ရွက် တဲ့အခါ ကျွန်တော်တို့နိုင်ငံမှာ အဓိကလိုအပ်ချက်ကတော့ ငြိမ်းချမ်းရေးပါပဲ။

နိုင်ငံရဲ့ စိန်ရတုလွတ်လပ်ရေးနေ့

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဟာ ကျွန်တော်တို့နိုင်ငံရဲ့ (၇၅)နှစ်ပြည့် စိန်ရတု ပြည်ထောင်စု နေ့ဖြစ်ပါတယ်။ အလားတူ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ဟာ ကျွန်တော်တို့နိုင်ငံရဲ့ စိန်ရတု လွတ်လပ်ရေးနေ့ ဖြစ်ပါတယ်။ တိုင်းပြည် တစ်ပြည်အတွက် အရေးကြီးတဲ့ သမိုင်းဖြစ်စဉ်ဖြစ်ရပ်၊ နေ့ရက်ကြီး ၂ ခု စိန်ရတုတိုင်ခဲ့ပါပြီ။ မြန်မာနိုင်ငံရဲ့ လူဦးရေသက်တမ်းစံနှုန်းနဲ့ တွက်ချက်ရင် လူတစ်ယောက်ရဲ့ သက်တမ်းတစ်ခုစာလောက်ရှိပါပြီ။ အတိတ်ကိုမသိလျှင် ထပ်ကျော့အမှားတွေ ကျူးလွန်နိုင်တယ်။ အလားတူ အတိတ်ကိုအစွဲ သန်လွန်းလျှင်လည်း အနာဂတ် လမ်းပျောက်နိုင်တယ် ဆိုတဲ့ စကားရပ်ကို သတိချပ်ဖို့ ကျွန်တော်ပြောလိုပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ကျရောက် လာတော့မယ့် စိန်ရတု ပြည်ထောင်စုနေ့ ၊ စိန်ရတု လွတ်လပ်ရေးနေ့တွေ မတိုင်မီမှာ (တစ်) ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာ စေရေး လုပ်ငန်းစဉ်(နှစ်) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုစိတ်ဓာတ် ပိုမိုရှင်သန်ထက်မြက်ရေးအတွက် လုပ်ဆောင်မယ့် လုပ်ငန်းရပ်များ ချမှတ် ခြင်း၊ တိုင်းရင်းသားများပါဝင်တဲ့ ဖော်ဆောင်ရေးအဖွဲ့များ ဖွဲ့စည်းခြင်းနဲ့ လက်တွေ့လုပ်ငန်းရပ်များ ဆောင်ရွက်ခြင်းဆိုတဲ့ အဆင့် ၃ ဆင့်ကို နိုင်ငံတော်အစိုးရအနေနဲ့ အဆင့်လိုက်ဆောင်ရွက် သွားမှာ ဖြစ်ပါ တယ်။ ဒီကိစ္စတွေအတွက် တိုင်းရင်းသားပြည်သူလူထုနဲ့ ပါဝင်ပတ်သက်ရမယ့် အစုအဖွဲ့များ အားလုံးထံမှ အကြံပြုချက်များရယူခြင်း၊ အသိပေးခြင်းနဲ့ ပညာပေးခြင်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်တွေ့ကျကျ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်ရာမှာ (၁) သက်ဆိုင်ရာ တိုင်းရင်းသားများ၊ သက်ဆိုင်သူများ ကိုယ်တိုင် ပါဝင်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကျိုးဆောင်နိုင်ရေးနဲ့ မြှင့်တင်ရေး ဆောင်ရွက်ခြင်း။ (၂) အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီအဆင့်ဆင့်၊ တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင်များ တိုက်ရိုက် ဆွေးနွေးခြင်း၊ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် မြှင့်တင်ရေးအဖွဲ့များနှင့် ဆွေးနွေးခြင်း။ (၃) NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ပိုမိုခိုင်မာအောင် ဆောင်ရွက်ခြင်း၊ NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များကို NCA လက်မှတ်ရေးထိုးနိုင်အောင် ရည်ရွယ်လျက် ပစ်ခတ်တိုက် ခိုက်မှု လျော့နည်း လာစေရေး၊ နှစ်ဖက်သဘောတူညီချက်များ ရရှိရေးစတဲ့ လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားလိုပါတယ်။ ဒီနေရာမှာ အချို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အနေနဲ့ လက်ရှိအစိုးရဟာ ရွေးကောက်ခံအစိုးရမဟုတ်လို့ တွေ့ဆုံဆွေးနွေးစရာ မလိုဘူး ဆိုတဲ့ အယူအဆတွေ၊ ငြိမ်းချမ်းရေးကို အပြည့်အဝ အကောင်အထည်ဖော်ပေးနိုင်မှာ မဟုတ်ဘူး ဆိုတဲ့ အယူအဆတွေနဲ့ ပတ်သက်ပြီး စိတ်ကူးယဉ်မဆန်ဘဲ လက်တွေ့ကျကျ သုံးသပ်ဖို့လိုပါတယ်။ ၁၉၈၈ ခုနှစ် နောက်ပိုင်း တပ်မတော်အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းစဉ် ဘယ်လောက် အောင်မြင်ခဲ့တယ်၊ ဘယ်လောက် ပစ်ခတ်တိုက်ခိုက်မှုလျော့နည်းခဲ့တယ်၊ တိုင်းရင်းသား နယ်မြေတွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဘယ်လောက်တည်ဆောက်နိုင်ခဲ့တယ်၊ အဲဒီ အဖွဲ့ထဲက အများစုကပဲ NCA လက်မှတ် ရေးထိုး နိုင်ခဲ့တယ်ဆိုတာ လက်တွေ့ပဲ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ညီလာခံ၊ NCA နှစ်ပတ်လည်နေ့တွေမှာ ငြိမ်းချမ်းရေးကို တကယ် လိုလားရင် ရိုးသားတဲ့ စိတ်ရှိဖို့၊ ငြိမ်းချမ်းရေးထက် အရေးကြီးတာ ဘာမှမရှိဘူးဆိုတဲ့ ခံယူချက်ရှိဖို့ အကြိမ်ကြိမ်တိုက်တွန်းခဲ့ပါတယ်။ အစိုးရတွေဘယ် လောက် ပဲပြောင်းပြောင်း ကျွန်တော်တို့နိုင်ငံသည် ပြည်ထောင်စုမြန်မာနိုင်ငံ ပဲဖြစ်ပါတယ်။ အစိုးရဆိုတာထက် ကျွန်တော်တို့ အားလုံး ကျွန်တော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံအပေါ် သစ္စာရှိဖို့၊ နိုင်ငံတော်ငြိမ်းချမ်းရေး အတွက် ရိုးသားစစ်မှန်တဲ့ စိတ်ရင်း စေတနာနဲ့ ဆောင်ရွက်ဖို့ ဟာ အဓိကဖြစ်ပါတယ်။ ဒါကြောင့် NCA လက်မှတ်ရေးထိုးပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အနေနဲ့ NCA စာချုပ်ကို ပိုမိုခိုင်မာ အောင်၊ NCA လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အနေနဲ့လည်း လက်ရှိအခြေအနေထက် ပိုမိုတဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး အဆင့်တစ်ဆင့်ကို တက်လှမ်း နိုင်အောင်၊ ၎င်းမှ NCA စာချုပ်ထဲမှာ ပါဝင်လက်မှတ်ရေးထိုးနိုင်အောင် စိန်ရတု ပြည်ထောင်စုနေ့ သန္နိဋ္ဌာန် ဖြင့်တိုက်တွန်းလိုပါတယ်။

 

ငြိမ်းချမ်းရေးကမ်းလှမ်းမှုများပြုလုပ်

ကျွန်တော်တို့ ပြည်ထောင်စုသမ္မတနိုင်ငံတော်ကို ၂၀၁၁ ခုနှစ်မှာ ပါတီစုံဒီမိုကရေစီစနစ်သို့ ကူးပြောင်းပြီးနောက် ပထမအစိုးရကာလမှာ ပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာ အောင် တည်ဆောက်ရေးမှာ အရေးပါတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို စတင်နိုင်ဖို့ ၂၀၁၁ ခုနှစ်၊ သြဂုတ် လ ၁၈ ရက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေး ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ပါ တယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (၁၈)ဖွဲ့နဲ့ (၄)နှစ်ကျော် ကြာ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ကိုအကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်မှာတော့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၈) ဖွဲ့ တို့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုး နိုင်ခဲ့ကြပြီး ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်မှာ မွန်ပြည်သစ်ပါတီ (NMSP)နဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ လက်မှတ်ရေးထိုးနိုင်ခဲ့ တဲ့အတွက် လက်ရှိအချိန်ထိ NCA လက်မှတ်ရေး ထိုးပြီးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ ရှိပြီဖြစ်ပါတယ်။ ဒီအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်များရဲ့ အဲဒီတုန်းက ရှိခဲ့တဲ့ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှု၊ စိတ်ဓာတ်နဲ့လုပ်ရပ်တွေကို ထပ်လောင်း အသိအမှတ်ပြု ဂုဏ်ယူပါတယ်။

အားလုံးပိုင်ဆိုင်တဲ့စာချုပ်

NCA စာချုပ်ဟာ တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့ တည်းကရေးဆွဲထားတာ မဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ လိုလားချက်တွေ၊ ကနဦး အဆိုပြုချက်တွေ အပေါ် မူတည်ပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး အသေးစိတ်အကျေအလည် အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်း သဘောတူ ရေးဆွဲထားတဲ့ စာချုပ်ဖြစ် တဲ့အတွက် အားလုံးပိုင်ဆိုင်တဲ့ စာချုပ်လည်း ဖြစ်ပါတယ်။ ပြည်သူ တစ်ရပ်လုံးရဲ့ ထောက်ခံအားပေးမှု ကိုလည်း ရရှိခဲ့တဲ့အပြင် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု၊ ဂုဏ်ယူ လေးစားမှုကို ရရှိနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် NCA စာချုပ်ဟာ ကျွန်တော်တို့အတွက် အစဉ်အမြဲအလေးထားရမယ့် မေ့ဖျောက်ပစ်လို့မရတဲ့ စာချုပ်ဖြစ်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

NCA စာချုပ်ကို ချုပ်ဆိုပြီးနောက် NCA စာချုပ်ပါ အချက်အလက်များအတိုင်း ငြိမ်းချမ်းရေး ဆွေးနွေး ပွဲများကို စဉ်ဆက်မပြတ် အခက်အခဲ အမျိုးမျိုးကြားမှ မလျော့သောဇွဲဖြင့် ဆက်လက် လုပ်ဆောင်နိုင်ခဲ့ကြလို့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ၅ ကြိမ်ထိ ကျင်းပနိုင်ခဲ့ပြီး သဘောတူညီ ချက် (၃၇)ချက်ပါရှိတဲ့ ပြည်ထောင်စု သဘောတူ စာချုပ် အစိတ်အပိုင်း(၁)၊ သဘောတူညီချက်(၁၄) ချက်ပါဝင်တဲ့ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၂)နဲ့ သဘောတူညီချက် (၂၁)ချက် ပါဝင်တဲ့ ပြည်ထောင်စုသဘောတူ စာချုပ် အစိတ်အပိုင်း(၃)တို့ကို ချုပ်ဆိုနိုင်ခဲ့ပြီး စုစုပေါင်းသဘောတူညီချက်(၇၂)ချက် ရရှိခဲ့ပြီးဖြစ်ပါတယ်။ ဒီဆွေးနွေးချက်၊ သဘောတူညီချက်တွေဟာ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေ အားလုံးရည်မှန်းထားတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက် နိုင်ရေးကို ဦးတည်ဆွေးနွေးခဲ့ကြတာဖြစ်ပြီး ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃) မှာ ဒီမို ကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို အဆင့်လိုက်၊ အပိုင်းလိုက် ညှိနှိုင်း ဆောင်ရွက် သွားကြမယ်လို့ သဘောတူညီခဲ့ကြပြီး ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် နှောင်းပိုင်းကစတင် ဖြစ်ပွားလာခဲ့တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကို အကြောင်းပြုပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မပြုလုပ်နိုင်ခဲ့သော်လည်း ယခုအခါကာလမှာ ကိုဗစ်-၁၉ ကူးစက်မှုနှုန်း လျော့ကျလာခဲ့ပြီဖြစ်လို့ အားလုံးရည်မှန်းထားတဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ဖို့ လမ်းကြောင်းမပျောက်ဘဲ ခိုင်မာတဲ့ သန္နိဋ္ဌာန်ဖြင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေး ပွဲလမ်းကြောင်းတွေကနေ သဘောတူညီချက်တွေ ရရှိပြီး ရည်မှန်းချက်ရောက်တဲ့အထိ ဆက်လက် လျှောက်လှမ်းသွားကြရမှာဖြစ်ကြောင်း တိုက်တွန်း ပြောကြားလိုပါတယ်။

လူနည်းစုဆန္ဒကိုအလေးထား

မိမိတို့အားလုံးလက်ခံထားတဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုကြီး တည်ဆောက်ရာမှာ တိုင်းဒေသကြီး ပြည်နယ်အားလုံးမှ တိုင်းရင်းသားအားလုံးသည် တူညီတဲ့ ဖက်ဒရယ် အခွင့်အရေးများ အကုန်ရရှိရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီနှင့် ပတ်သက်၍ အများဆန္ဒ အတိုင်း ဆောင်ရွက် နေသလို လူနည်းစုဆန္ဒကိုလည်း အလေးထားရန် လိုအပ်ပါတယ်။ မိမိဆန္ဒနဲ့ မကိုက်ညီတာနဲ့ ရန်သူလို့ သဘောထားပြီး ခွဲခြားဆက်ဆံမှုများ၊ လူမှုဆက်ဆံရေးအရ ပြစ်ဒဏ်ခတ်ပြီး လူ့အသိုက်အဝန်းမှ ဖယ်ကြဉ် ထားခြင်းမျိုးဟာ ကျေးပိုင်ကျွန်ပိုင်ခေတ်က လူတန်းစားခွဲခြားသည့် အတွေးအခေါ်များဖြစ်ပြီး ဒီမိုကရေစီနဲ့ ကိုက်ညီမှု မရှိတာကို တွေ့ရပါတယ်။ တိုင်းပြည်တစ်ခုတွင် ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်စေချင်တယ်ဆိုရင် နိုင်ငံရေးတည်ငြိမ်အေးချမ်းမှုရှိရမှာဖြစ်ပြီး လုံခြုံရေးလည်း တည်ငြိမ်အေးချမ်းရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်မှာ လက်ရှိဖြစ်ပွားနေသော ကိစ္စရပ် များဟာ ဒီမိုကရေစီမရင့်ကျက်သေးသဖြင့် ဖြစ်ပေါ်လာသည့် ကိစ္စရပ်များဖြစ်ကြောင်း သတိပြုစေလို ပါတယ်။

ဖက်ဒရယ်စနစ်နဲ့ပတ်သက်၍ မိမိတို့လိုရာကို အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုပြီး ပြောဆိုနေကြသော်လည်း အနှစ်သာရမှာ ပေါင်းစည်းခြင်းနှင့် သဟဇာတ ဖြစ်မှုပင် ဖြစ်ပါတယ်။ မတူကွဲပြားသည့် တိုင်းဒေသ ကြီးများ၊ ပြည်နယ်များ၊ လူမျိုးများ၊ လူမျိုးစုများကို စုစည်းထားရာမှ အာဏာ (၃)ရပ်ကို ခွဲဝေ ကျင့်သုံးခြင်းပင် ဖြစ်ပါတယ်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်နဲ့ပတ်သက်ပြီး မည်သို့ပင် အယူဝါဒ အမျိုးမျိုးကွဲပြားနေပါစေ မိမိတို့နိုင်ငံနဲ့သဟဇာတ ဖြစ်မယ့်စနစ်မျိုးကို ရွေးချယ်ဆောင်ရွက်သွားကြ ရမှာဖြစ်ပါတယ်။ မိမိတို့အနေနဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင်း နေထိုင်ကြတဲ့ ညီအစ်ကို မောင်နှမများအားလုံး အတူတကွ ငြိမ်းချမ်းသာယာစွာ အတူယှဉ်တွဲ နေထိုင်ကြမယ် ဆိုတဲ့ အခြေခံစိတ်ဓာတ်နဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်နဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှု တွေကို ဆွေးနွေးပွဲများမှတစ်ဆင့် အကျေအလည်ညှိနှိုင်း ဖြေရှင်း သွားကြ ရမှာ ဖြစ်ပါတယ်။

တိုင်းရင်းသား ညီနောင်များ ခင်ဗျား

ယနေ့ကာလဟာ ၂၀၂၀ ပြည့်နှစ်ရွေးကောက် ပွဲမှာ NLD ပါတီရဲ့ မဲမသမာမှုတွေအပေါ် တပ်မတော်နဲ့ နိုင်ငံရေးပါတီတွေက ညှိနှိုင်းဆွေးနွေးအဖြေရှာဖို့ အကြိမ်ကြိမ် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားခဲ့ပေ မယ့် မအောင်မြင်ခဲ့လို့ တပ်မတော်က ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)အရ နိုင်ငံတော်တာဝန်ကို ထိန်းသိမ်း ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့ ဦးဆောင်နေတဲ့ကာလ ဖြစ်ပါတယ်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံတော်ကို တာဝန်ယူပြီးသည့် အချိန်မှစပြီး ရှေ့လုပ်ငန်းစဉ် (၅) ရပ်နဲ့ ဦးတည်ချက် (၉)ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိရာမှာ ထာဝရငြိမ်းချမ်း ရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)ပါ သဘော တူညီချက်များအတိုင်း အလေးထား လုပ်ဆောင်လျက်ရှိပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တပ်မတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီကို ပြင်ဆင်ဖွဲ့စည်းပေးပြီး ဖေဖော်ဝါရီ လ ၁၇ ရက်နေ့မှာ အမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ လုပ်ငန်း ကော်မတီနဲ့ ညှိနှိုင်းရေးကော်မတီတို့ကို ဖွဲ့စည်းခဲ့ပါတယ်။

လက်ရှိကာလမှာ ညှိနှိုင်းရေး ကော်မတီအနေနဲ့ NCA လက်မှတ်ရေးထိုးပြီးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ လက်မှတ် မရေးထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေးပါတီတို့ကို စုစုပေါင်း (၂၁) ကြိမ်တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ရပ်တန့်မှုမရှိအောင် အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက် ရှိပါတယ်။

တရားဥပဒေ စိုးမိုးရေးကိုထိခိုက်စေ

နိုင်ငံတော်အစိုးရအနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသော် လည်း မိမိတို့နိုင်ငံရဲ့ အကျိုးစီးပွားကိုမလိုလားသော နိုင်ငံကို ဖျက်လိုဖျက်ဆီးလုပ်လိုသည့် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ၊ မီဒီယာများနဲ့ အာဏာကို အကြမ်းဖက်နည်းနဲ့ ရယူလိုသူတွေဖြစ်တဲ့ NLD ပါတီဝင် အစွန်းရောက်များ၊ NUG CRPH & PDF အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းများရဲ့ အကြမ်းဖက် လုပ်ရပ်များ ကြောင့် နိုင်ငံတော်ရဲ့ ဒေသအချို့မှာ နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးကိုထိခိုက်စေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် အတိုင်းအတာ တစ်ခုအထိ အဟန့်အတား ဖြစ်ပေါ်စေလျက် ရှိနေတာ ကိုလည်းတွေ့ရှိရမှာ ဖြစ်ပါတယ်။

NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့ဟာလည်း ပြည်တွင်း/ပ ြည်ပ အဖွဲ့အစည်းအချို့ရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ငြိမ်းချမ်းရေးလမ်းကြောင်းမှ သွေဖည်လုပ် ဆောင်လိုတဲ့ သဘောထားဆောင်ရွက်ချက်များ တွေ့ရှိလာရသလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ယုံကြည်မှု ပျက်ပြားစေမယ့် မလုပ်သင့်မလုပ်ထိုက်တဲ့ လုပ်ရပ်များလုပ်ဆောင်ပြီး နိုင်ငံတော်အစိုးရမှ အကြမ်းဖက် အဖြစ် သတ်မှတ်ထားတဲ့ အဖွဲ့အစည်းများနဲ့ ပါဝင်ပတ်သက်မှုတွေ ရှိနေတာလည်း တွေ့ရပါတယ်။ သို့ပေ မယ်လို့ နိုင်ငံတော်အစိုးရ အနေနဲ့ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ မထိခိုက်အောင် သဘောထားကြီး စွာနဲ့ တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော် အစမှာပြောခဲ့သလို NCA ဟာ ကျွန်တော်တို့ အားလုံး အကြိမ်ကြိမ် တွေ့ဆုံညှိနှိုင်း၍ ခက်ခက်ခဲခဲ အဖြေရှာပြီးမှ နှစ်ပေါင်း (၇၀) ကျော် ကာလမှာ ပထမဆုံးရလာခဲ့တဲ့ ငြိမ်းချမ်းရေး လမ်းစဖြစ်ပါတယ်။ အကြမ်းဖက်လုပ်ရပ်များ၊ အဖျက်အမှောင့် လုပ်ရပ်များ၊ ပြည်တွင်းပြည်ပ ပယောဂများ၊ မီဒီယာများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် NCA ဆိုတဲ့ ငြိမ်းချမ်းရေးလမ်းကြောင်း ပျောက်ပျက်မသွားဖို့ အထူးသတိပြုစေလိုကြောင်း ပြောကြားလိုပါတယ်။ ။

မိမိတို့အစိုးရအနေနဲ့ စစ်မှန်ပြီး စည်းကမ်း ပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုက ရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့အတွက် နိုင်ငံရေး လုပ်ငန်းစဉ် များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ ဒီကိစ္စကို ကျွန်တော်တို့အစိုးရက ခိုင်ခိုင် မာမာ အာမခံပါတယ်။ ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေနဲ့ နိုင်ငံတော်က ချမှတ် လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်များနဲ့ လက်ရှိပကတိ အခြေအနေမှန်များကို မှန်ကန်စွာ သိရှိနားလည်ပြီး အချို့မီဒီယာများရဲ့ မဟုတ်မမှန်သတင်းများကို စိစစ်စဉ်းစားချင့်ချိန်နိုင်ဖို့နဲ့ မိမိတို့ လျှောက်လှမ်းနေသော ငြိမ်းချမ်းရေးလမ်းကြောင်းကို ထိခိုက်စေမယ့် အပြုအမူများကို ရှောင်ရှားကြဖို့လိုအပ်ကြောင်း တိုက်တွန်း ပြောကြားလိုပါတယ်။ NCA ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်မှာ ယုံယုံကြည်ကြည်နဲ့ ခိုင်မာစွာ ဆက်လက် လျှောက်လှမ်းခြင်းဟာ နိုင်ငံတော်အစိုးရက လက်ရှိဦးတည်သွားနေသော လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို သတ်မှတ်ချိန်အတွင်း ကျင်းပနိုင်ခြင်းအားဖြင့် ပြည်သူက ရွေးချယ်ပေးတဲ့ဒီမိုကရေစီအစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာရေးကို အားပေးကူညီရာရောက်မှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။

တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား

လက်ရှိအခြေအနေမှာ တစ်ကမ္ဘာလုံး ကိုဗစ်၁၉ ကပ်ရောဂါကို ၂၀၁၉ ခုနှစ် နှောင်းပိုင်းမှစ၍ ယခုအထိ ခံစားနေရတဲ့ကာလ ဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ပြည်သူလူထု၏အသက်ထက် အရေးကြီးတာ ဘာမျှမရှိ ဟူသော မူဝါဒနဲ့ တစ်နိုင်ငံလုံး၊ ပြည်သူလူထုတစ်ရပ်လုံးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို ရှိသမျှ ခွန်အား၊ စွမ်းအားဖြင့် အစွမ်းကုန်ကြိုးပမ်း အားထုတ်လျက် ရှိပါတယ်။ ထိုသို့ဆောင်ရွက်ရာ တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုအတွင်း နေထိုင်ကြသောတိုင်းရင်းသားများ ဆိုတာထက် လူမျိုးဘာသာမရွေး လူသား အားလုံးကို ကျန်းမာရေး စောင့်ရှောက်မှု တန်းတူ အခွင့်အရေး ခံစားခွင့်ရရှိစေရမယ်ဆိုတဲ့မူဝါဒနှင့် အညီ NCA လက်မှတ် ရေးထိုး ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေသာမက NCA လက်မှတ် မရေးထိုးရသေးတဲ့ တိုင်းရင်း သားလက်နက် ကိုင်အဖွဲ့ အားလုံးနဲ့ နယ်စပ်ဒေသနေ ပြည်သူ လူထုများ၊ တိုက်ပွဲရှောင်စခန်းရှိ ပြည်သူများ အားလုံးအတွက်ပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်လျက် ရှိပါတယ်။ အချို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အတွက် ဦးစားပေးအရေအတွက်အလိုက် စတင်ထိုးနှံပြီးဖြစ်ကြောင်း နဲ့ ကျန်းမာရေး အသိအမြင်နဲ့ သာရှုမြင်ပြီး ကာကွယ်ဆေးများ အချိန်မီထိုးနှံနိုင်ရေး ညှိနှိုင်း ရေးကော်မတီနဲ့ ပေါင်းစပ်ဆောင်ရွက် သွားရန်လိုအပ်ကြောင်း အသိပေး ပြောကြားလိုပါတယ်။

တွေ့ဆုံဆွေးနွေးရေး

  ကျွန်တော်တို့အစိုးရအနေနဲ့ ထာဝရငြိမ်းချမ်း ရေးရရှိရေးအတွက် NCA စာချုပ် ပါအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် အမြဲ တံခါးဖွင့်လှစ် ထားရှိကြောင်း အတိအလင်း ကြေညာထားပြီး ဖြစ်ပါတယ်။ တပ်မတော်အနေဖြင့် နိုင်ငံတော်အစိုးရ တာဝန်ကို ရယူထားချိန်ဖြစ်လို့ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ အကောင်အထည် ဖော်ရာတွင် ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုသည့် အဆင့်မှအပ ကျန်သည့် အစိတ်အပိုင်း များ ဆောင်ရွက်၍ ရနိုင်ကြောင်း ပြောကြားလိုပါတယ်။ လက်ရှိနိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများနှင့် စပ်လျဉ်း၍ ရွေးကောက်ခံအစိုးရ၊ လွှတ်တော်များနှင့် လွှတ်တော်ကိုယ်စားလှယ်များမရှိသည့် အတွက်ကြောင့် ဆောင်ရွက်၍မရနိုင်ဟု ထင်မြင် ယူဆဖွယ် ဖြစ်သော်လည်း ရွေးကောက်ပွဲ ထပ်မံ ကျင်းပပြီးစီးပါက နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် များကသာ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ ဝင်များဖြစ်လာမှာ ဖြစ်သည့်အတွက် ယခုကာလတွင် မိမိတို့ အနေဖြင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို သက်ဆိုင်သူများနဲ့ စဉ်ဆက်မပြတ် ဆောင်ရွက်နေခြင်းအားဖြင့် ပိုမိုခရီးရောက်စေမည် ဖြစ်ပါတယ်။

မိမိတို့နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပြည်သူအားလုံး အလိုချင်ဆုံး၊ အတောင့်တဆုံးဆန္ဒ ဖြစ်တဲ့ နောင်လာမယ့် မျိုးဆက်သစ်များအတွက် ငြိမ်းချမ်းတဲ့ အမွေကောင်းတစ်ခု ချန်ထားခဲ့ရန် လိုအပ်တဲ့ အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အချိန်မဆွဲဘဲ ဖြစ်နိုင်သမျှ မြန်မြန်လုပ်ဆောင်ဖို့လို အပ်ပါတယ်။ သဘာဝသယံဇာတများ ပေါကြွယ်ဝတဲ့ မိမိတို့နိုင်ငံအနေနဲ့ ငြိမ်းချမ်းရေး အမြန်ရရှိလေ တိုင်းပြည်တည်ငြိမ် အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်လေဖြစ်မှာ ဖြစ်ပါတယ်။ နိုင်ငံတော် အစိုးရနှင့် တပ်မတော်အနေနဲ့ ထာဝရငြိမ်းချမ်းရေးကို အလေးအနက်ထား အကောင်အထည်ဖော် နေချိန်ဖြစ်လို့ ယနေ့အချိန်ကာလဟာ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ရော၊ NCA လက်မှတ် မရေးထိုး ရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရော တိုင်းပြည်အကျိုး စီးပွား၊ ပြည်သူပြည်သားများ အားလုံးရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး ငြိမ်းချမ်းရေး လမ်းကြောင်းပေါ် လျှောက်လှမ်းရန်အတွက် အကောင်း ဆုံးအချိန်ဖြစ်ကြောင်း ပြောကြားလိုပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ ဆရာဇော်ဂျီရဲ့ ကဗျာလေးတစ်ပိုဒ်နဲ့ပဲ အဆုံး သတ်လိုပါတယ်။ အဲဒါကတော့

ထလော့မြန်မာ၊ မြန်မာထလော့ – အားမပျော့ နှင့်၊ မလျှော့လုံ့လ – သူကစ၍ ငါကအားလုံး – လက်ရုံးမြားမြောင်၊ ဉာဏ်မြားမြောင်နှင့် – စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့ – ဤမြေဤရွာ၊ ဘယ်သူ့ ရွာလဲ – ဤယာစပါး၊ ဘယ်သူ့စပါးလဲ – ထားလော့တာဝန်၊ ပွန်လော့ လုပ်ငန်း – ဉာဏ်ရှေ့ပန်း၍-တစ်စိတ် တစ်ဝမ်းညီစေ သတည်း

ငြိမ်းချမ်းရေးအတွက် ကျွန်တော်တို့အားလုံး တစ်စိတ်တစ်ဝမ်း ညီညွတ်ကြပါစို့ ခင်ဗျား။

အားလုံးကိုကျေးဇူးတင်ပါတယ်။

 

မှီငြမ်း

၁၆-၁၀-၂၀၂၁ ရက်ထုတ် မြန်မာ့အလင်းသတင်းစာ

NSPD