တိုင်းရင်းသားပြည်သူအားလုံး၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံ သော ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် ရွေးကောက်ပွဲပြန်လည်ကျင်းပပြုလုပ်၍ ထွက်ပေါ် လာမည့်အစိုးရကို နိုင်ငံတော်တာဝန်ပြန်လည်လွှဲပြောင်းပေးနိုင်ရန် ဦးတည်ချက်ထား၍ ဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၏ ပထမအချက်တွင် “လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာ အောင် အလေးထားဆောင်ရွက်သွားမည်” ဆိုသည့် သတ်မှတ်ချက်နှင့်အညီ စစ်မှန်စည်းကမ်းပြည့်ဝ သည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို မိမိတို့နိုင်ငံနှင့် ကိုက်ညီသင့်တော်သည့် ရွေးကောက်ပွဲစနစ် တည်ဆောက်မှုပုံစံတို့ဖြင့် ဖော်ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်သည် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင်ဖြစ်သည့်အတွက် အထွေထွေ ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးနှင့် ဒီမိုကရေစီစနစ်ခိုင်မာစေရေး အလေးထားဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ယနေ့အချိန်အခါကာလသည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးဖော်ဆောင်နေသည့် အချိန်အခါဖြစ်ပါသည်။ ယခုကဲ့သို့ ထူးမြတ်သည့် ကရင်ပြည်နယ်နေ့ အခါသမယတွင် ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူညီအစ်ကိုမောင်နှမများကလည်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် မိမိတို့ပြည်နယ်အတွင်း ကဏ္ဍအားလုံး၌ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။