You are currently viewing ငြိမ်းချမ်းရေးအစုအဖွဲ့များ၏ စကားသံများ

ငြိမ်းချမ်းရေးအစုအဖွဲ့များ၏ စကားသံများ

ဗိုလ်မှူးကြီး ဝဏ္ဏအောင်၊ အဖွဲ့ဝင်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ

“တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) က အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအကြား သဘောတူချုပ်ဆိုထားတဲ့ စာချုပ်တစ်ရပ်ဖြစ်ပြီး စာချုပ် လက်မှတ်ရေးထိုးရာမှာ ပြည်တွင်းသက်သေတွေနဲ့ နိုင်ငံတကာသက်သေတွေဖြစ်တဲ့ ကုလသမဂ္ဂ၊   ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ ထိုင်း၊ ဂျပန်နိုင်ငံတို့က သံတမန်တွေပါ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ ခိုင်မာတဲ့စာချုပ်ဖြစ်ပါတယ်။NCA ရဲ့ အခြေခံမူတွေမှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးတို့ကိုရှေးရှုပြီး ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေ အာမခံချက်တွေ အပြည့်အဝရှိတဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်တွေနဲ့အညီ တည်ဆောက်သွားရန်၊ နိုင်ငံရေးပြဿနာကို စစ်ရေးနဲ့ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ့် နိုင်ငံရေး ယဉ်ကျေးမှုသစ်တစ်ရပ်ထူထောင်ပြီး လက်နက်ကိုင်ပဋိပက္ခ အဆုံးသတ်နိုင်ရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ဦးစွာဆောင်ရွက်ရန်  ဆိုပြီး ပါရှိတဲ့အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲ စောင့်ကြည့်ကော်မတီတို့ကို ဖွဲ့စည်းပြီး ဆွေးနွေးဆောင်ရွက်ခဲ့ကြပါတယ်။

NCA လက်မှတ်ရေးထိုးပြီးနောက်မှာ NCA မှာပါတဲ့ ပြဋ္ဌာန်းချက်တွေအတိုင်း တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်ဆောင်မှုဆိုင်ရာညှိနှိုင်းအစည်းအဝေး (JICM) ကို ကျင်းပခဲ့ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)နဲ့ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) တို့ကို ဖွဲ့စည်းခဲ့ပြီး ကော်မတီအလိုက် လုပ်ငန်းလမ်းညွှန် (ToR)တွေ၊ လုပ်ထုံး လုပ်နည်း(SOP)တွေနဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်တွေကိုလည်း ရေးဆွဲဆောင်ရွက်ခဲ့ကြပါတယ်။NCA ပါ ပြဋ္ဌာန်းချက်တွေကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအနေနဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလကုန်အထိ JICM အစည်းအဝေး စုစုပေါင်း (၉) ကြိမ်နဲ့ UPDJC အစည်းအဝေး စုစုပေါင်းအကြိမ်(၂၀)၊ JMC-U အစည်း အဝေး စုစုပေါင်း (၁၉) ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ(၅)ကြိမ် ကျင်းပပြုလုပ်ပြီး ရရှိလာတဲ့သဘောတူညီချက် (၇၂) ချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းအတည်ပြုချက်ရယူခဲ့ပြီး        ဖြစ်တဲ့အတွက်      ဒီသဘောတူညီချက်တွေကိုဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

အခု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အရှိန် အဟုန်မပြတ် ဆက်လက်အကောင်အထည်ဖော် ဆောင် ရွက်နိုင်ရေးအတွက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်မှာ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့ အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းကော်မတီ၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီတို့ကို ဖွဲ့စည်းခဲ့ပါတယ်။

ဗဟိုကော်မတီကချမှတ်ပေးတဲ့ မူဝါဒ၊ လမ်းညွှန်ချက်တွေနဲ့အညီ လုပ်ငန်းကော်မတီက လိုအပ်တဲ့ အချိန်ဇယားနဲ့ မဟာဗျူဟာတွေကို ချမှတ်ပြီး ညှိနှိုင်းရေးကော်မတီက လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ    ဒီနေ့အချိန်အထိ NCA လက်မှတ်ရေးထိုး ပြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ (၇၃)ကြိမ်၊ NCA လက်မှတ်ရေးထိုးထားခြင်း မပြုသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ (၂၅)ကြိမ်၊ နိုင်ငံရေးပါတီတွေနဲ့ (၁၆)ကြိမ်၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့တွေနဲ့ (၇)ကြိမ် စုစုပေါင်းတွေ့ဆုံဆွေးနွေးမှု (၁၂၁)ကြိမ် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပါတယ်။ညှိနှိုင်းရေးကော်မတီအနေနဲ့ NCAလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၇)ဖွဲ့၊NCA လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၃)ဖွဲ့၊ နိုင်ငံရေး ပါတီတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေကို တွေ့ဆုံ ဆွေးနွေးပြီး ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် လက်တွဲပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၇)ဖွဲ့နဲ့ (၆)ကြိမ် ဆွေးနွေးနိုင်ခဲ့ပြီး NCA လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၃)ဖွဲ့ဖြစ်တဲ့ UWSA ၊ SSPP ၊ MNDAA တို့နဲ့လည်း တွေ့ဆုံဆွေးနွေးမှု(၅)ကြိမ် ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ တွေ့ဆုံ ဆွေးနွေးရာမှာ သဘောတူညီချက်တွေအနေနဲ့ ပါတီစုံ ဒီမိုကရေစီနိုင်ငံရေးစနစ် ခိုင်မာစေရေး အတွက် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရေး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ လိုလားချက်ပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသတည်ငြိမ်ရေးနှင့် ပါတီစုံဒီမိုကရေစီရွေးကောက် ပွဲများ လွတ်လပ်၍တရား မျှတစွာယှဉ်ပြိုင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးတို့ပဲ ဖြစ်ပါတယ်။နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်ပြင်ဆင်နိုင်ရေး ဆွေးနွေးခဲ့ကြရာမှာလည်း သဘောတူညီချက် (၂၁) ချက် ရရှိခဲ့ပြီးဖြစ်ပါတယ်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံတော်ရဲ့ ပကတိလိုအပ်ချက်ဖြစ်တဲ့ နိုင်ငံရေး ရည်မှန်းချက်နှစ်ရပ်ဖြစ်တဲ့    စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် ပဓာနကျသောငြိမ်းချမ်းရေးကို နိုင်ငံသူ၊ နိုင်ငံသားများအားလုံးက ပူးပေါင်းပါဝင်တည်ဆောက်ကြရန်၊ အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ်ဖြစ်တဲ့ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး၊    ရှေ့လုပ်ငန်းစဉ်(၅)ရပ်နဲ့ ဦးတည်ချက်(၉)ရပ်တို့ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိရာ ညှိနှိုင်းရေးကော်မတီအနေနဲ့လည်း NCA နဲ့ ၂၀၀၈ ခုနှစ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံပြီး နိုင်ငံတော်အစိုးရရဲ့ ရှေ့လုပ်ငန်းစဉ်၊ ရည်မှန်း ချက်၊ ဦးတည်ချက်တွေနဲ့အညီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို စဉ်ဆက်မပြတ်ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

ခွန်ဥက္ကာ (ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နာယက)

ပြည်ထောင်စုသဘောတူစာချုပ်အပြီးအပိုင် ချုပ်ဆိုနိုင်အောင် ကျွန်တော်တို့ထပ်ကြိုးစားရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုသဘောတူစာချုပ် အပြီးအပိုင်ချုပ်ဆိုနိုင်အောင် ကြိုးစားတဲ့နေရာမှာ ဥပမာကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးကို အပြည့်အဝရရှိစေရမယ်၊ တိုင်းရင်းသားတွေ တန်းတူညီမျှရရှိရမယ်၊ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်တဲ့နေရာမှာ အားလုံးရဲ့ သဘောထား ပါဝင်ရမယ်စသည်ဖြင့် နိုင်ငံရေးအရ ကတိအဝတ်ကောင်းတွေ ထပ်ပေးနိုင်ရင်တော့ အဖွဲ့တိုင်းက လူမျိုးတိုင်း ပါဝင်စဉ်းစားလာမယ်လို့ ကျွန်တော်ယူဆပါတယ်။

ဒါကြောင့် တစ်ဆင့်ပြီးတစ်ဆင့်တော့ ရွေ့သွားအောင် လုပ်ရပါမယ်။ အခုလက်ရှိပုံစံအတိုင်းတော့ ဆက်နေလို့မရတော့ဘူး။ ကျွန်တော်တို့တိုင်းပြည်က တော်တော်နာနေပြီ။ တော်တော်ဒုက္ခရောက် နေပြီ။ လူအသေအပျောက်တွေလည်းများနေပြီ။ ဒီပဋိပက္ခကိုလျှော့ဖို့၊ ရပ်ဖို့က အရင်ဦးစားပေးရမှာ ဖြစ်တယ်။ ပြီးတော့မှ နိုင်ငံရေးသဘောတူညီချက်ကို ထပ်မံရယူပြီး တိုင်းပြည်ထူထောင်ရေး ဆက်ပြီးတော့ လုပ်ဆောင်သွားရမှာပေါ့ဗျာ။ NCA ရဲ့ လမ်းညွှန်ချက်အတိုင်းပေါ့နော် အဲဒီလို တင်ပြချင်ပါတယ်။

ဦးလှမောင်ရွှေ

“ကျွန်တော့်အမြင်ကတော့ ၂၀၁၁ ကစခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကောင်းခဲ့တာတွေ၊ ဆိုးခဲ့ တာတွေလည်းရှိတယ်။ အခု (၈) နှစ်ပြည့်ယနေ့လုပ်တဲ့ပွဲကတော့ တော်တော်လည်း ခမ်းခမ်းနားနား လုပ်တယ်လို့လည်း နားလည်ပါတယ်။ အခုကတော့ ဒီနေ့ပွဲမှာက တာဝန်ရှိတဲ့ခေါင်းဆောင်တွေ ပြောတဲ့အပြင် EAO ခေါင်းဆောင်တွေလည်းပြောမယ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံက အထူး ကိုယ်စားလှယ်ပြောမယ်၊ အိန္ဒိယကလည်း Deputy National Security ပြောမယ်၊ ထိုင်းကတည်း ကိုယ်စားလှယ်တွေပြောမယ်၊ အခြားလည်း ပြောမယ့်သူတွေ အများကြီးလို့ နားလည်ထားပါတယ်။

 နှစ်နှစ်ခွဲအတွင်းမှာ ဆိုင်းငံ့ခဲ့တဲ့ NCA အကောင်အထည်ဖော်တဲ့ ကိစ္စရပ်တွေက တစ်ကျော့ပြန်ပြီး တော့ အားကောင်းမောင်းသန်ဖြစ်လာမလားဆိုပြီးတော့ မျှော်လင့်ပါတယ်။ ဒီကနေ့ နေ့လယ်ပိုင်းမှာ ထူးထူးခြားခြား Chatham House Rule နဲ့အတူ Workshop တစ်ခုလုပ်ဖို့ပြင်တာ တွေ့ရပါတယ်။ အဲဒီ Workshop မှာလည်း EAO ကတစ်စု၊ တပ်မတော်နဲ့ အစိုးရဘက်ကတစ်စု၊ နိုင်ငံရေးပါတီတစ်ခုနဲ့ ကျွန်တော်တို့လို အရပ်ဘက်က ငြိမ်းချမ်းရေးဆောင်ရွက်တဲ့ Academic တွေ၊ ပညာရှင်တွေကိုလည်း သူတို့သီးခြားဖိတ်ပြီး ဆွေးနွေးတာရှိတယ်။ ဒီတခေါက် ဖြစ်နိုင်ချေဆိုတာကတော့ စောင့်ကြည့်ရမယ်။ ဒီနေ့ပြီးရင်တော့ ပိုပြီးတော့ ကောင်းတဲ့ဘက်ကို ချဉ်းကပ်နိုင်မလားဆိုတာ စောင့်ကြည့်ရမယ်။ ကျွန်တော်တို့ လက်ရှိတာဝန်ရှိတဲ့ လူကြီးတွေ အနေနဲ့လည်း တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ သီးခြား တွေ့မယ်လို့ ကြားပါတယ်။ ဆိုလိုတာကတော့ နှစ်နှစ်ခွဲအပြီးမှာ အားသာချက်၊ အားနည်းချက်တွေ အများကြီးကြားထဲမှ တစ်ဆင့်ပြန်သွားလို့ ရမလားဆိုတာ ကြည့်သင့်တယ်။ NCA ရဲ့ Main Theme ကတော့ နိုင်ငံရေးအခက်အခဲပြဿနာကို စားပွဲဝိုင်းမှာဖြေရှင်းဖို့ပါပဲ။ အဲ့ဒီအချက်ကို အကောင်အထည်ဖော်တဲ့နေရာမှာ အားနည်းချက်တွေ၊ အခြားမတူညီမှုတွေက တစ်ယောက်နဲ့ တစ်ယောက် အငြင်းပွားစေပါတယ်။ အထူးသဖြင့် ကျွန်တော့အနေနဲ့ (၁၂) နှစ်တာကာလကို ကြည့်ရင်တော့ ဒီနေ့ပွဲကစပြီးတော့ ‌အရွေ့တွေရှိနိုင်ဖို့ မျှော်လင့်ပါတယ်။”

“ကျွန်တော့်အမြင်ကတော့ အားလုံးမှာ အားသာချက်တွေ၊ အားနည်းချက်တွေ ရှိနေနိုင်ပါတယ်။ ဒါပေမယ့် လက်ရှိကမ္ဘာကြီးရဲ့ ကမ္ဘာ့အခင်းအကျင်းတွေကို ပြန်ကြည့်ရင် ကျွန်တော်တို့ အချင်းချင်းကြားထဲမှာ Dialogue ကနေတစ်ဆင့်သွားရမယ်လို့ ယုံကြည်တယ်၊ နားလည်ပါတယ်။ အခုချက်ချင်းမပြောနိုင်သေးရင်တောင်မှ စကားပြောတဲ့အဆင့်က ဖြတ်ကိုဖြတ်ရလိမ့်မယ်။ အခြားနည်းတော့ မစဉ်းစားမိပါဘူး။ ဆိုလိုတာကတော့ ဖြစ်လာတဲ့ကိစ္စရပ်တွေအားလုံးအပေါ်မှာ ယုံကြည်မှုတွေ အားနည်းခဲ့တယ်။ အဲဒီကနေပြဿနာတွေ သေချာပေါက်ရှိခဲ့တယ်။ အဲဒီပြဿနာတွေကို ပြောင်းနိုင်မလား၊ ဒီနေ့ဆိုရင် SAC ဥက္ကဋ္ဌ မိန့်ခွန်းပြောမယ်၊ EAO ကလည်း ငြိမ်းချမ်းရေးမှာ လက်မှတ်ထိုးခဲ့တဲ့ RCSS ပြောမယ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံက အထူး ကိုယ်စားလှယ်ပြောမယ်၊ အိန္ဒိယကလည်း ပြောမယ်ဆိုရင် သူတို့ရဲ့ message တွေရယ်၊ တိုင်းရင်းသားတွေပြောတာတွေရယ် အကုန်လုံးကို ပြန်ပြီးတော့ သုံးသပ်ရင် တိုင်းရင်းသား ခေါင်းဆောင်တွေဘက်ကလည်း စဉ်းစားစရာတွေ ရကောင်းရပါလိမ့်မယ်။”

“ကျွန်တော်တို့ လက်ရှိနားလည်သလောက်တော့ SAC ဘက်က တိုင်းရင်းသားလက်နက်ကိုင် (၁၈) ဖွဲ့လုံးကို Dialogue Partner လို့သတ်မှတ်ပြီး ဖိတ်ထားတာ တွေ့ရပါတယ်။ (၁၈) ဖွဲ့မှာ လောလောဆယ် SAC မှာ ဆွေးနွေးနေတဲ့အဖွဲ့က (၁၀) ဖွဲ့ရှိတယ်။ ဒီကနေ့ပွဲတက်တဲ့ (၇) ဖွဲ့ကတော့ သူတို့အဖွဲ့အစည်းတွေအတိုင်းပဲ လာတက်တာတွေ့ရတယ်။ နောက်နှစ်ဖွဲ့ကတော့ အဖွဲ့အစည်းတစ်ခုလုံးအနေနဲ့ မဟုတ်ဘဲနဲ့ NCA ကို ကြိုးစားခဲ့တဲ့လူတွေပါ။ ယနေ့ ပြောရရင်တော့ (၇) ဖွဲ့လုံးကတော့ အပြည့်အဝတက်ပြီးတော့ နှစ်ဖွဲ့ကတော့ အစိတ်အပိုင်းတစ်ခုကတော့ NCA ကို လိုလားပြီးတော့ ဆက်သွားချင်တဲ့သူတွေက လာတက်တယ်လို့ ပြောလို့ရပါတယ်။ လက်မှတ် ထိုးထားတဲ့ (၁၀) ဖွဲ့ထဲမှာ (၇) အပေါင်း (၂) ကတော့ တက်တယ်လို့ပြောလို့ရပါတယ်။”

ဦးခက်ထိန်နန်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)(၈)နှစ်ပြည့်အခမ်းအနား ကျင်းပနိုင်တဲ့အတွက် ဝမ်းသာဂုဏ်ယူပါတယ်။ ငြိမ်းချမ်းရေးကိုကြီးကြီး ကျယ်ကျယ် ခမ်းခမ်းနားနားနဲ့ နိုင်ငံတကာကသိအောင် ချိတ်ဆက် ဆောင်ရွက်ပေးတဲ့အတွက် အစိုးရကိုလည်းကျေးဇူးတင်ပါတယ်။ အတိုင်းအတာတစ်ခုအထိထိရောက်အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။ ငြိမ်းချမ်းရေးကို နောက်ထပ်ကြိုးစားဖို့၊ ခြေလှမ်းလှမ်းဖို့ စွမ်းအားတွေရရှိလာမယ်လို့ ယုံကြည်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးက နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကအခြေခံအုတ်မြစ်ဖြစ်ပါတယ်။ NCA(၈)နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားကနေအရှိန်အဟုန်နဲ့ ဆက်ပြီးသွားမယ်လို့ယုံကြည်ပါတယ်”    

ဒေါက်တာအေးမောင်၊ ဥက္ကဋ္ဌ၊ ရခိုင်ဦးဆောင်ပါတီ

“တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) (၈) နှစ်မြောက် အခမ်းအနားကို ခမ်းခမ်းနားနား ကျင်းပတာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးပွဲတွေနဲ့ ပတ်သက်လို့ အကြိမ်ကြိမ်တက်ဖူး ပါတယ်။ ကျွန်တော်ကလွှတ်တော်ထဲမှာအမတ်ဖြစ်ခဲ့တော့ NCA စာချုပ်ချုပ်ဖို့ ဘယ်လိုကြိုးစားခဲ့ရ တယ်ဆိုတာကို သိပါတယ်။ NCA ဖြစ်ဖို့အတွက် နှစ်နှစ်နီးပါး ကြိုးစားခဲ့ရတယ်။ NCA ရဲ့ အသီး အပွင့်က ငြိမ်းချမ်းမှုဖြစ်တယ်။ NCAရဲ့ ပင်မအနှစ်သာရသည် အခြေခံဥပဒေကို ပြင်မယ့်နည်းလမ်း ကိုရှာတာဖြစ်ပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းရဲ့ ပင်မရည်ရွယ်ချက်က ငြိမ်းချမ်းမှုအတွက် ထက် နိုင်ငံရေးအားဖြင့် ရည်မှန်းတာကိုတောင်းလို့မရလို့ လက်နက်ကိုင်တာဖြစ်ပါတယ်။ လက်နက်ကိုင်နည်းနဲ့ နှစ်ပေါင်းကြာလာတဲ့အခါ နိုင်ငံရေးနည်းနဲ့ ပြန်လည်ဖြေရှင်းမှ ရမယ်ဆိုတဲ့ သံသရာတစ်ပတ်ပြန်လည်လာတာဖြစ်ပါတယ်။ တွေ့ကြ၊ ဆွေးနွေးကြဆိုတဲ့ ဒီပန်းတိုင် လိုအပ်ပါ တယ်။ NCA က တွေ့ဆုံကြတယ်၊ ဆွေးနွေးကြတယ်၊ အပစ်အခတ်ရပ်ကြတယ်”

Leave a Reply