ဒီကနေ့ဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ချုပ်ဆိုခဲ့တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ချုပ်ဆိုခဲ့တဲ့ (၃)နှစ်မြောက် နှစ်ပတ်လည်နေ့ပဲ ဖြစ်ပါတယ်။ ဒီနှစ်ပတ်လည်နေ့မှာ အစိုးရနဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ သီးသန့်အစည်းအဝေးသို့ တက်ရောက်လာကြတဲ့ တာဝန်ရှိသူများအားလုံး နှလုံးစိတ်ဝမ်း အေးချမ်း ၍ ငြိမ်းချမ်းသာယာရှိကြပါစေကြောင်း ဦးစွာဆုတောင်းဆန္ဒပြု နှုတ်ခွန်းဆက်လိုက်ပါတယ်။
ဒီတစ်ခါပြုလုပ်တဲ့ နှစ်ပတ်လည်နေ့ဟာ ကျန်ခဲ့တဲ့နှစ်ပတ်လည်နေ့ နှစ်ကြိမ်ထက် အသွင်သဏ္ဍာန်အားဖြင့်ကော၊ အနှစ်သာရအားဖြင့်ပါ ထူးခြားမှုများရှိနေကြောင်း တိုင်းရင်းသားပြည်သူလူထုက သိရှိကြပါတယ်။ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက ငြိမ်းချမ်းရေးအတွက် ခါတိုင်းမျှော်လင့်သည်ထက် ပိုမိုမျှော်လင့်လာတာတွေ၊ ပိုမိုစိတ်ပါဝင်စားလာတာတွေကို ကျွန်တော်တို့သိရှိပါတယ်။ ငြိမ်းချမ်းစေလိုတဲ့ ပြည်သူတွေရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ကျွန်တော်တို့ ဒီနေရာမှာ ဒီအချိန်မှာ စုစည်းပြီး သမိုင်းပေးတာဝန်ကို ထမ်းဆောင်နေကြတာဖြစ်ပါတယ်။ ဒီသမိုင်းပေးတာဝန်ကို တပ်မတော်အနေနဲ့ ကျေပွန်စွာ ထမ်းဆောင်နိုင်ရေး၊ တဒင်္ဂငြိမ်းချမ်းရေးမဟုတ်တဲ့ ထာဝရငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီခိုင်မာရေးကိုဖော်ဆောင်နိုင်ရေး ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ယခင်(NCA)စာချုပ် ချုပ်ဆိုခြင်းအခမ်းအနား နှစ်ပတ်လည်နေ့တွေမှာ မိန့်ခွန်းတွေပြော၊ ညစာစားပွဲတွေ လုပ်ကြပါတယ်။ အထိမ်းအမှတ်အခမ်းအနားထက်တော့ နည်းနည်းထူးခြားပါတယ်။ ဒီနှစ်မှာတော့ ဆွေးနွေးပွဲတွေပါ ဆက်ပြီးကျင်းပသွားမှာဖြစ်လို့ ထူးခြားပါတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အရှိန်အဟုန် မြှင့်တင်သွားနိုင်မှာဖြစ်ပါတယ်။ တပ်မတော်အနေနဲ့လည်း ၂၀၂၀ပြည့်နှစ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များပြီးမြောက်စေရေး သန္နိဋ္ဌာန်ချထားကြောင်းကိုလည်း ကျွန်တော့်ရဲ့ပြီးခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ အဖွင့်မိန့်ခွန်းမှာ ပြောကြားပြီးဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ဒီသန္နိဋ္ဌာန်အတိုင်းပဲ ဖြစ်မြောက်အောင်ဆောင်ရွက်ပြီး တိုင်းရင်းသားပြည်သူလူထု လိုလားတောင့်တနေတဲ့ ထာဝရငြိမ်းချမ်းရေးကို ပြည်သူ့ လက်သို့ အရောက်အပ်နှင်းမှာဖြစ်ကြောင်း ထပ်လောင်း ပြောကြားလိုပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်အတွင်း ညီလာခံ ၃ ကြိမ်ကျင်းပပြီး အခြေခံမူတွေ ရရှိအောင် ဆောင်ရွက်မယ်လို့ ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပါတယ်။ ပြီးခဲ့တဲ့ ငြိမ်းချမ်းရေး ညီလာခံတွေမှာ နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍနဲ့ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍတွေအတွက် အခြေခံမူ ၅၁ ချက်ရပြီးဖြစ်ပါတယ်။ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းများအဖြစ် စုစည်းထားပြီးဖြစ်ပါတယ်။ ဒီအခြေခံမူတွေ ချမှတ်နိုင်တာဟာ NCA ရဲ့ အကျိုးကျေးဇူးကြောင့်၊ NCA ပါ နိုင်ငံရေး လမ်းပြမြေပုံအတိုင်း ဆောင်ရွက်ခဲ့ကြလို့ဖြစ်ပါတယ်။ တစ်ချိန်က စစ်မြေပြင်မှာ တစ်ဖက်နဲ့တစ်ဖက် လက်နက်ကိုင်ပြီး တိုက်ခိုက်နေရာကနေ တစ်စားပွဲတည်းထိုင်ပြီး စကားပြော၊ သဘောတူညီချက်တွေ ထုတ်နိုင်တာဟာ လွယ်ကူတဲ့ လုပ်ငန်းစဉ်မဟုတ်ပါဘူး။ NCA က ပေးတဲ့ စုပေါင်းစိတ်ဓာတ်၊ ညှိနှိုင်းဆွေးနွေးခြင်းရလဒ်တွေပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အခြေခံမူတွေကို ချမှတ်ရာမှာလည်း NCA ရဲ့ အခန်း (၁)၊ အခြေခံမူ(၁၁) ချက်အတိုင်း လိုက်နာဆောင်ရွက်သွားကြဖို့လိုပါတယ်။ ဂဃနဏ နားလည်သဘောပေါက်ဖို့ လိုအပ်မှာဖြစ်ကြောင်း အကြံပြုလိုပါတယ်။ အခြေခံမူ(၁၁)ချက်ထဲက ပထမအချက်မှာ ဒီနေ့ ငြိမ်းချမ်းရေးရဲ့ အုတ်မြစ်ဖြစ်တဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ တောင်းဆိုနေတဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စုကို ဘယ်လိုတည်ဆောက်မလဲဆိုတာကို ရှင်းရှင်းလင်းလင်း ရေးသားသဘောတူခဲ့ကြပါတယ်။ မလွဲမသွေလိုက်နာဖို့ လိုအပ်တဲ့ရှေးရှုချက် သို့မဟုတ် ရည်မှန်းချက် ၃ ခု၊ အခြေခံအချက် ၃ ခုနဲ့ အာမခံချက် ၃ ခုတို့ ပါဝင်တာတွေ့ရမှာ ဖြစ်ပါတယ်။
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံတဲ့ ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်တွေနဲ့ တည်ဆောက်သွားမယ်လို့ သဘောတူညီထားပါတယ်။ ဒီလိုတည်ဆောက်ရာမှာ ရှေးရှုရာမှာ၊ ရည်မှန်းချက်ထားရမှာက ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့ ဒို့တာဝန်အရေးသုံးပါးပဲ ဖြစ်ပါတယ်။ အခြေခံရမှာက လောကပါလ တရား (၃)ပါးဖြစ်တဲ့ လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ တရားမျှတမှုတို့ ဖြစ်ပါတယ်။ အာမခံထားတာက ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတို့ပဲ ဖြစ်ပါတယ်။ ဒီအာမခံချက်တွေရရှိဖို့ ကျွန်တော်တို့ လိုက်နာရမှာက ဒို့တာဝန်အရေးသုံးပါးဖြစ်ကြောင်း သတိပြုကြစေလိုပါတယ်။ ဒီနေ့ ငြိမ်းချမ်းရေးညီလာခံမှာ ဆွေးနွေးရခက်နေတယ်လို့ပြောနေကြတဲ့ “ခွဲမထွက်ရ”ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပြောလိုပါတယ်။ လက်နက်ကိုင်လမ်းစဉ်ကိုစွန့်ပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေပြုလုပ်ရာမှာ အမြဲဦးတည်ထားရမှာက ဒို့တာဝန်အရေးသုံးပါး ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်ထောင်စုပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြိုကွဲရေးကို ဦးတည်တဲ့ကိစ္စတွေကို မူလဆွေးနွေးမှုမှာကတည်းက ရှောင်ရှားဖို့ လိုမှာဖြစ်ပါတယ်။ ပြည်ထောင်စုရဲ့ မည်သည့်အစိတ်အပိုင်းကိုမဆို ပြည်ထောင်စုမှ ခွဲထွက်ခြင်း မပြုရလို့လည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ ပုဒ်မ ၁၀ မှာ အတိအလင်း ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် “ခွဲမထွက်ရ”ဆိုတဲ့ စကားရပ်ဟာ ထာဝရငြိမ်းချမ်းရေးအတွက် အမှန်တကယ် လိုအပ်တဲ့ စကားရပ်တစ်ခု၊ အာမခံချက်တစ်ခုဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ယနေ့ ကျင်းပပြုလုပ်နေတဲ့ နှစ်ပတ်လည်နေ့အပါအဝင် ငြိမ်းချမ်းရေးညီလာခံများဟာ သမ္မတ ဦးသိန်းစိန် လက်ထက် ၂၀၁၁ ခုနှစ် ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်က အစပျိုးခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့မှာ ထုတ်ပြန် ကြေညာခဲ့တဲ့ “ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခြင်း” ဆိုတဲ့ ဖိတ်ခေါ်ချက်အရ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ ဆွေးနွေးရာမှာ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာလက်ခံဖို့၊ ခွဲထွက်ရေးကိစ္စမပြောဖို့ ကနဦးသဘောတူပြီးမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ တိုးတက်ဆောင်ရွက်ခဲ့တယ်ဆိုတာကို အမှတ်ရကြဖို့ လိုပါတယ်။ ဒါ့ကြောင့် “ခွဲမထွက်ရ”ဆိုတဲ့ သဘောတူညီချက်ကို ထည့်သင့်/ မထည့်သင့် အငြင်းပွားနေစရာ မလိုပါဘူး။ NCA ရဲ့ အခြေခံမူ၊ ၂၀၀၈ ခုနှစ် အခြေခံဥပဒေရဲ့ အခြေခံမူတွေအရ ထည့်ကိုထည့်ရမယ့်သဘောတူညီချက်ဖြစ်ကြောင်း ပြောလိုပါတယ်။ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း ဆိုတာ”တိုက်တွန်းချက်၊ တားမြစ်ချက်” လို့လည်း အဓိပ္ပာယ် ဖွင့်ဆိုကြပါတယ်။ ဥပဒေကဲ့သို့ သဘောသက်ရောက်တဲ့ ပြည်ထောင်စုသဘောတူစာချုပ်မှာလည်း တိုက်တွန်းချက်၊ လုပ်ဆောင်ရမှာတွေကို ဖော်ပြသလို တားမြစ်ချက်တွေ၊ မလုပ်ဆောင်ရမှာတွေကိုလည်း ဖော်ပြထားမှ ပြည့်စုံမှာဖြစ်ပါတယ်။ “ခွဲမထွက်ရ” ဆိုတဲ့ တားမြစ်ချက်ကို ထည့်သွင်းခြင်းဟာ အချို့အဖွဲ့အစည်းများ ပြောနေသလို တိုင်းရင်းသားညီအစ်ကိုမောင်နှမများအပေါ် မယုံကြည်လို့ မဟုတ်ပါဘူး။ ရေရှည်အတွက် အာမခံချက် အပြည့်ရှိစေဖို့၊ ယုံကြည်ချင်လို့၊ တစ်ဦးနဲ့တစ်ဦး သံသယ ကင်းကင်းနဲ့ ထာဝရငြိမ်းချမ်းရေး လမ်းပေါ်မှာ အတူတကွ လက်တွဲချင်လို့သာဖြစ်ကြောင်း ပြောကြားလိုပါတယ်။
ပြည်ထောင်စုစနစ်၊ သို့မဟုတ် ဖက်ဒရယ်စနစ်ဆိုတာ မတူကွဲပြားတဲ့ တိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေ၊ လူမျိုးတွေ၊ လူမျိုးစုတွေကို စုစည်းထားရာမှာ အချုပ်အခြာအာဏာကို ခွဲဝေကျင့်သုံးတဲ့ အယူအဆ သဘောတရားတစ်ရပ်ဖြစ်ပါတယ်။ ဖက်ဒရယ်စနစ်ကို တစ်သမတ်တည်း ပုံသေမှတ်ယူလို့မရသလို နိုင်ငံအလိုက်ကျင့်သုံးမှုကလည်း တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူနိုင်ကြောင်း တွေ့ရှိရမှာဖြစ်ပါတယ်။ ပြည်ထောင်စုစနစ်အတွက် ပေါင်းစည်းကြရာမှာလည်း အတူယှဉ်တွဲနေထိုင်သည့် ဖက်ဒရယ်စနစ် (Coming together Federalism)၊ သိမ်းသွင်းနေထိုင်သည့် ဖက်ဒရယ်စနစ် (Putting together Federalism)၊ အတူပေါင်းစည်း နေထိုင်သည့် ဖက်ဒရယ်စနစ် (Holding together Federalism) ဆိုပြီး ရှိကြရာမှာ ကျွန်တော်တို့နိုင်ငံသည် အင်္ဂလိပ်ကိုလိုနီမဖြစ်ခင် ကိုယ့်မင်း၊ကိုယ့်ချင်းဘဝကည်းက တိုင်းရင်းသားအားလုံး အတူပေါင်းစည်းနေထိုင်တဲ့ ပြည်ထောင်စုစနစ် (Holding together Federalism)ကို ကျင့်သုံးခဲ့တဲ့ မိသားစုနိုင်ငံ တစ်ခုဖြစ်ပါတယ်။ မြန်မာရဲ့နောက်ဆုံးမင်းဆက်ဖြစ်တဲ့ သီပေါမင်းကို အင်္ဂလိပ်တို့ ဖမ်းဆီးခေါ်ဆောင်သွားစဉ်မှာ အင်္ဂလိပ်လက်ထဲက သီပေါမင်းကို ပြန်လုမယ်ဆိုပြီး နောက်လိုက်နောက်ပါ ၅၀၀ နဲ့ မန္တလေး ဘုရားကြီးကစောင့်ခဲ့တဲ့သူဟာ ရှမ်းစော်ဘွားတစ်ဦးဖြစ်တဲ့ ညောင်ရွှေစော်ဘွားကြီး ဦးစောမောင်ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း နယ်ချဲ့အင်္ဂလိပ်တွေက ဗမာနဲ့ တိုင်းရင်းသားတွေ ပူးပေါင်းသွားမှာကို စိုးရိမ်ခဲ့ကြပါတယ်။ မပူးပေါင်းမိအောင်လည်း တိုင်းရင်းသားဒေသတွေနဲ့ မြန်မာပြည်အလယ်ပိုင်းဒေသကို သွေးခွဲအုပ်ချုပ်နိုင်ရေး ရှမ်းပြည်နယ်များ အက်ဥပဒေ (Shan States Act of 1888)၊ ကချင်တောင်တန်းလူမျိုးစုများ စည်းမျဉ်းဥပဒေ (Khachi Hill Tribes Regulation-1895)၊ ချင်းတောင်တန်း စည်းမျဉ်းဥပဒေ (Chin Hill Regulation-1896)ဆိုပြီး အုပ်ချုပ်မှုစနစ်အမျိုးမျိုး၊ ဥပဒေအမျိုးမျိုး ကျင့်သုံးဆောင်ရွက်ခဲ့ပါတယ်။ ၁၉၂၁ ခုနှစ်ကနေ ၁၉၃၇ ခုနှစ်အထိ ကျင့်သုံးခဲ့တဲ့ ဒိုင်အာခီအုပ်ချုပ်ရေးမှာလည်း တိုင်းရင်းသားဒေသတွေကို ပါဝင်ခွင့်မရစေဘဲ ခွဲခြားအုပ်ချုပ်ရုံတင်မက ဥပဒေပြုကောင်စီမှာလည်း လူမျိုးရေးကွဲပြားမှု ဖြစ်စေလိုသည့် ရည်ရွယ်ချက်ဖြင့် အထွေထွေမဲဆန္ဒနယ်မှ ရွေးချယ်သူများ၊ အိန္ဒိယလူမျိုးများမှ ရွေးချယ်သူများ၊ ကရင်အမျိုးသားများမှ ရွေးချယ်သူများ၊ အင်္ဂလိပ်ကပြားများမှ ရွေးချယ်သူများ၊ ဗြိတိသျှလူမျိုးများမှ ရွေးချယ်သူများဆိုပြီး အချိုးခွဲခြားသတ်မှတ်ခဲ့ကြောင်း တွေ့ရပါတယ်။ တောင်တန်း၊ မြေပြန့် သွေးခွဲအုပ်ချုပ်ရုံနဲ့ အားမရဘဲ မြန်မာပြည်မမှာပင် ထပ်မံသွေးခွဲအုပ်ချုပ်တာကို တွေ့နိုင်မှာဖြစ်ပါတယ်။ နောက်ပိုင်းဖြစ်ပေါ် လာတဲ့ ၉၁ ဌာနအုပ်ချုပ်ရေးကို ကျင့်သုံးခဲ့ရာမှာလည်း အထွေထွေမဲဆန္ဒနယ်၊ ကရင်လူမျိုး မဲဆန္ဒနယ်၊ အိန္ဒိယလူမျိုးမဲဆန္ဒနယ်၊ အင်္ဂလိပ်ကပြားလူမျိုး မဲဆန္ဒနယ်၊ ဥရောပလူမျိုးမဲဆန္ဒနယ်နဲ့ ချစ်တီးအသင်းဆိုပြီး ခွဲခြားသတ်မှတ်ကာ ဥပဒေပြုအောက်လွှတ်တော်မှာ ပါဝင်စေခဲ့ကြောင်း တွေ့ရပါတယ်။ အခြားတိုင်းရင်းသားများ သီးခြားမပါခဲ့ပါဘူး။
ဒီလို သွေးခွဲအုပ်ချုပ်မှုရဲ့ အကျိုးဆက်တွေကြောင့် တိုင်းရင်းသားချင်း၊ လူမျိုးစုချင်းအကြား သွေးကွဲခဲ့ရပြီး တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများအထိ ဖြစ်ခဲ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခအဆိုးရွားဆုံးအချိန်ဟာ လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်အတွင်း ပါလီမန်ဒီမိုကရေစီခေတ်မှာ နိုင်ငံရေးကွဲပြားမှု၊ လူမျိုးရေးကွဲပြားမှု၊ တိုင်းရင်းသားရေးကွဲပြားမှု၊ အယူဝါဒရေး ကွဲပြားမှုမှတစ်ဆင့် အုပ်ချုပ်တဲ့အစိုးရအဆက်ဆက်ကို လက်နက်စွဲကိုင် ဆန့်ကျင်ခြင်းမှ ပဋိပက္ခစတင် ဖြစ်ပွားခဲ့ပြီး နိုင်ငံတကာက “ရန်ကုန်အစိုးရ”လို့ ခေါ်ရတဲ့အထိ နှိမ့်ချခေါ်ဝေါ်ခံခဲ့ရတာကို သတိပြုမိကြမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနေ့ထိ တောက်လောင်နေဆဲဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခရဲ့ ဇာစ်မြစ်နဲ့ စတင်ခဲ့တဲ့ အချိန်ကာလအရ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခသည် တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်များအကြား စတင်ဖြစ်ပွားခဲ့တာမဟုတ်ဘဲ သက်ဆိုင်ရာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်များအကြား ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ဆိုရခြင်းဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ နိုင်ငံတော်နဲ့ အစိုးရရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ တာဝန်ရှိတဲ့အဖွဲ့အစည်းပီသစွာ ကာကွယ်ရခြင်းပဲ ဖြစ်ပါတယ်။ ဒီနေ့အချိန်အခါမှာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခသည် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ဖြစ်ပွားနေသော ပဋိပက္ခသာဖြစ်တယ်လို့ တစ်ဖက်သတ် ကောက်ချက်ချနေခြင်းဟာ မသင့်လျော်သော၊ ယုတ္တိမတန်သော ကောက်ချက်သာဖြစ်ကြောင်း ပြောကြားလိုပါတယ်။
ကျွန်တော်တို့နိုင်ငံဟာ ကိုလိုနီလက်ထက်မှာ အစိတ်စိတ်အမြွှာမြွှာ သွေးခွဲအုပ်ချုပ်ခံခဲ့ရပြီးနောက် လွတ်လပ်ရေးမရခင်မှာ ပေါင်းစည်းပြီး အတူတကွလွတ်လပ်ရေးရယူနိုင်ရေး ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။ ပင်လုံသမိုင်းကို လေ့လာကြည့်ရင် ပင်လုံစာချုပ်ဟာ လွယ်လွယ်ကူကူဖြစ်ပေါ်လာတဲ့ စာချုပ် မဟုတ်ကြောင်း တွေ့ရမှာဖြစ်ပါတယ်။ သွေးထိုးလှုံ့ဆော်မှုတွေ၊ တစ်ဖက်သတ်လိုလားချက်နဲ့ တောင်းဆိုမှုတွေကြောင့် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ပင်လုံညီလာခံက ပြန်ဖို့နဲ့ ပြည်မချည်း သက်သက် လွတ်လပ်ရေးရယူဖို့ အကြံဖြစ်ခဲ့ဖူးပါတယ်။ အပါးတော်မြဲဖြစ်တဲ့ ဗိုလ်ထွန်းလှကို ပြန်ဖို့အတွက် လေယာဉ်ခေါ်ယူခိုင်းတဲ့အထိဖြစ်ခဲ့ပါတယ်။ ဗိုလ်ချုပ် ပြန်မယ်ဆိုတဲ့ သတင်းကြားရတော့ ပင်လုံတစ်ဝိုက်မှာ စုစည်းနေတဲ့ တိုင်းရင်းသား ပြည်သူလူထုနဲ့ ကျောင်းသားတွေက “ရှမ်း-ဗမာ ပူးပေါင်းပါ”၊ “နယ်ချဲ့ အလိုမရှိ”စတဲ့ ကြွေးကြော်သံတွေနဲ့ လှည့်လည်ကြွေးကြော်ခဲ့လို့ ပင်လုံစာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီနေ့မှာတော့ ပင်လုံစိတ်ဓာတ် ပင်လုံသဘောတူညီချက်ကို လိုက်နာရန်ဆိုပြီး ပြောလာကြတာကို တွေ့ရပါတယ်။ ပင်လုံစိတ်ဓာတ်ဆိုတာ ဘာလဲ။ ဘယ်လောက်အခက် အခဲတွေ့ရှိနေပါစေ အတူတကွပေါင်းစည်းနေထိုင်ခြင်းလို့ပဲ သဘောပေါက်ပါတယ်။ ပင်လုံစာချုပ်ဟာ နှစ်ပေါင်းများစွာ အတူတကွ ပေါင်းစည်းနေထိုင်ခြင်း (Holding-together) ရှိခဲ့တဲ့ ကျွန်တော်တို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေအတွက် စည်းလုံးမှု ပိုမိုကျစ်လျစ်ခိုင်မာစေရေး အသိအမှတ်ပြုတဲ့ မိမိသဘော ဆန္ဒအလျောက် ထပ်မံပေါင်းစည်းနေထိုင်ခြင်း (Agreement Holding- together) စာချုပ်တစ်ခုလို့မြင်ပါတယ်။ ပင်လုံစာချုပ်မှာ အပိုဒ် ၉ ပိုဒ်သာ ပါဝင်ပါတယ်။ ဒီစာချုပ်ရဲ့ အပိုဒ်တိုင်း၊ စာကြောင်းတိုင်းမှာ ခွဲထွက်ခြင်းလို့ အဓိပ္ပာယ်သက်ရောက်တဲ့ စကားလုံးတစ်ခုမှ မပါပါဘူး။ ဘယ်လိုပေါင်းစည်းပြီး လွတ်လပ်ရေးရယူမယ်ဆိုတာသာ ပါပါတယ်။ ဒီနေ့ အပြောအများဆုံး၊ ရည်ညွှန်း အခံရဆုံး စာပိုဒ်ကတော့ စာပိုဒ် ၅ ရဲ့ နောက်ဆုံးစာကြောင်းပါပဲ။ အဲဒီစာကြောင်းမှာ “Full autonomy in internal administration for the Frontier Areas is accepted in principle” “နယ်စပ်ဒေသများအတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရာနှုန်းအပြည့် ရှိစေရမည်ဟူသောမူကို သဘောတူညီကြသည်”လို့ ပညာရှင်အချို့က ဘာသာပြန်ထားပါတယ်။ စာချုပ်ပါ “Internal administration” “နယ်တွင်း အုပ်ချုပ်ရေး”ဆိုတဲ့ စကားကို သတိပြုမိကြမှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့်”ကိုယ်ပိုင်အုပ်ချုပ်ရေး” ဖြစ်ပါတယ်။ NCA မှာ ကျွန်တော်တို့ သဘောတူထားတာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဖြစ်ပါတယ်။ ဒါ့ကြောင့် NCA သည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုတာထက် ပိုမိုကျယ်ပြန့်တယ်လို့ ကျွန်တော်ပြောခဲ့တာဖြစ်တဲ့အပြင် NCA သည်သာ ပြည်ထောင်စုရဲ့ လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရန်အတွက် တစ်ခုတည်းသော ထွက်ရပ်လမ်းလို့ တင်စားပြောဆိုခဲ့တာဖြစ်ပါတယ်။ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အခွင့်အရေး၊ အာမခံချက်ကိုရယူတဲ့အခါ ဒို့တာဝန်အရေးသုံးပါးလမ်းကြောင်း၊ ခွဲမထွက်ရေး အာမခံချက်တို့က သွေဖည်မသွားဖို့ အထူးလိုအပ်ပါတယ်။
ကျွန်တော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်ကြရာမှာ NCA စာချုပ်ရဲ့ အပိုဒ် ၂၂၊ အပိုဒ်ခွဲ(ဃ) အရ “ပြည်ထောင်စုညီလာခံမှ ထွက်ပေါ်လာသော ဆုံးဖြတ်ချက်များအပေါ် အခြေခံ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေအပါအဝင် ဥပဒေများကို လိုသလိုပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းများကို လုပ်ထုံးလုပ်နည်းနဲ့အညီ ပြုလုပ်ရန်” လို့ သဘောတူညီထားပါတယ်။ လုပ်ထုံးလုပ်နည်းနဲ့အညီ ပြုလုပ်ရန်ဆိုတဲ့နေရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းအတိုင်း ပြုလုပ်သွား ရမှာဖြစ်ပါတယ်။ အခြေခံဥပဒေနဲ့ ပတ်သက်လို့ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း ပြုလုပ်နိုင်ပေမယ့် အသစ်ပြန်လည် ရေးဆွဲခြင်းကိုတော့ ခွင့်ပြုမထားကြောင်း တွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဆောင်ရွက်နေကြတာဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကနေတစ်ဆင့် ထာဝရငြိမ်းချမ်းရေးဆီသို့ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးရာမှာ ငြိမ်းချမ်းရေးထက်အရေးကြီးတာ ဘာမှမရှိဘူးလို့ အကြိမ်ကြိမ် ပြောခဲ့ဖူးပါတယ်။ ဆွေးနွေးနေကြတာတွေဟာ ငြိမ်းချမ်းရေးကို အဓိကဦးတည်ပြီး လက်နက်ကိုင်လမ်းစဉ် ချုပ်ငြိမ်းဖို့ ဖြစ်ပါတယ်။ နိုင်ငံရေးအထုပ်ဖြည်ဖို့ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အကြောင်းပြပြီး မိမိတို့ရဲ့ တစ်ဖက်သတ်လိုလားချက်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတာတွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဟန့်အတား ဖြစ်စေပါတယ်။ ထာဝရငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တကယ်လိုအပ်တဲ့ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်တာ၊ ဖြည့်စွက်တာကို မူအားဖြင့် သဘောတူပါတယ်။ သို့သော် ငြိမ်းချမ်းရေးနဲ့မဆိုင်ဘဲ မိမိတိုရဲ့ နိုင်ငံရေးလိုဘကို ဖြည့်ဆည်းဖို့ NCA လမ်းကြောင်းကို တလွဲအသုံးချပြီး အခြေခံဥပဒေနဲ့ အခြားဥပဒေများကို ပြင်ဆင်တာ၊ ဖြည့်စွက်တာကိုတော့ သဘောတူညီဖို့ ခက်ခဲမှာဖြစ်ပါတယ်။ တိုင်းရင်းသားပြည်သူလူထုရဲ့ အကျိုးကိုရှေးရှုပြီး ၂၀၁၅ ခုနှစ် အတွင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ရဲ့ ဇယား-၂ မှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုစာရင်းမှာ အချက် ၃၄ ချက်၊ ဇယား-၅ မှ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်များက ကောက်ခံရမည့် အခွန်အခများမှာ အချက် ၂၀ တို့ကို ပြင်ဆင်ဖြည့်စွက်ပြီး လုပ်ကိုင်ခွင့်တွေ ထပ်မံတိုးချဲ့ ပေးထားတာဟာ လက်တွေ့မျက်မြင်ပဲ ဖြစ်ပါတယ်။ လိုအပ်ရင် ထပ်မံဆွေးနွေး တိုးချဲ့နိုင်ရေး ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာခဲ့တဲ့ အချို့ တိုင်းရင်းသားတွေရဲ့ ဆန္ဒသဘောထားအရ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တွေမှာ မဲအများစုရရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မဲနဲ့ပဲ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်တွေကို ရွေးကောက်တင်မြှောက်နိုင်ခွင့်ဟာလည်း ထည့်သွင်းစဉ်းစားရမယ့် ကိစ္စတစ်ရပ် ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရမှာ နိုင်ငံရေးအရ ခန့်အပ်ခံရတဲ့ ဝန်ကြီးများရဲ့နောက်မှာ အတွင်းဝန်များခန့်ထားပြီး အုပ်ချုပ်ရေးယန္တရားကို နိုင်ငံရေးအပြောင်းအလဲဖြစ်တိုင်း နှောင့်နှေးရပ်တန့်မှုမဖြစ်အောင် စီမံဆောင်ရွက်ထားတာ တွေ့ရမှာဖြစ်ပါတယ်။ ဒီလိုပဲ တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာလည်း နိုင်ငံရေးအရ ခန့်အပ်ခံထားရတဲ့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေနဲ့ သီးခြားဖြစ်တဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး (Governor)တွေကို တာဝန်ပေးနိုင်ဖို့ စဉ်းစားရမှာဖြစ်ပါတယ်။ ဒီစနစ်ကို ကျွန်တော်တို့ရဲ့ အိမ်နီးချင်း ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယမှာ အောင်မြင်စွာကျင့်သုံးနေတာကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နဲ့ အလုပ်လုပ်ရတာ၊ နိုင်ငံတော်တာဝန်ကို ရယူရတာဟာ အခက်အခဲရှိတယ်ဆိုတဲ့ အသံတွေ ပိုမိုကြားလာရပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ နိုင်ငံကို အာမခံချက်ပေးထားခြင်းဖြစ်ပြီး ရွေးကောက်ပွဲဝင်ခြင်းဆိုတာ နိုင်ငံရေးပါတီနဲ့ ကိုယ်စားလှယ်များက မဲဆန္ဒရှင်များကို အာမခံချက်ပေးခြင်း ဖြစ်ပါတယ်။ အခြေခံဥပဒေပါ ကိစ္စရပ်များ အောင်မြင်စွာ ဆောင်ရွက်ဖို့ဆိုရင် လွှတ်တော်နဲ့အစိုးရက ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ ယခင် သမ္မတကြီး ဦးသိန်းစိန် အစိုးရ လက်ထက်မှာလည်း ဒီနိုင်ငံကို ဒီအခြေခံဥပဒေနဲ့ စီမံဆောင်ရွက်သွားတာပဲဖြစ်ပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သလို တိုင်းပြည်ရဲ့စီးပွားရေးကိုလည်း အခြေအနေတစ်ခုအထိ တွန်းတင်ပေးနိုင်ခဲ့ပါတယ်။ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်နဲ့ ပြည်တွင်းငြိမ်းချမ်းရေး နယ်ပယ်တွေမှာလည်း အောင်မြင်မှုမှတ်တိုင်များကို စိုက်ထူနိုင်ခဲ့ပါတယ်။ လက်ရှိနိုင်ငံတော်အစိုးရဟာလည်း ဒီဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲဝင်၊ အစိုးရဖွဲ့စည်းပြီး တိုင်းပြည်ကို အုပ်ချုပ်နေတာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ဟာ ဒီမိုကရေစီစံချိန်စံညွှန်းတွေ၊ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီဘူးဆိုရင်၊ အဓိကတာဝန်ရှိတဲ့ Institution တွေကလည်း လိုက်နာမှုမရှိဘူးဆိုရင် လက်ရှိအစိုးရဟာ အတိုက်အခံပါတီဘဝကနေ အာဏာရပါတီအဖြစ် ဖြစ်လာစရာအကြောင်းမရှိဘူးလို့ ယူဆပါတယ်။ အခြေခံဥပဒေမှာ ဒီမိုကရေစီရဲ့ အနှစ်သာရတွေဖြစ်တဲ့ နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေကို ပိတ်ပင်ထားတာ၊ အတိုက်အခံတွေကို နှိပ်ကွပ်ထားတာ၊ နိုင်ငံသားအခွင့်အရေးတွေကို ချိုးနှိမ်ထားတာ၊ ဖက်ဒရယ်စနစ်ရဲ့ အနှစ်သာရတွေဖြစ်တဲ့ တိုင်းရင်းသားတွေကို ခွဲခြားဆက်ဆံတာတွေရှိရင် ထောက်ပြကြဖို့၊ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြဖို့ ပြောလိုပါတယ်။ ဒီလိုမဟုတ်ဘဲ နိုင်ငံရေး လက်စားချေလိုမှု (Political Revenge) ဒီမိုကရေစီ အနိုင်ကျင့်မှုမျိုးတွေပြုလုပ်မယ်ဆိုရင် တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာ ဆုတ်ယုတ်သွားမှာဖြစ်ပါတယ်။ အချို့သော ကမ္ဘာ့နိုင်ငံများမှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေးလက်စားချေမှုတွေဟာ သင်ခန်းစာယူစရာတွေ ဖြစ်ပါတယ်။ အလားတူ နိုင်ငံရေးလက်စားချေလိုမှုနဲ့ တည်ဆဲဥပဒေတွေကို စိတ်ချရတဲ့ အခြေအနေတစ်ခု မရောက်မီဖျက်သိမ်းပစ်တာ၊ အသစ်ပြဋ္ဌာန်းတာတွေကိုလည်း ဆင်ခြင်ရမှာဖြစ်ပါတယ်။ ဒီမိုကရေစီအစပျိုးကာလမှာ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးဟာ အဓိကအရေးကြီးပါတယ်။ တိုင်းရင်းသားအရေး၊ အမျိုးသား အကျိုးစီးပွားအရေးထက် ပိုအရေးကြီးတာမရှိပါဘူး။ စစ်ရေးနဲ့ နိုင်ငံရေးမှာ မတရားတာမရှိဘူးလို့ ဆိုရိုး စကားရှိပေမယ့်၊ ကျွန်တော့်အနေနဲ့ကတော့ ရိုးသားတဲ့နိုင်ငံရေး၊ တရားမျှတတဲ့ နိုင်ငံရေးကိုသာ လိုချင်ပါ တယ်။
ဖက်ဒရယ်ပြည်ထောင်စုစနစ်အတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ကို တောင်းဆိုကြရာမှာ ပြည်ထောင်စုအတွင်းရှိ မည်သည့်တိုင်းဒေသကြီး၊ ပြည်နယ်မှာမဆို တိုင်းရင်းသား လူမျိုးစုတစ်စုတည်း သီးသန့်နေထိုင်တာမဟုတ်ဘဲ လူမျိုးပေါင်းစုံ ပေါင်းစည်းနေထိုင်လျက်ရှိတာကို သတိပြုရမှာ ဖြစ်ပါတယ်။ သာဓကအားဖြင့် ၂၀၁၄ ခုနှစ်၊ လူဦးရေစာရင်းအရ ကချင်ပြည်နယ်မှာဆိုရင် လူဦးရေ ၁၆ သိန်းကျော်ရှိပြီး၊ လူဦးရေအချိုးမှာ ဗမာ ၂၉.၂ ရာခိုင်နှုန်း၊ ရှမ်း ၂၃.၆ ရာခိုင်နှုန်း၊ ဂျိမ်းဖော ၁၈.၉၇ ရာခိုင်နှုန်း၊ လီဆူး ၇ ရာခိုင်နှုန်း၊ ရဝမ် ၅.၅ ရာခိုင်နှုန်း၊ လော်ဝေါ် ၃.၃၃ ရာခိုင်နှုန်း၊ လာချိတ် ၂.၈၉ ရာခိုင်နှုန်း၊ ဇိုက်ဝါး ၁.၅၇ ရာခိုင်နှုန်းနဲ့ ကျန်တိုင်းရင်းသားများ ၈ ရာခိုင်နှုန်းခန့် ရောနှောနေထိုင်ကြတာကို တွေ့ရမှာဖြစ်ပါတယ်။ အဓိကတိုင်းရင်းသားလူမျိုးကြီး ၈ မျိုးလို့ ဆိုပေမယ့် တိုင်းရင်းသားမျိုးနွယ်စု ၁၃၀ ကျော်ရှိပါတယ်။ ဒီမိုကရေစီဆိုရာမှာ လူအများစုရဲ့ဆန္ဒကို ဥပဒေနဲ့အညီ လိုက်နာဆောင်ရွက်ရမှာဖြစ်သလို လူနည်းစုရဲ့ ဆန္ဒကိုလည်း လေးစားရမှာဖြစ်ပါတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ပတ်သက်လို့ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် လူနည်းစုတိုင်းရင်းသားများရဲ့ဆန္ဒ၊ သဘောထားနဲ့ အခွင့်အရေးတွေကိုလည်းထည့်သွင်းတွက်ချက်ရမှာဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ ပတ်သက်လို့ကတော့ အားလုံးဟာ NCA ကို လက်မှတ် ရေးထိုးဖို့လိုအပ်ပါတယ်။ NCA ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ တောင်းဆိုချက်အရ ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့က NCA ကို လက်နက်သဖွယ် စွဲကိုင်နေတာမဟုတ်ပါဘူး။ NCA ကို ဆုပ်ကိုင်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပေါ် အကျပ်ကိုင်နေခြင်း လုံးဝမရှိပါကြောင်း ပြောကြားလိုပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ သွားနေရာမှာ “တစ်ကျောင်းတစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း” လုပ်နေလို့မရဘူး။ အားလုံးက တစ်ပြေးညီ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှု မရပ်စဲဘဲ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်နေခြင်းဟာ အငြင်းပွားမှုကို ပိုမိုဖြစ်စေနိုင်ပါတယ်။ စစ်ရေးဆိုင်ရာ စစ်မျက်နှာအပြင် နိုင်ငံရေးဆိုင်ရာ စစ်မျက်နှာအသစ်တစ်ခုကိုပါ ထပ်မံဖွင့်လှစ်လိုက်သလိုပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်များရဲ့ လက်နက်ကိုင်ပြီး အစိုးရအဆက်ဆက်ကို တောင်းဆိုခဲ့တာဟာ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးတွေပဲ ဖြစ်ပါတယ်။ ဒါတွေကို NCA မှာ မူအားဖြင့် သဘောတူထားပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေနဲ့ ဆွေးနွေးနေကြပြီဖြစ်ပါတယ်။ နိုင်ငံရေး အာဏာရယူလိုရင် တရားဝင် နိုင်ငံရေးထူထောင်ပြီး ရွေးကောက်ပွဲဝင်၊ စီးပွားရေးလုပ်ချင်ရင် ကုမ္ပဏီထောင်၊ ကိုယ်နိုင်ငံကို ကာကွယ်မယ့် စစ်မှုထမ်းလုပ်ချင်တယ်ဆိုရင် နိုင်ငံတော်ရဲ့ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ တပ်မတော်ထဲကို ဝင်ရောက်ရမှာဖြစ်ပါတယ်။ ဒါတွေကို မျက်ကွယ်ပြုပြီး တစ်ဖက်က ငြိမ်းချမ်းရေးကို အကြောင်းပြကာ လက်နက်စွဲကိုင်လျက် နိုင်ငံရေးတည်ဆောက်နေတာတွေ၊ လက်နက်အင်အား၊ လူအင်အား တည်ဆောက်နေတာတွေ၊ နယ်မြေတည်ဆောက်နေတာတွေ၊ တိုင်းရင်းသားအချင်းချင်း အနိုင်ကျင့်တာတွေဟာ ပြည်သူလိုလားတဲ့ ဒီမိုကရေစီစနစ်ကို ဆန့်ကျင်ခြင်း၊ ဖက်ဒရယ်ပြည်ထောင်စု စနစ်ကို ဆန့်ကျင်ခြင်း၊ လက်နက်ကိုင်ပြီး “သူတစ်လူ၊ ငါတစ်မင်း”၊ “နယ်တစ်နယ်၊ ဓားတစ်စင်း”စနစ်ကို တည်ထောင်လိုခြင်းသာ ဖြစ်တယ်လို့ ယူဆရမှာဖြစ်ပြီး ပြည်သူ့ဆန္ဒနဲ့ ဆန့်ကျင်နေမှု မှန်သမျှကို နည်းလမ်းပေါင်းစုံသုံးပြီး တားဆီးသွားရမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးစဉ်မှာ လက်နက်ကိုင်ပြီး စီးပွားရေး လုပ်ငန်းတွေ လုပ်နေတာဟာ အခွင့်အရေးတစ်ခုကို ဖိအားပေး ဖန်တီးယူနေသလိုဖြစ်နေပြီး သင့်လျော်မှု မရှိပါဘူး။ ငြိမ်းချမ်းရေး ဆွေးနွေးဆဲအချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ လိုအပ်ချက်များကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) က ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ လက်နက်ကိုင်ပြီး လုပ်လို့ရတယ်ဆိုတဲ့ အယူအဆကို ဆင်ခြင်ရမှာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရနဲ့ တပ်မတော်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအပေါ်မှာ တန်းတူရည်တူ သဘောထားခဲ့ပါတယ်။ အင်အားကောင်းပြီး ထိတွေ့တိုက်ပွဲများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ရတဲ့ KNU အဖွဲ့ အပေါ်မှာလည်း တစ်သဘောတည်း၊ အင်အားနည်းပြီး ထိတွေ့တိုက်ပွဲမရှိ သလောက်ဖြစ်တဲ့ CNF နဲ့ ANP တို့လို လက်နက်ကိုင်အဖွဲ့တွေ အပေါ်မှာလည်း တစ်သဘောတည်းထားပြီး NCA စာချုပ်ကို လက်မှတ်ရေး ထိုးစေခဲ့တာဖြစ်ပါတယ်။ NCA လက်မှတ်ထိုးပြီးမှ NCA အရေခြုံပြီး နိုင်ငံရေး၊ လက်နက်၊ လူအင်အား၊ နယ်မြေတိုးချဲ့တည် ဆောက်နေတာတွေဟာ တည်ငြိမ်မှုရှိပြီးဖြစ်တဲ့ နယ်မြေတွေနဲ့ တိုင်းရင်းသားတွေအပေါ် အကျိုးယုတ်စေမှာဖြစ်လို့ ရှောင်ရှားဖို့လိုအပ်ပါတယ်။ RCSS (SSA) အဖွဲ့ဟာဆိုရင် နိုင်ငံရေးနဲ့ လုံခြုံရေးအကြောင်းပြချက်အမျိုးမျိုးနဲ့ ပြောင်းလဲဖွဲ့စည်းလာတဲ့ ဦးခွန်ဆာ ခေါင်းဆောင်တဲ့ (MTA) အဖွဲ့က ၁၉၉၆ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့မှာ အစိုးရထံ လက်နက်အပ်နှံပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာရာကနေ ဇန်နဝါရီလအကုန်မှာ ပြန်လည်ခွဲထွက်တောခိုခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။ NCA စာချုပ်ကို သဘောတူလက်မှတ်ရေးထိုးထားပြီး နိုင်ငံရေး၊ လက်နက်အင်အား၊ လူအင်အားတည်ဆောက်မှု၊ သတ်မှတ်ပေးထားတဲ့ နယ်မြေထက်အဆများစွာ ကျော်လွန်ပြီး နယ်မြေတည်ဆောက်မှတွေ ပြုလုပ်နေလို့ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပဋိပက္ခများ ဖြစ်ပွားလျက်ရှိတာကို တွေ့ရပါတယ်။ NCA ကို တစ်လွဲအသုံးမချဖို့ပြောလိုပါတယ်။ တစ်လွဲအသုံးချရင် တိုင်းရင်းသားပြည်သူလူထုရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို အကာအကွယ်ပေးဖို့ တာဝန်ရှိတဲ့ တပ်မတော်အနေနဲ့ လက်ပိုက်ကြည့်နေနိုင်မှာ မဟုတ်ကြောင်းအသိပေးလိုပါတယ်။
NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်များ လှုပ်ရှားသွားလာခွင့်ပြုထားတဲ့ နေရာအတော်များများမှာ ပစ်ခတ်တိုက်ခိုက်မှုမရှိတာ တွေ့ရပါလိမ့်မယ်။ ဘာဖြစ်လို့ပါလဲ။ နှစ်ဖက်တာဝန်ရှိသူများက ထိန်းသိမ်းလိုက်နာကြခြင်းကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း အေးချမ်းတဲ့အကျိုးများ ဒေသခံတွေ ခံစားရပြီး သူတို့ဘဝတိုးတက်မှုရှိအောင် ဆောင်ရွက်နိုင်ခွင့်ရကြလို့ ဒီနယ်မြေတွေဟာ ယခင်ကထက် ပိုမိုတိုးတက်လာတယ်ဆိုတာ မငြင်းနိုင်ပါဘူး။ သို့ဖြစ်တဲ့အတွက် ထာဝရငြိမ်းချမ်းရေးကို အမြန်ဆုံး လုပ်ဆောင်နိုင်လေလေ ပြည်သူတို့ဘ၀ တိုးတက်လာစေလေဖြစ်ပါတယ်။ ဒါ့ကြောင့် အချိန်မဆွဲဘဲ ဒီမိုကရေစီလမ်းကြောင်းပေါ် အမြန်လျှောက်လှမ်းဖို့ ပြောလိုပါတယ်။ ပြည်သူတွေကလည်း ထာဝရငြိမ်းချမ်းရေးကို အမြန်ရရှိရေး မျှော်လင့်နေပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိဖို့အတွက် ကျွန်တော်တို့မဖြစ်မနေ ဖြတ်သန်းရမယ့်အဆင့်တစ်ခုကတော့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းပဲဖြစ်ပါတယ်။ မည်သည့်နိုင်ငံရေးစနစ်ကို ကျင့်သုံးတဲ့နိုင်ငံပဲဖြစ်စေ နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိက လက်နက်ကိုင်အဖွဲ့အစည်းတစ်ရပ်၊ တပ်မတော်တစ်ခု (Single Army)သာ ထားရှိပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ဥပဒေနှင့် အညီခွင့်ပြုတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေရရှိရင် လက်နက်ကိုင်လမ်းစဉ်ကို သံယောဇဉ် ဖြတ်တောက်ရမှာဖြစ်ပါတယ်။ ကာကွယ်ရေးတာဝန်ကို ဆက်လက်ထမ်းဆောင်ချင်ရင် တပ်မတော်အတွင်း ဝင်ရောက်ရမှာဖြစ်ပါတယ်။ တပ်မတော်အနေနဲ့လည်း သတ်မှတ်စစ်မှုထမ်းစည်းမျဉ်းနဲ့ အရည်အချင်းအလိုက် ရာထူး၊ နေရာတွေပေးသွားမှာဖြစ်ပါတယ်။ ယနေ့ မြန်မာ့တပ်မတော်ဟာ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုနှင့်အတူ ပေါက်ဖွားလာတဲ့ တပ်မတော်ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ရဲဘော်သုံးကျိပ်ကနေ စတင်ခဲ့ပြီး ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ဖွဲ့စည်းခဲ့တဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA)ကနေ သန္ဓေတည်ခဲ့တာဖြစ်ပါတယ်။ ဂျပန်ခေတ်မှာ တပ်မတော်ကို အင်အားလျော့ချခံခဲ့ရပြီး BDA အဖြစ် ပြောင်းလဲခဲ့ပါတယ်။ ၁၉၄၅ ခုနှစ် အင်္ဂလိပ်တို့ ဒုတိယအကြိမ် ပြန်ဝင်လာချိန်မှာ မျိုးချစ်ဗမာ့တပ်မတော် (PBF)ကို ဖျက်သိမ်းပြီး ၎င်းတို့စစ်ပြေးစဉ် အိန္ဒိယမှာဖွဲ့ခဲ့တဲ့ အမည်ခံ(Burma Army) နဲ့ အစားထိုးဖို့လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ပြည်သူလူထုတစ်ရပ်လုံးက လက်မခံဘဲ နေသူရိန်လူထု အစည်းအဝေးကြီးမှာ “တပ်မတော်နဲ့ ပတ်သက်သောအဆို”ကို တင်သွင်းပြီး တပ်မတော်ဆက်လက်ရပ်တည်ရေး ဆောင်ရွက်ခဲ့ပါတယ်။ မန္တလေး၊ စစ်ကိုင်း၊ မြင်းခြံ၊ ပျဉ်းမနား၊ တောင်ငူ၊ ပဲခူး၊ သာယာဝတီ၊ ဟင်္သာတစတဲ့ မြို့ကြီးတွေမှာလည်း နေသူရိန် လူထုအစည်းအဝေးကြီးက တင်သွင်းတဲ့အဆိုများကို ထောက်ခံပွဲပြုလုပ်ပြီး တစ်ခဲနက်ထောက်ခံခဲ့ကြပါတယ်။ ဒါကြောင့် အင်္ဂလိပ်တို့က မြန်မာ့တပ်မတော်ဖွဲ့စည်းရေး ကန္ဒီစာချုပ်ကို ၁၉၄၅ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့မှာ ချုပ်ဆိုခဲ့ပါတယ်။ တပ်မတော်(ရေ)၊ တပ်မတော်(လေ) ဖွဲ့စည်းရေးအတွက် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လကျ်ာ နှင့် ဂျွန်ဒဗလျူဖရီးမင်းတို့ ချုပ်ဆိုခဲ့တဲ့ လကျ်ာ-ဖရီးမင်း စာချုပ်ကို ၁၉၄၇ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့မှာ ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ဗမာ့လေတပ်မတော်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ဗမာ့ရေတပ်မတော်ဆိုပြီး ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ ယနေ့ မြန်မာ့တပ်မတော်က တပ်အစိတ်အပိုင်း အသီးသီးနဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေဟာ နိုင်ငံတော်ပြန်တမ်း၊ နိုင်ငံတော်ရဲ့ ဖွဲ့စည်းမိန့်နဲ့ ပေါ်ပေါက်လာတဲ့ တပ်များဖြစ်ပါတယ်။ ကျွန်တော်တို့ တပ်မတော်သားများဟာ မိမိဆန္ဒအလျောက် တပ်မတော်သို့ ဝင်ရောက်တာဝန်ထမ်းဆောင်ကြသူများဖြစ်ပြီး ခွဲတမ်းအနေနဲ့ တာဝန်ထမ်းဆောင်ကြသူများ မဟုတ်ပါဘူး။ တပ်မတော်အရာရှိများဟာ နိုင်ငံတော်ပြန်တမ်းနဲ့ ခန့်အပ်ခံ ထားရသူများဖြစ်သလို စစ်သည်များဟာလည်း သတ်မှတ်အရည်အချင်း၊ စစ်မှုထမ်းစည်းမျဉ်းတွေနဲ့ ခန့်အပ်ခံထားရသူတွေဖြစ်ပါတယ်။ ဆင့်ကဲအုပ်ချုပ်မှုစနစ်နဲ့ နိုင်ငံတော်အပေါ် သစ္စာခံရသူများ ဖြစ်ပါတယ်။ ဒီဖြစ်တည်မှုတွေ၊ ပြန်တမ်းတွေ၊ စည်းမျဉ်း စည်းကမ်းတွေဟာ စစ်မှုထမ်းအားလုံး လိုက်နာစောင့်ထိန်းရမယ့်အရာတွေပဲ ဖြစ်ပါတယ်။ ပြည်နယ်အလိုက် ကာကွယ်ရေးတပ်များထားရှိရေး၊ အဆင့်ဆင့်တာဝန် ထမ်းဆောင်မှုမရှိဘဲ စစ်မှုထမ်း စည်းမျဉ်းကို ကျော်လွန်ခန့်ထားရေးတို့ဟာ မဖြစ်နိုင်တဲ့၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို နောက်ပြန်ဆွဲလိုတဲ့ အတွေးအခေါ်များသာဖြစ်ကြောင်း ပြောလိုပါတယ်။ ဒါ့အပြင် တပ်မတော်အနေနဲ့ ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီတဲ့ တပ်မတော်အဖြစ် ပြုပြင်ပြောင်းလဲသွားဖို့ မူအားဖြင့် သဘောတူပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကနဦး ဆောင်ရွက်ရမှာက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးဟာ NCA စာချုပ်ကို လက်မှတ်ရေးထိုးပြီး လုံခြုံရေးဆိုင်ရာ ပေါင်းစည်းရေးကိစ္စရပ်များကို ဦးစွာဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ပြောကြားလိုတာကတော့-
– ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အခြေခံမူများ ချမှတ်ရာမှာ သဘောတူညီပြီးဖြစ်တဲ့ NCA ရဲ့ အခြေခံမူများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ခုနှစ်ရဲ့ အခြေခံမူများကို ရှေးရှုပြီး ဆောင်ရွက်သွားကြပါ။
– ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ကြရာမှာ တဒင်္ဂငြိမ်းချမ်းရေး၊ အစိုးရသက်တမ်း တစ်ခု အတွင်းမှာသာ ရရှိရမည့်ငြိမ်းချမ်းရေးကို ဆောင်ရွက်နေခြင်း မဟုတ်ဘူးဆိုတာ အထူးသတိပြုပြီး ရေရှည် မျှော်မှန်း ဆောင်ရွက်သွားကြပါ။
– NCA စာချုပ်မှာ လက်မှတ်ရေးထိုးဖို့ ကျန်ရှိနေသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များအနေနဲ့လည်း တိုင်းရင်းသားပြည်သူလူထုရဲ့ ငြိမ်းချမ်းရေးဆန္ဒကို တန်ဖိုးထားပြီး လက်မှတ် ရေးထိုးသွား ကြဖို့နဲ့ လက်မှတ်ရေးထိုးပြီးသား အဖွဲ့များအနေနဲ့လည်း စိတ်ရင်းစေတနာမှန်မှန်နဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ကို ဆက်လက် လျှောက်လှမ်းသွားကြဖို့ အကြံပြုပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။