You are currently viewing ငြိမ်းချမ်းရေးတွင်ပါဝင်သူများ၏ စကားသံများ

ငြိမ်းချမ်းရေးတွင်ပါဝင်သူများ၏ စကားသံများ

ဦးအောင်မင်း (ပြည်ထောင်စုဝန်ကြီး - ငြိမ်း)

သူ့ဥပဒေနဲ့သူနေတဲ့လူတွေနဲ့ ဒီဘက်ကကိုယ့်ဥပဒေနဲ့နေတဲ့လူတွေ ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါမှာ ဘယ်ဥပဒေကိုလိုက်နာရမှာလဲ။ သူတို့လိုက်နာနိုင်တဲ့ဥပဒေနဲ့ ကျွန်တော်တို့ လိုက်နာနိုင်တဲ့ ဥပဒေဆိုတာက NCA ပဲဖြစ်တယ်။

NCA မရှိရင် သူတို့ကို ဘာနဲ့ဆက်စပ်မှာလဲ။ တစ်ယောက်နဲ့တစ်ယောက် ဘာနဲ့ပြောကြမှာလဲ။ ဒါကြောင့်မို့လို့ NCA ကတော့ ရှိသင့်တယ်လို့ ပြောချင်ပါတယ်။ NCA က ဖျက်လို့မရဘူး။ ဖျက်လိုက်ရင် ကျွန်တော်တို့ကြားထဲမှာ ဥပဒေအရဆက်သွယ်ဖို့ လမ်းကြောင်းပျက်သွားပြီ။ ဒါကြောင့်မို့လို့ NCA ကို ရပ်တည်ဖို့အတွက် ကျွန်တော်ဒီကိုလာတာပါ။

နိုင်ငံသားတစ်ယောက်အနေနဲ့ NCA နဲ့ပတ်သက်ပြီး လူတိုင်းကို အမြဲတမ်းပြောပြတယ်။ အကြံဉာဏ်လည်းပေးတယ်။ ကျွန်တော်တို့လုပ်တဲ့အတိုင်း လုပ်ပေးပါ ဆိုပြီးပြောတာပါ။ ဒီနေ့ ငြိမ်းချမ်းရေးပွဲက ပုံစံလေးနည်းနည်းပြောင်းသွားမယ်လို့ ထင်ပါတယ်။ ကျွန်တော်လည်း အပြင်ကလူပါ။

ကျွန်တော်က နိုင်ငံသားဖြစ်တယ်။ နိုင်ငံသားတာဝန်အကုန်ထမ်းဆောင်မယ်။ နိုင်ငံသားတွေလည်း ငြိမ်းချမ်းရေးလုပ်လို့ရတယ်။ ငြိမ်းချမ်းရေးကိုလိုလားလာအောင် ပြောလို့ရတယ်။ ယခင်ထက်စာရင်တော့ နည်းနည်းတိုးတက်လာတာပေါ့ဗျာ။ ဒါကြောင့်မို့လို့ ဒီပွဲကြီးလုပ်တာပေါ့။ ဒီပွဲကြီးလုပ်တယ်ဆိုတာက သက်သေပဲလေ။

NCA နှစ်ပတ်လည်အခမ်းအနား ကျင်းပတာကောင်းတာပေါ့ဗျာ။ NCA ကပဲ ငြိမ်းချမ်းရေးကို ဆောင်ရွက်ပေးနိုင်တဲ့ စာချုပ်ကြီးဖြစ်ပါတယ်။ အားလုံးကပါဝင်ပြီးတော့ အခမ်းအနားကို ပျော်ပျော်ပါးပါး တက်တက်ကြွကြွတက်လာတာ မြင်ရတာကိုက ဝမ်းသာတာပေါ့ဗျာ။ ဒါငြိမ်းချမ်းရေးရဲ့ ရောင်ခြည်လာပြီလို့ပြောလို့ရမှာပေါ့။ အတိတ်နိမိတ်တွေပဲဖြစ်ပါတယ်။

လူတိုင်းလူတိုင်းကတော့ NCA ပြဋ္ဌာန်းချက်နဲ့အညီ ဖက်ဒရယ်ဒီမိုကရေစီကိုအခြေခံတဲ့ လမ်းကြောင်းအတိုင်း သွားနေကြတာပါ။ တိုင်းရင်းသားတွေလည်း ဒီလမ်းကြောင်းအတိုင်း သွားနေကြတယ်။ ဒါပေမယ့် သူတို့သွားနေတဲ့လမ်းကြောင်းနဲ့ အဖွဲ့အစည်းအသီးသီးက သွားနေတဲ့ လမ်းကြောင်း တစ်ထပ်တည်းကျအောင်လုပ်ရမယ်။ တစ်ထပ်တည်းကျမှ ငြိမ်းချမ်းရေးက ပိုပြီးတော့ အောင်မြင်မှာ။

ငြိမ်းချမ်းရေးမှာ စားပွဲဝိုင်းမှာဆွေးနွေးတာဟာ အဆုံးအဖြတ်ပဲဖြစ်တယ်။ စားပွဲဝိုင်း မလာသေးတဲ့သူကို လာအောင်ခေါ်ရမယ်။ လာပြီးတဲ့သူကိုလည်း ပြန်မထွက်သွားအောင် ဆွေးနွေးဖို့လိုတယ်။ အဲတာ‌တော့ လုပ်တတ်ဖို့လိုတာပေါ့လေ။ ခင်ဗျားတို့မှန်းတဲ့အတိုင်း‌တော့ ရွေ့ချင်မှ ရွေ့မယ်လေ။ နည်းနည်းတော့ ရွေ့သွားလိမ့်မယ်။ ယခင်ထက်တော့ တိုးတက်လာမယ်၊ ရွေ့သွားမယ်လို့ ပြောလို့ရတယ်။

ဦးညိုအုန်းမြင့်

ပထမဆုံးအချက်အနေနဲ့ ကျွန်တော်တို့တိုင်းပြည်မှာ ငြိမ်းချမ်းရေးမရှိဘူးလို့ ပြောချင်ပါတယ်။ အခုလည်း ကျွန်တော်တို့ ပြည်သူအားလုံးမှာ ငြိမ်းချမ်းရေးမရှိတဲ့အတွက် စားဝတ်နေရေး၊ လူမှုရေး အစစအရာရာအပေါ် စိုးရိမ်ကြောင့်ကြမှုတွေ ရှိနေတယ်။ သမ္မတကြီး ဦးသိန်းစိန် တက်လာတဲ့ အချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေကို ငြိမ်းချမ်းရေး ကမ်းလှမ်းတယ်။ အဲ့ဒီမှာလည်း ကျွန်တော်တို့ တစ်ထောင့်တစ်နေရာကနေ ပါဝင်ခဲ့ရပါတယ်။ 

ဒီတိုင်းပြည်ရဲ့ အနေအထားမှာ ငြိမ်းချမ်းရေးမရှိရင် အခက်အခဲရှိပါတယ်။ နိုင်ငံရေး အချိုးအကွေ့တွေမှာ ဒီလိုပွဲမျိုးတွေ အရေးကြီး ပါတယ်။ NCA စာချုပ်အရ ဆက်လက်ဆောင်ရွက်ဖို့ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကနေ ကမ်းလှမ်းထားတာရှိပါတယ်။ အဲ့ဒီကမ်းလှမ်း ထားတဲ့အပေါ်မှာ အခက်အခဲ လေးတွေ ရှိနိုင်ပါတယ်။ စိန်ခေါ်မှုကတော့ အမြဲတမ်းရှိနေနိုင်ပါတယ်။ ဒေသတွင်း အပြောင်းအလဲ၊ ကမ္ဘာ့အပြောင်းအလဲတွေပေါ်မှာအခြေခံပြီး အနာဂတ်ကတော့ ပိုကောင်းလာမယ်လို့မျှော်လင့် ပါတယ်။ အတိုက်အခံတွေကတော့ ပြောပါလိမ့်မယ်။ ကျွန်တော်တို့ အနေနဲ့ကတာ့ ပါးပါးနပ်နပ်နဲ့ ထိထိရောက်ရောက်လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ NCA ပါဝင်ဖို့ကျန်သေးတဲ့ တိုင်းရင်းသားတွေ အနေနဲ့ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့လိုပါမယ်။ တစ်ဖက်တည်းက ကမ်းလှမ်းလိုက်ရုံနဲ့တော့မရပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် အလုပ်သဘောအရ ယုံကြည်အောင် လုပ်ပြဖို့လည်း လိုပါတယ်။

ဦးရန်ကျော် (မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ)

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် တည်ငြိမ်အေးချမ်းရပါမယ်။ နိုင်ငံရေးတည်ငြိမ်ဖို့ ပဋိပက္ခတွေ ကင်းရမယ်။ ငြိမ်းချမ်းရေးရှိနေရမယ်။ ငြိမ်းချမ်းရေးမရှိရင် ကျွန်တော်တို့နိုင်ငံမှမဟုတ်ဘူး ဘယ်နိုင်ငံမှမတည်ငြိမ်ဘူး။          မတည်ငြိမ်ရင် မဖွံ့ဖြိုးမတိုးတက်ဘူး။ ဒါ့ကြောင့် အခုအခမ်းအနားကို သိုက်သိုက်ဝန်းဝန်း ကျင်းပပေးတဲ့အတွက် ကျေးဇူးလည်းတင်တယ်၊ ဂုဏ်လည်းဂုဏ်ယူတယ်၊ ကြိုလည်းကြိုဆိုပါတယ်။ 

ကျွန်တော်ကတော့ အစိုးရအဆက်ဆက် NCA အခမ်းအနားကို သုံးကြိမ်ဆက်တိုက် တက်ခဲ့သူလည်း ဖြစ်ပါတယ်။ ယေဘုယျပြောမယ်ဆိုရင် NCA စာချုပ်ကြီး ကတော့ပေါ်လာပြီ။ NCA စာချုပ်က ဘယ်လိုမှ ပျက်ပြယ်လို့မရတဲ့စာချုပ်လည်း ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်ကြီးမှာလည်း အတည်ပြုချက်ယူထားတဲ့ စာချုပ်ကြီး ဖြစ်ပါတယ်။ ရှေ့ဆက်ဆောင်ရွက်ဖို့ အပိုင်း ၂ ပိုင်းခွဲသင့်ပါတယ်။ ပထမပိုင်းကတော့ စည်းရုံးရေးလုပ်ငန်းတွေကို ဆက်ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ စည်းရုံးရေးလုပ်ဆောင်တဲ့အခါမှာ EAOs လို့ခေါ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို စည်းရုံးရမှာဖြစ်သလို ဒေသနေပြည်သူတွေကိုလည်း စည်းရုံးရမှာဖြစ်ပါတယ်။ သူတို့ဘဝအခြေအနေတွေ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးရင်းကနေ ပြောင်းလဲရမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆိုတာ ဉုံဖွဆိုပြီး ချက်ချင်းရတာမဟုတ်ပါဘူးဆိုတာကို သဘောပေါက်နားလည်ဖို့ လိုပါတယ်။ NCA မှာ ပါဝင်ဖို့ ကျန်နေသေးတဲ့ တိုင်းရင်းသားတွေအနေနဲ့ ကိုယ့်အတွက်ကိုယ် မကြည့်ကြပါနဲ့။ လက်ဆင့်ကမ်းပေးရမယ့် မျိုးဆက်သစ်တွေအတွက်ကြည့်ပြီး ငြိမ်းချမ်းရေးအတွက် စုပေါင်းလုပ်ကြပါ။ ဒါ့ကြောင့်လာကြပါ၊ ဝိုင်းကြပါ၊ ဝန်းကြပါ၊ အတူတူ လုပ်ကိုင်ဆောင်ရွက်မှသာ အားလုံးလိုချင်နေတဲ့ ငြိမ်းချမ်းရေးဆိုတဲ့အရသာကို ခံစားနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့တင် မဟုတ်ပါဘူး ပခုံးပြောင်းတာဝန်ယူမယ့် မျိုးဆက်သစ်လူငယ်တွေလည်း ခံစား နိုင်မှာဖြစ်ပါတယ်။

Leave a Reply