NCA ဘာလဲ ဘယ်လဲ
NCA ဘာလဲ
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nation Wide Ceasefire Agreement)ဟာ ကျွန်တော်တို့နိုင်ငံအတွက် မရှိမဖြစ်လိုအပ်တဲ့ ငြိမ်းချမ်းရေးကို ရရှိနိုင်ဖို့ မြန်မာနိုင်ငံရဲ့သမိုင်းတစ်လျှောက် မရှိခဲ့ဘူးတဲ့ လိုက်လျောမှု၊ သဘောထားကြီးမှု၊ စိတ်ရှည် သည်းခံမှုနဲ့ ငြိမ်းချမ်းရေးကို လိုလားမှုအတွက် ပြယုဂ်သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ပါတယ်။ NCA စာချုပ်ဟာ နိုင်ငံတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs)အကြား သဘောတူညီချက်၊ သဘောတူစာချုပ် ဖြစ်ပါတယ်။
NCA စာချုပ်ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အဓိကအကျဆုံး အခြေခံ အုတ်မြစ်ကောင်း တစ်ရပ်ဖြစ်ခဲ့ရုံသာမက ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသော နိုင်ငံတော် တည်ဆောက်ရေး အတွက် အရေးပါသည့် နိုင်ငံရေးမူဘောင်များ ပါဝင်နေသည့် စာချုပ်ဖြစ်သကဲ့သို့ နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ချုပ်ဆိုထားသည့် ကတိကဝတ်လည်းဖြစ်ပါတယ်။ NCA စာချုပ်သည် လူတစ်ဦးတစ်ယောက် တစ်ဖွဲ့တည်းက ရေးဆွဲခဲ့ခြင်းမဟုတ်ဘဲ မိမိတို့ တိုင်းရင်းသား ညီအစ်ကိုတွေဖြစ်ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ကနဦး အဆိုပြုချက်တွေအပေါ် အခြေခံပြီး အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးနီးပါး အသေးစိတ် အကျေအလည် အကြိမ်ကြိမ်ဆွေးနွေးညှိနှိုင်း သဘောတူရေးဆွဲခဲ့ခြင်းဖြစ်ပါသည်။ ပထမဒီမိုကရေစီအစိုးရလက်ထက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင်ဖိတ်ခေါ်ခဲ့သည့်နေ့ကစပြီး NCA စာချုပ်ရရှိသည်အထိ ရက်ပေါင်း ၁၄၅၀ ရက် ကြာမြင့်ခဲ့သည့်ကာလအတွင်း အစည်းအဝေးများ တွေ့ဆုံညှိနှိုင်းမှုများ စုစုပေါင်းအကြိမ် ၅၀၀၀ ကျော်အထိ ပြုလုပ်ခဲ့ကြရပါသည်။
NCA စာချုပ်အား ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့ (KNU၊ DKBA၊ KNU/KNLA-PC၊ CNF ၊ PNLO၊ ABSDF၊ ALP ၊ RCSS) တို့ လက်မှတ်ရေးထိုးခဲ့ကြရာတွင် ကမ္ဘာ့ကုလသမဂ္ဂ (UN) ၊ ဥရောပသမဂ္ဂ (EU) အပါအဝင် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်းနိုင်ငံတို့မှ သံတမန်များ ပြည်တွင်းအသိသက်သေများရှေ့တွင် ခမ်းနား ထည်ဝါစွာ လက်မှတ်ရေးထိုးခဲ့ပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထားသည့် သမိုင်းဝင် စာချုပ်တစ်ရပ် ဖြစ်ပါသည်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်တွင် နောက်ထပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ (LDU နှင့် NMSP) ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသည့်အတွက် NCA တွင် ပါဝင်လက်မှတ်ရေးထိုးသည့်အဖွဲ့ ၁၀ ဖွဲ့ ရှိခဲ့ပါတယ်။
NCA မှာ အခန်း ၇ ခန်းပါဝင်ပြီး အပိုဒ်ပေါင်း ၃၃ ပိုဒ် ၊ အပိုဒ်ခွဲ ၈၆ ခုနဲ့ စုစုပေါင်း ပြဋ္ဌာန်းချက် ၁၀၄ ချက်ရှိပါတယ်။ အခြေခံမူများ၊ ဦးတည်ချက်နှင့်ရည်ရွယ်ချက်များ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာကိစ္စရပ်များ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ခိုင်မာအောင်လုပ်ဆောင်ခြင်း၊ နိုင်ငံရေးဆွေးနွေးပွဲ ဆိုင်ရာအာမခံချက်များ၊ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် အထွေထွေဟူ၍ ပါဝင်သည်ကို လေ့လာတွေ့ရှိနိုင်ပါတယ်။
NCA ၏ အခြေခံမူမှာ “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ရှေ့ရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့် အညီတည်ဆောက်သွားရန်၊ နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့်ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည်။ နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ်ထူထောင်ပြီး လက်နက်ကိုင်ပဋိပက္ခ အဆုံးသတ်နိုင်ရန် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ဦးစွာဆောင်ရွက်ရန်” ဖြစ်ပါတယ်။
NCA လက်မှတ်ရေးထိုးပြီးနောက် စာချုပ်တွင် ပါဝင်သော ပြဋ္ဌာန်းချက်များအတိုင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) များကို ကျင်းပခဲ့ကာ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) နှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) တို့ကို ဖွဲ့စည်းခဲ့ပြီး ကော်မတီအလိုက် လုပ်ငန်းလမ်းညွှန်(ToR)များ၊ လုပ်ထုံးလုပ်နည်း (SOP)များနှင့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် များကိုလည်း ရေးဆွဲဆောင်ရွက်ခဲ့ကြပါတယ်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလကုန်အထိ JICM အစည်းအဝေး (၉) ကြိမ်၊ UPDJC အစည်းအဝေး (၂၀)ကြိမ်၊ JMC (U) အစည်းအဝေး (၁၉) ကြိမ် ဆောင်ရွက်ခဲ့ကြပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) သည် နိုင်ငံရေးဆိုင်ရာအခြေခံမူများဖြစ်သော နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍ၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍ တို့ကို ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုငြိမ်းချမ်းရေးးညီလာခံ (၅)ကြိမ် ကျင်းပနိုင်ခဲ့ပါသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံများမှ သဘောတူညီချက်များကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း အတည်ပြုချက်ရယူပြီး ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁)၊ (၂)၊ (၃) တို့ဖြင့် သဘော တူညီချက်(၇၂)ချက် ရရှိခဲ့ပါတယ်။ သဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အတွက် တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လက်ဆောင်ရွက်ခဲ့ကြပါတယ်။
“NCA အပေါ် လေ့လာသုံးသပ်ခြင်း”
NCA ဟာ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား အပစ်အခတ် ရပ်စဲနိုင်ရေး နိုင်ငံရေးသဘောတူစာချုပ်တစ်ခုသာမက နိုင်ငံရေးဆိုင်ရာများကို ဆွေးနွေးနိုင်ရန် လမ်းကြောင်းအတွက် နိုင်ငံရေးပြုပြင်ပြောင်းလဲရေးစာချုပ်တစ်ခု ဖြစ်ပါတယ်။ NCA မှာ တပ်ဖွဲ့ ဖြန့်ထားရှိမှု၊ နယ်နိမိတ်သတ်မှတ်မှုနှင့် စိစစ်အတည်ပြုမှုကဲ့သို့သော စစ်ရေးဆိုင်ရာကိစ္စရပ်များတွင် ရှင်းလင်းကွဲပြားမှုမရှိခြင်း၊ ထည့်သွင်းထားမှုမရှိခြင်းများ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ များကို သက်ဆိုင်ရာဒေသများတွင် ကျင်းပပြုလုပ်ခြင်းနှင့်ပတ်သက်၍ မရှင်းလင်းသည့် ကန့်သတ်မှုများ ဖြစ်ပေါ်လာခဲ့ပြီး NCA အပေါ် သဘောထားအချို့ ပြောင်းလဲလာခဲ့ကြပါတယ်။
NCA လက်မှတ်ရေးထိုးပြီးနောက် ပထမ ဒီမိုကရေစီအစိုးရလက်ထက် (၂၀၁၁-၂၀၁၆) တွင် ငြိမ်းချမ်းရေးညီလာခံတစ်ရပ် ကျင်းပနိုင်ခဲ့သော်လည်း ရလဒ်များ အကျိုးဖြစ်ထွန်းမှုနည်းခဲ့ပါတယ်။ NLD အစိုးရ တက်လာပြီးနောက် ထင်သာမြင်သာရှိသည့် ငြိမ်းချမ်းရေးပြုပြင်ပြောင်းလဲမှု တိုးတက်မှု များကို မဖော်ဆောင်နိုင်ခဲ့မှုအပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAOs) အချို့မှ NCA အပေါ် သံသယအချို့ ရှိလာခဲ့ကြပါသည်။ နှစ်ဖက်တပ်မတော်နှင့် EAOs များအကြား အငြင်းပွားဖွယ်ကိစ္စရပ် များအဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ဖက်ဒရယ်တပ်မတော်ထူထောင်ရေး၊ ခွဲမထွက်ရေး၊ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ဖော်ဆောင်ရေးတို့တွင် ရှေ့ဆက်ရန် အခက်အခဲများ တွေ့ကြုံခဲ့ကြပါသည်။
ဒုတိယဒီမိုကရေစီအစိုးရလက်ထက်(၂၀၁၆-၂၀၂၁)တွင် ငြိမ်းချမ်းရေးကို ဆက်လက် အကောင် အထည်ဖော်ဆောင်ရွက်ရေးထက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုသာ ဦးစားပေး ဆောင်ရွက် ခဲ့ခြင်းကြောင့် NCA လက်မှတ်ရေးထိုးထားသည့် EAOs များအနေဖြင့် စိုးရိမ်မှုများနှင့်အတူ သံသယများ ဖြစ်ပေါ်မှု မြင့်တက်လာပြီး ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးခြင်းလုပ်ငန်းစဉ် အရှိန်အဟုန် လျော့ကျလာ ခဲ့ပါသည်။ လွှတ်တော်အတွင်းတွင်လည်း ဥပဒေပြုရေးတာဝန်များ ရယူထားသည့် အများစု ပြည်သူ့ ကိုယ်စားလှယ်များသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အဓိက သက်ဆိုင်သော အရေးကြီးသည့်ဥပဒေများကို ပယ်ဖျက်ခြင်းများနှင့် ဒေသအရေးကိစ္စရပ်များ၊ ပြည်နယ်အရေးကိစ္စရပ် များကို ပြည်ထောင်စုလွှတ်တော်အတွင်း မဲဖြင့် အနိုင်ယူ လွှမ်းမိုးလုပ်ဆောင်ခဲ့ကြမှုများကြောင့် အစိုးရအပေါ် တိုင်းရင်းသားပြည်သူလူထု၏ ယုံကြည်မှုများ ကျဆင်းခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ဖောင်းပွခြင်း၊ ဥပဒေနှင့်မညီသူများ မဲစာရင်းတွင် ပါဝင်ခြင်း၊ ဥပဒေနှင့်မညီသည့် မဲပေးခြင်းများ ဆောင်ရွက်ခဲ့ခြင်း၊ ရပ်ကွက်ကျေးရွာများတွင် ဥပဒေနှင့်မညီညွတ်သော ကြိုတင်မဲများ ကောက်ခံခြင်းစသည့် တရားမဲ့ ဆောင်ရွက်မှုများကြောင့် မဲမသမာမှု (၁၁) သန်းကျော် ဖြစ်ပွားခဲ့ပါတယ်။ တပ်မတော်မှ မဲမသမာမှုကို ညှိနှိုင်းဖြေရှင်းပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက် ညအချိန်အထိ ညှိနှိုင်းဖြေရှင်းရေးတောင်းဆိုမှုကို အစိုးရတာဝန်ရှိသူများမှ ငြင်းပယ်ခဲ့ပါတယ်။ အဲ့လိုအခြေ အနေမှာ လွှတ်တော်ခေါ်ယူရေး ကြိုးပမ်းမှုစသော နိုင်ငံရေးအခြေအနေများအရ နိုင်ငံတော်ကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တပ်မတော်က အရေးပေါ်အခြေအနေ ကြေညာ၍ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်တာဝန်များကို ထိန်းသိမ်းခဲ့ပါတယ်။
NCA ဘယ်လဲ
၂၀၂၁ ခုနှစ် မတ်လမှ စတင်ကာ နိုင်ငံအတွင်း သာမန်ဆန္ဒပြမှုများမှတစ်ဆင့် လူစုလူဝေးနှင့် ဆူပူအုံကြွမှုများ၊ အကြမ်းဖက်မှုများ တစ်ဆင့်ချင်း လုပ်ဆောင်လာခဲ့ကြပါတယ်။ နောက်ဆုံးတွင် နိုင်ငံတော်ကို လက်နက်စွဲကိုင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်လာခဲ့ပါသည်။ အစွန်းရောက် NLD ပါတီဝင်အချို့ ဦးဆောင်မှုဖြင့် လူငယ်များကို စည်းရုံးသိမ်းသွင်း ဝါဒမှိုင်း ရိုက်သွင်း၍ နိုင်ငံအနှံ့ PDF အမည်ခံ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များ ဖွဲ့စည်းလာပါတယ်။
NCA လက်မှတ်မရေးထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင် (EAOs) များအပြင် NCA လက်မှတ်ရေးထိုးထားသည့် အချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကလည်း အကြမ်းဖက် PDF များကို အားပေး၍ စစ်သင်တန်းတွေ ပေးခဲ့ပါတယ်။ နိုင်ငံတော်အာဏာ ထိန်းသိမ်းမှုကို မကျေနပ်သူများ၊ ပြည်ပရောက်သူများက NUG ၊ CRPH စသည့် အဝေးရောက် စင်ပြိုင်အစိုးရဖွဲ့၍ PDF များကို သိမ်းသွင်းစည်းရုံးကာ အကြမ်းဖက်လက်နက်စွဲကိုင် တိုက်ခိုက်မှု များကို နည်းလမ်းမျိုးစုံဖြင့် ကူညီထောက်ပံ့အားပေးလုပ်ဆောင်ခဲ့ကြပါသည်။ အရပ်သားအုပ်ချုပ်ရေး တာဝန်ရှိသူများကိုလည်း သတင်းပေး ဒလန်ဟု စွပ်စွဲကာ ရက်စက်သော လုပ်ကြံသတ်ဖြတ်မှုများကို အရှိန်အဟုန်မြင့် ဆောင်ရွက်ခဲ့၍ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအထိ အရပ်သားပြည်သူ၊ စစ်မှုထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဆရာ/မ၊ ကျန်းမာရေးဝန်ထမ်း၊ ဘုန်းကြီး၊ သီလရှင်များအပါအဝင် စုစုပေါင်း (၇၂၈၄) ဦး အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရပါတယ်။
NCA လက်မှတ်မရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ဖက်ဒရယ်အရေး ခေါင်းစဉ်နှင့် လက်နက်ကိုင်တိုက်ပွဲများ ဆင်နွှဲလာသကဲ့သို့ NUF၊ PDF များက ဒီမိုကရေစီအတွက် တော်လှန်ရေးကို ဆင်နွှဲခြင်းဟု ခေါင်းစဉ်တပ်ကာ နိုင်ငံ၏ နေရာအနှံ့အပြားတွင် လက်နက်ကိုင် တိုက်ပွဲများကို ဖော်ဆောင်လာခဲ့ကြပါတယ်။
NCA လက်မှတ်ရေးထိုးထားသော EAOs (၁၀) ဖွဲ့မှလည်း KNU၊ CNF၊ ABSDF သုံးဖွဲ့သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲ စားပွဲဝိုင်းများနှင့် NCA ကို ကျောခိုင်းခဲ့ကြပါသည်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် PNLO အဖွဲ့မှလည်း ခွန်သူရိန် ဦးစီး လက်နက်ကိုင်တပ်ဖွဲ့များသည် PDF များကို အားပေးကူညီကာ PNLO မှ စွန့်ခွာ၍ NCA ကို ကျောခိုင်းကာ တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့များကို တိုက်ခိုက်မှုများ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်တွင် NMSP (မွန်)အဖွဲ့ မှလည်း လက်နက်ကိုင်အချို့ခွဲထွက်၍ NMSP(AD) အမည်ခံ၍ NCA ကို ကျောခိုင်းခဲ့ကြပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ကျားဖြန့်အွန်လိုင်းလိမ်လည်မှု ပပျောက်ရေး ခေါင်းစဉ်ဖြင့် စတင်ခဲ့သော ရှမ်းပြည်မြောက်ပိုင်းဒေသတွင် MNDAA၊ AA၊ TNLA တို့မှ တစ်ပြိုင်ထဲ လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်မှုများကို ၁၀/၂၇ စစ်ဆင်ရေးဟု အမည်တပ်ကာ စတင် ဆောင်ရွက် ခဲ့ပါသည်။ အစောပိုင်းတွင် Drone နည်းပညာအသာစီးရယူအသုံးချကာ တပ်မတော်စစ်ကြောင်းများ၊ စခန်းများ၊ တပ်ဌာနချုပ်များကို သိမ်းယူခဲ့ကြပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါး စော်ကား ခံခဲ့ရပါသည်။ လောက်ကိုင် ကွန်လုံမြို့များမှတစ်ဆင့် လားရှိုး၊ သိန္နီ၊ သီပေါ၊ ကျောက်မဲ၊ မိုးကုတ်ဒေသ များထိ တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ကာ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဒေသအတွင်း မငြိမ် မသက်ဖြစ်ကာ ဒေသခံ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝများစွာ ပျက်စီးခြင်း၊ သေကျေခြင်းများ ကြီးမားစွာ ဖြစ်ပေါ်ခဲ့ပါတယ်။
နိုင်ငံတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် လတ်တလော စစ်ရေးအခွင့်သာမှုကို အသုံးချ၍ ကချင်ပြည်နယ်တွင် KIA နှင့် PDF များ၊ ချင်းပြည်နယ်တွင် CNF နှင့် CDF(PDF) များ၊ ကရင်ပြည်နယ်တွင် KNU၊ KNLA နှင့် PDF များ၊ ကယားပြည်နယ်တွင် KNPP နှင့် PDF များ၊ မွန် ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် KNU၊ NMSP(ခွဲထွက်)၊ PDF များ၊ ရခိုင်ပြည်နယ်အတွင်း AA နှင့် PDF များ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတွင် ဒေသခံ PDF များသည် လက်နက်ကိုင် အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံအပေါ် ၎င်းတို့ရဲ့ Interest အမျိုးမျိုးဖြင့် အချို့သော ပြည်ပနိုင်ငံများသည် လက်နက်ကိုင်သောင်းကျန်းသူများ၊ နိုင်ငံရေးသဘောထားကွဲလွဲသူများ၊ အကြမ်းဖက်လမ်းစဉ် ဆောင်ရွက်နေကြသော အဖွဲ့အစည်းများကို လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးအကြောင်းပြချက်ဖြင့် ငွေကြေး၊ ဆေးဝါး၊ လက်နက်ခဲယမ်း၊ နည်းပညာအကူအညီများ နည်းလမ်းမျိုးစုံနှင့် ထောက်ပံ့ခြင်း၊ ပြည်ဖျက်မီဒီယာများကိုလည်း ငွေကြေးထောက်ပံ့ကာ မီဒီယာစစ်ဆင်ရေးများကို အားပေးထောက်ပံ့ ပေးခဲ့ပါသည်။ EU နှင့် အနောက်အုပ်စုနိုင်ငံများကလည်း မြန်မာနိုင်ငံအပေါ် လူ့အခွင့်အရေး အကြောင်းပြချက်၊ စွပ်စွဲချက်အမျိုးမျိုးဖြင့် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများစွာ ပြုလုပ်ခဲ့ကြပါတယ်။
NCA လက်မှတ်မရေးထိုးထားသော EAOs အများစုကလည်း မီဒီယာကို အသုံးပြု၍ NCA သည် အသက်ဝင်မှုမရှိတော့ကြောင်း၊ ပျက်ပြယ်သွားပြီဖြစ်ကြောင်း ဝါဒဖြန့် ပြောဆိုမှုများ ဆက်တိုက် ပြုလုပ်လာခဲ့ပါသည်။ “NCA ပျက်သွားပြီ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သေသွားပြီ” ဟူသော ရေးသားမှုပြောဆိုမှုများသည် အချို့သော EAOs များ၊ သံတမန်အသိုင်းအဝန်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖော်ဆောင်နေကြသော ပြည်ပအဖွဲ့အစည်းအချို့သို့ ရိုက်ခတ်မှုများစွာ ဖြစ်ပေါ်ခဲ့ရပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အရှိန်အဟုန် မပျက် ဆောင်ရွက်နိုင်ရန် ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် “NCA ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည် ” ဟူသော လုပ်ငန်းစဉ်ကို ချမှတ်ခဲ့ပြီး နိုင်ငံရေးဦးတည်ချက်တွင်လည်း “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိ ရေးအတွက် NCA ပါအတိုင်း အလေးထားလုပ်ဆောင်သွားမည်” ဟူသော ဦးတည်ချက်များ ချမှတ်ကာ NCA ကို အလေးထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အရှိန်အဟုန်မပြတ် ဆက်လက်ဖော်ဆောင်နိုင်ရန်အတွက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်မှာ ငြိမ်းချမ်းရေးကော်မတီ(၃)ရပ်ကို ဖွဲ့စည်းခဲ့ပါတယ်-
- အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ (NSPCC)
- အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ (NSPWC)
- အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC)
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် မိဘပြည်သူများသို့ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မိန့်ခွန်းတစ်ရပ် ပြောကြားကာ ၂၀၂၂ ခုနှစ်အား ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီး ငြိမ်းချမ်းရေးကိစ္စရပ်များကို လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များနှင့် ကိုယ်တိုင်တွေ့ဆုံ ရိုးသားပွင့်လင်းစွာ ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ ပါတယ်။ ဖိတ်ခေါ်ချက်အရ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇)ဖွဲ့ ဖြစ်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင် အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့နှင့် NCA လက်မှတ်ရေးထိုးမှုမရှိသေးသည့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့-မိုင်းလား(NDAA)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ၃ ဖွဲ့ စုစုပေါင်း EAOs (၁၀)ဖွဲ့ သည် နေပြည်တော်သို့လာရောက်၍ ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
ညှိနှိုင်းရေးကော်မတီအနေဖြင့် သက်ဆိုင်ရာ ဆွေးနွေးဖက် EAO (၁၀)ဖွဲ့ဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မှ ၂၀၂၅ ခုနှစ် အောက်တိုဘာလ အထိ NCA လက်မှတ်ရေးထိုးပြီးသည့် EAOs များနှင့် ၉၇ ကြိမ်၊ NCA လက်မှတ်ရေးထိုးခြင်းမရှိသေးသည့် EAOs များနှင့် ၂၆ ကြိမ်၊ နိုင်ငံရေးပါတီများနှင့် ၂၂ ကြိမ်၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့များနှင့် ၁၃ ကြိမ်၊ ငြိမ်းချမ်းရေးစကားဝိုင်း ၁ ကြိမ်၊ ငြိမ်းချမ်းရေး ဖိုရမ် ၁ ကြိမ် စုစုပေါင်း တွေ့ဆုံဆွေးနွေးမှု ၁၆၀ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးသော နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် ရွေးချယ်ဖွဲ့စည်းထား သည့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့နှင့် ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) မှ ပြင်ဆင်ဖြည့်စွက်သင့်သော အဆိုပြုချက်များ၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။ နိုင်ငံရေးပါတီအစုအဖွဲ့၏ အလုပ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှုများအရ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) မှ ပြင်ဆင်ဖြည့်စွက်ရန် သဘောတူညီချက် ၄၃ ချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။
EAOs များ၊ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းမှုမှ အောက်ဖော်ပြပါ ဘုံသဘောတူညီချက် ၄ ချက်ကိုလည်း သဘောတူညီမှုများ ရရှိခဲ့ပါတယ်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ပါတီစုံဒီမိုကရေစီ နိုင်ငံရေးစနစ် ခိုင်မာစေရေး အတွက် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရေး။
( ခ ) တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ လိုလားချက် ပန်းတိုင်ဖြစ်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေး။
( ဂ ) ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူပေါင်း အကောင် အထည်ဖော်ဆောင်ရွက်ရေး။
(ဃ) တရားဥပဒေစိုးမိုးရေး၊ ဒေသတည်ငြိမ်ရေးနှင့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲများ လွတ်လပ်၍ တရားမျှတစွာ ယှဉ်ပြိုင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး။
NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား၌ နိုင်ငံတော်အကြီးအကဲ ပြောကြားခဲ့သည့် မိန့်ခွန်းတွင် NCA ကို အခြေခံသည့် အောက်ပါ မဟာဗျူဟာ၊ နည်းဗျူဟာများကို လမ်းညွှန်မှာကြားခဲ့ သည်ကို ကြည့်ရှုသုံးသပ်ခြင်းဖြင့် NCA အပေါ် တပ်မတော်၊ နိုင်ငံတော်အစိုးရ၏ သဘောထားကို တွေ့မြင်နိုင်ပါတယ်-
(က) အဂ္ဂမဟာဗျူဟာ။ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရန်။
( ခ ) မဟာဗျူဟာ။ နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ရရှိထားသည့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် NCA ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားရန်။
( ဂ ) နည်းဗျူဟာ။ တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ပါအတိုင်း အလေးထား လုပ်ဆောင်ရန်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်၏ အခန်း(၃)ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာကိစ္စရပ်များအောက်တွင် ပါဝင်သော လူသားချင်းစာနာမှုဆိုင်ရာအကူအညီများပေးခြင်း နှင့်စပ်လျဉ်း၍ NSPNC သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိ နိုင်စေရေးအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများကို ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ JMC-TSC လမ်းကြောင်းဖြင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ပေးမှုကို ထိရောက်စွာ ဆောင်ရွက်ခဲ့/ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ ပဋိပက္ခဒဏ်ခံစားနေရသောဒေသများ (ရှမ်း၊ ရခိုင်၊ ကရင်၊ ကယား၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းဒေသများ)ရှိ တိုက်ပွဲရှောင်နှင့် ဒေသခံပြည်သူလူထုများထံသို့ လူသားချင်းစာနာမှု ဆိုင်ရာအကူအညီပေးမှု ၈ ကြိမ်၊ လူဦးရေ ၂၅၀,၀၀၀ ဦးအား ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ် အတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြောင်၊ အရာတော်၊ ဝက်လက်၊ ခင်ဦး၊ ရေဦးနှင့် ဒီပဲယင်း မြို့နယ်များရှိ လူဦးရေ ၂၁၄၉၆၇ ဦးအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ ထောက်ပံ့ ပေးရန် စိစစ်ဆောင်ရွက်လျက်ရှိပါတယ်။
NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ၇ ဖွဲ့၏ နယ်မြေဒေသများအတွင်းရှိ ပဋိပက္ခဒဏ်ခံစားနေရသော တိုက်ပွဲရှောင်ပြည်သူများ အတွက်လည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးနိုင်ရေးအတွက် နိပွန်ဖောင်ဒေးရှင်း၏ ကူညီမှုဖြင့် ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ၄ ကြိမ် ဆန်အိတ်ပေါင်း ငါးသောင်းရှစ်ထောင်ကျော် (၅၈၀၅၅) အား ထောက်ပံ့ကူညီမှုများ လက်ဝယ်ရောက်ရှိရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ၂၀၂၅ ခုနှစ်အတွက် အိတ်ရေ ၂၉၃၀၀ အား ထောက်ပံ့ရေး ဆောင်ရွက်ပေးလျက်ရှိပါတယ်။
ငြိမ်းချမ်းရေးတွေ့ဆုံရေး ယန္တရားဖြစ်သော ဆွေးနွေးဖက် အဖွဲ့အစည်းများနှင့်လည်း အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများကို (In-person၊ Video Conference နှင့် Virtual) တို့ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါတယ်။
NSPNC ဟာ ဖင်လန်နိုင်ငံအခြေစိုက် Crisis Management Initative(CMI) နှင့် ၂၀၁၉ မှ စတင်၍ ၂၀၂၅ ခုနှစ်ထိ CMI နှင့် JMC-TSC တို့ နားလည်မှုစာချွန်လွှာ (MoU) ရေးထိုး၍ နည်းပညာ ဆိုင်ရာသင်တန်းများ JMC-TSC၊ NSPNC နှင့် အရပ်သားကိုယ်စားလှယ်များအား ငြိမ်းချမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ အထောက်အကူပြုသင်တန်းများ၊ Video Conferencing Meeting များဖြင့် ငြိမ်းချမ်းရေးအထောက်အကူ၊ နိုင်ငံတကာဆိုင်ရာငြိမ်းချမ်းရေးအတွေ့အကြုံများနှင့် နည်းပညာဆိုင်ရာ အကြံဉာဏ်များအား ရယူဆောင်ရွက်မှုများ စဉ်ဆက်မပြတ်ဆောင်ရွက်နေပါတယ်။ CMI သည် JMC အဆင့်ဆင့်ရှိ အရပ်သားကိုယ်စားလှယ်များကို အလုပ်ရုံဆွေးနွေးပွဲများ၊ နိုင်ငံတကာလေ့လာရေး ခရီးစဉ်များ၊ JMC-TSC နှင့် နှစ်ပတ်တစ်ကြိမ် Video Conferencing Meeting ဆောင်ရွက်ခြင်းများ ပြုလုပ်နေပါတယ်။
ဆွစ်ဇာလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကူညီပံ့ပိုးမှုနဲ့ ၂၀၂၁ ခုနှစ်တွင် DDR ၊ SSR ကို အထောက်အကူပြုစေနိုင်သော အနာဂတ်လုံခြုံရေးနှင့် ပြန်လည်ပေါင်းစည်းခြင်းဆိုင်ရာ ပညာရှင် စကားဝိုင်း၊ Peace Process Review ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ၊ Security Sector Mapping ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲများ၊ လုံခြုံရေးကဏ္ဍဆိုင်ရာပြန်လည်ပေါင်းစည်းခြင်းဆွေးနွေးပွဲ၊ ၂၀၂၃ ခုနှစ်တွင် Security Integration နှင့် Confidence Building ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ ၂၀၂၅ ခုနှစ်အတွင်း လူသားချင်းစာနာမှုအကူအညီပေးခြင်းဆိုင်ရာ ဆွေးနွေးမှုများကို ဆောင်ရွက်ခြင်းတွေ ပြုလုပ်နေ ပါတယ်။
အိန္ဒိယနိုင်ငံဟာ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအဖွဲ့ (CPR) ရဲ့ ကူညီစီစဉ်မှုနဲ့အတူ NSPNC နဲ့ပူးပေါင်းပြီးတော့ “Constitutionalism and Federalism” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတွေကို ကျင်းပခဲ့တာ (၄)ကြိမ်တိတိ ရှိခဲ့ပြီ ဖြစ်ပါတယ်။ အဲ့ဒီဆွေးနွေးပွဲတွေ ပြုလုပ်ရတဲ့ ရည်ရွယ်ချက် ကတော့ အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအချက်များနှင့် ဖက်ဒရယ်စနစ်ကျင့်သုံးမှု ဆိုင်ရာ အတွေ့အကြုံများအား လေ့လာဆန်းစစ်သုံးသပ်၍ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကြီး တည်ဆောက်ရာမှာ အထောက်အပံ့ဖြစ်စေဖို့ ဖြစ်ပါတယ်။
ပထမအကြိမ်ကိုတော့ ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်းက ရန်ကုန်နှင့် နေပြည်တော်တို့မှာ ၄ ရက် ကြာကျင်းပခဲ့ပြီး NSPNC ၊ တပ်မတော်၊ အစိုးရဝန်ကြီးဌာနတွေ၊ နိုင်ငံရေးပါတီနဲ့ NCA-S EAO အဖွဲ့တွေ၊ CPR နဲ့ Napyitaw State Academy တို့က ကိုယ်စားလှယ် ၁၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကတော့ အိန္ဒိယဖွဲ့စည်းပုံအခြေခံ ဥပဒေ၏ နောက်ခံသမိုင်း၊ ခေါင်းဆောင်များ၏ အခြေခံစဥ်းစားချက်များ၊ တဖြည်းဖြည်း တရွေ့ရွေ့ ဖြစ်ပေါ်တိုးတက်လာပုံနဲ့ Governor ၏ အခန်းကဏ္ဍတို့ ဖြစ်ပါတယ်။
ဒုတိယအကြိမ်ဆွေးနွေးပွဲကိုတော့ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ အတွင်းက ၂ ရက်တာ ကျင်းပခဲ့ပြီး NSPNC ၊ CPR ၊ နိုင်ငံရေးပါတီတွေ၊ NCA-S EAO စတဲ့ အဖွဲ့တွေမှ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။ အဲ့ဒီဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာ ၆ ခုကတော့ အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတနှင့် အုပ်ချုပ်ရေးမှူး များ၏ အခန်းကဏ္ဍ၊ အိန္ဒိယနိုင်ငံ ဖက်ဒရယ်ပြည်ထောင်စု ပြန်လည်ဖွဲ့စည်းခြင်း၊ ဖက်ဒရယ် အာဏာခွဲဝေမှုနှင့် အခွန်အခခွဲဝေမှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဒေသတွင်း အတွေ့အကြုံများ (အိန္ဒိယနိုင်ငံ၏ ရှုထောင့်)၊ ဒေသတွင်း ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်ဖြစ်သည့် အိန္ဒိယနိုင်ငံရှိ Panchayati Raj စနစ်၊ ခေတ်မီနိုင်ငံတစ်ခုအတွင်း ဘာသာစကား၊ အခြားကွဲပြားမှုများနှင့် လိုက်လျောညီထွေ နေထိုင်ခြင်းတို့ ဖြစ်ကြပါတယ်။
တတိယအကြိမ်ကိုတော့ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ India Centre မှာ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်မှာ ကျင်းပခဲ့ပြီး NSPNC ၊ CPR ၊ နိုင်ငံရေးပါတီတွေ၊ NCA-S EAO စတဲ့အဖွဲ့တွေမှ ကိုယ်စားလှယ် စုစုပေါင်း ၄၅ ဦး တက်ရောက်ခဲ့ကြပါတယ်။ အဲ့ဒီဆွေးနွေးပွဲမှာ Constutionalism and Federalism ခေါင်းစဉ်အောက်မှာ အကြောင်းအရာ ၃ ခုဆွေးနွေးခဲ့ ကြပါတယ်။
စတုတ္ထအကြိမ်ကိုလဲ ရန်ကုန်မြို့ India Centre မှာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်မှာ ကျင်းပခဲ့ပြီး NSPNC ၊ CPR ၊ နိုင်ငံရေးပါတီတွေ၊ NCA-S EAO စတဲ့အဖွဲ့တွေမှ ကိုယ်စားလှယ် ၄၂ ဦး တက်ရောက်ခဲ့ကြပါတယ်။ အဲ့ဒီဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာ ၃ ခု ကတော့ Certain practical aspect of Fedrallism in India Border state ၊ Role and Space for regional political parties in India ၊ Constitutional provisions for promoting diversity while safeguarding unity တို့ဖြစ်ပါတယ်။
ယင်းဆွေးနွေးပွဲတွေကတစ်ဆင့် အိန္ဒိယနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥဒေအရ သမ္မတနဲ့ အုပ်ချုပ် ရေးမှူးများရဲ့ အခန်းကဏ္ဍ၊ ဖက်ဒရယ်ပြည်ထောင်စု ပြန်လည်ဖွဲ့စည်းခြင်း၊ ဖက်ဒရယ်အာဏာ ခွဲဝေမှုနှင့် အခွန်အခခွဲဝေမှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဒေသတွင်းအတွေ့အကြုံတွေ၊ ဒေသတွင်း ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်ဖြစ်သည့် Panchayati Raj စနစ်၊ အိန္ဒိယနိုင်ငံ၏ ဘာသာစကားမူဝါဒ တို့ကို လေ့လာသိရှိခွင့်ရခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာအချက်များနှင့် အတွေ့အကြုံများအပါအဝင် ဖက်ဒရယ်စနစ် လုပ်ငန်းစဉ်များနှင့် သက်ဆိုင်သည့် ဗဟုသုတများ ရရှိခဲ့ခြင်းဟာ ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ဖို့အတွက် များစွာ အထောက်အကူဖြစ်စေခဲ့တယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်မိ ပါတယ်။
NCA နှစ်ပတ်လည်နေ့အခမ်းအနားများကို နှစ်စဉ်ကျင်းပခဲ့ရာ ၁ နှစ်မြောက်ကို ၁၅-၁၀-၂၀၁၆ ရက်တွင် အင်အား ၄၁၅ ဦးဖြင့်လည်းကောင်း၊ ၂ နှစ်မြောက်ကို ၁၅-၁၀-၂၀၁၇ ရက်တွင် အင်အား ၄၇၉ ဦးဖြင့် လည်းကောင်း၊ ၃ နှစ်မြောက်ကို ၁၅-၁၀-၂၀၁၈ ရက်တွင် ၁၀+၁၀ ထိပ်သီးအစည်းအဝေးဖြင့် နေပြည်တော်၌လည်းကောင်း၊ ၄ နှစ်မြောက်ကို ၂၈-၁၀-၂၀၁၉ ရက်တွင် အင်အား ၄၇၅ ဦးဖြင့် လည်းကောင်း၊ ၅ နှစ်မြောက်ကို ၁၅-၁၀-၂၀၂၀ ရက်တွင် ကိုဗစ်-19 ကပ်ရောဂါကြောင့် သဝဏ်လွှာ ပေးပို့ခြင်းသာ ဆောင်ရွက်ခဲ့ပါသည်။ ၆ နှစ်မြောက်ကို ၁၅-၁၀-၂၀၂၁ ရက်တွင် ညှိနှိုင်းရေးကော်မတီဝင် များနှင့် EAOs များ အပါအဝင် ၃၅ ဦးဖြင့်လည်းကောင်း၊ ၇ နှစ်မြောက်ကို ၁၅-၁၀-၂၀၂၂ ရက်တွင် ၄၀ ဦး ဖြင့်လည်းကောင်း ဆောင်ရွက်ခဲ့ပြီး ၈ နှစ်မြောက် ကို ၁၅-၁၀-၂၀၂၃ ရက်တွင် အင်အား ၁၃၀၀ ဦးဖြင့် လည်းကောင်း၊ ၉ နှစ်မြောက်ကို ၁၅-၁၀-၂၀၂၄ ရက်တွင် ၇၅ ဦးဖြင့် နေပြည်တော်တွင် နှစ်စဉ်ကျင်းပ ခဲ့ပါသည်။ ၈ နှစ်မြောက်မှ စတင်၍ အခမ်းအနားအပြီး အလုပ်ရုံဆွေးနွေးပွဲများပါ ထည့်သွင်းဆောင်ရွက် ခဲ့ပါတယ်။
(၁၀) နှစ်ပြည့် NCA နှစ်ပတ်လည်နေ့အခမ်းအနားနဲ့ အလုပ်ရုံဆွေးနွေးပွဲကို နိုင်ငံတော် အဆင့် အသွင်သဏ္ဍာန်ရော အနှစ်သာရပါ နိုင်ငံရေးအရအဓိပ္ပာယ်ရှိရှိ ကျင်းပခဲ့ပါတယ်။ “NCA မှသည် ရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးဖြင့် အနာဂတ်ကို ပုံဖော်မည်” (From NCA to Sustainable Peace, Shaping Our Future) ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကျင်းပခဲ့တဲ့ NCA နှစ်ပတ်လည်နေ့ အခမ်းအနားကို ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်အမှာစကား ပြောကြားခဲ့ပါတယ်။
NCA ဖွင့်ပွဲအခမ်းအနားကို NCA လက်မှတ်ရေးထိုးသူများ၊ ပြည်တွင်းအသိသက်သေများနှင့် ပြည်ပအသိသက်သေများ၊ တပ်မတော်မှအရာရှိကြီးများ၊ ပြည်ပ Think Tank ပညာရှင်များ၊ ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ၊ NCA ဖြစ်ပေါ်လာရေး ကြိုးပမ်းဆောင်ရွက်ခဲ့သူများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက် သူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ (NCA-S EAOs၊ NCA-NS EAOs)၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် အလွှာအသီးသီးမှ အသိပညာရှင်၊ အတတ်ပညာ ရှင်များ၊ မြန်မာနိုင်ငံအခြေစိုက်သံရုံးများမှ သံတမန်များအပါအဝင် စုစုပေါင်း လူ ၁၂၀၀ ကျော်နဲ့ အလုပ်ရုံဆွေးနွေးပွဲကို ကိုယ်စားလှယ် ၃၁၅ ဦး တက်ရောက်ခဲ့ကြပါတယ်။
အဲ့ဒီဆွေးနွေးပွဲမှာ ပြည်ပပညာရှင်တွေထဲက အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့မှ ပညာရှင်တွေရဲ့ NCA နဲ့ပတ်သက်ပြီး အဓိကပြောကြားချက်အချို့ကတော့
- Signing of the NCA was a watershed moment in Myanmar’s history. It embodied the shared determination of diverse ethnic communities to set aside conflict and work out mutually acceptable federal democratic arrangements to achieve lasting peace. It is this spirit of the NCA that must be nurtured and strengthened. We strongly urge all its signatories and non-signatories to make full use of the NCA mechanism for holding substantive discussions and achieving concrete, negotiated and sustainable outcomes, rooted in the principles of democracy and federalism. The future of Myanmar depends on the success of the NCA process. The NCA will promote engagement and discussions among all relevant stakeholders, without unrealistic preconditions. In a country as diverse and as resource-rich as Myanmar, peace and stability can be brought only through concessions and compromises by all stakeholders working within a united Myanmar. The peace process must embrace all stakeholders and all stakeholders must find space in the dialogue. The goal of a federal democratic republic can be realized only through political dialogue and negotiations, in a spirit of give and take, rooted in a free, fair, federal, inclusive and credible democratic process.
- In the last 10 years, we are committed to assisting Myanmar government to end the war & promote peace in order to maintain peace & stability of the country. In recent years, according to the will of the relevant parties in Myanmar, China has assisted Tadmadaw to have several rounds of peace talk & sign ceasefire agreements with relevant EAOs, promoting stability & improvement of situation in the relevant areas. We stand ready to continue to play a constructive role in facilitating peace talks & mediation, in full respect of Myanmar’s national sovereignty. We sincerely hope that the parties concerned of Myanmar’s peace process adopt an open, inclusive, flexible and pragmatic approach, adhere to the general direction of ceasefire & peace talk, accumulate mutual trust & attract more EAOs to join the NCA, so as to realize the lasting peace of the country.
- The lesson of the NCA is clear: peace is possible, when courage is greater than fear, when dialogue is chosen over division, and when trust is built even among those who once stood on opposite sides. We firmly believe that peace in Myanmar must be Myanmar-led and Myanmar-owned. Only the people of Myanmar can decide their future. But as a close friend, Thailand will always be there to listen, to assist, and to support whenever it can help. Elections alone cannot deliver peace. They are an important step, yes, but they must be “part and parcel” of a much broader peace process — one that includes dialogue, reconciliation, and above all, trust-building among all stakeholders.
ပြည်ပ ပညာရှင်တွေနဲ့ ပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှ အကြံပြုချက်တွေနှင့် ပြည်တွင်း ပညာရှင်တွေနဲ့ ပြုလုပ်တဲ့အလုပ်ရုံဆွေးနွေးပွဲမှ နိုင်ငံရေးရှုထောင့်မှ ချဉ်းကပ်တာ၊ စီးပွားရေး ရှုထောင့်မှ ချဉ်းကပ်တာ၊ NCA ရှုထောင့်မှ ချဉ်းကပ်တာတွေနဲ့ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအမံတွေနဲ့ပတ်သက်၍ ဖော်ထုတ်ရရှိခဲ့တဲ့ အကြံပြုချက်တွေကို အပိုင်းလိုက် စိစစ်ခွဲခြားပြီးတော့ နိုင်ငံတော်အကြီးအကဲဆီ တင်ပြခွင့်ပြုချက်ယူပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး စီမံ ဆောင်ရွက်နေပါတယ်။ ဒီအကြံပြုချက်တွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ဆောင်ရွက်သူ တွေအကြား ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြင့်လာစေပြီးတော့ လက်ရှိနိုင်ငံရေး အခြေအနေနဲ့ လိုက်လျောညီထွေရှိတဲ့ ငြိမ်းချမ်းရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေကို ဆက်လက်ဖော်ဆောင်နိုင်မယ်လို့ ကျွန်တော့်အနေနဲ့ အခိုင်အမာ ယုံကြည်ထားပါတယ်။
“NCA က အသက်မဝင်တော့ဘူး၊ ပျက်သွားပြီ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က သေသွားပြီ” ဟူသော NCA လက်မှတ်မရေးထိုးရသေးသော EAOs များ၊ လက်မှတ်ရေးထိုးထားသော အချို့သော EAOs အဖွဲ့ဝင်များ၊ ပြည်တွင်း ပြည်ပမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်နေသူအချို့က လူပုဂ္ဂိုလ်များ၊ အသင်းအဖွဲ့များ၊ အချို့သော NGO၊ INGO များ၊ အချို့သောသံတမန်များ၏ ပြောကြားမှု မေးမြန်းမှုများအပေါ် “စာရေးသူအနေနဲ့ကတော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ တက်ကြွစွာ ရှင်သန်နေဆဲပါဘဲ။ NCA ဟာလဲ ရှင်သန်နေ ဆဲပါဘဲလို့ ပြောချင်ပါတယ်။”
NCA ရှင်သန်နေဆဲဆိုတာကို ဘာလို့ ကျွန်တော်ပြောရသလဲ။
နိုင်ငံတော်အကြီးအကဲ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ(NSPCC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၇-၂-၂၀၂၁ မှ ၃-၈-၂၀၂၅ ကာလအတွင်း ပြောကြားခဲ့သည့် နိုင်ငံတော် နေ့ထူးနေ့မြတ် မိန့်ခွန်းများ၊ အမှာစကားများတွင် NCA နှင့်ပတ်သက်၍ (၇၃) ကြိမ်အထိ NCA ပေါ် ရပ်တည်ချက် ခံယူချက် ပြောကြားခဲ့မှုများကို လေ့လာကြည့်ပါက အောက်ဖော်ပြပါ အဓိကအချက်များကို တွေ့မြင်နိုင်ပါတယ်။
- “တစ်နိုင်ငံလုံး ထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် NCA ပါအတိုင်း အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း”
- “NCA ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံး ပါဝင်လက်မှတ်ရေးထိုးလာ နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း”
- “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ(EAOs)နှင့် ပါဝင်သက်ဆိုင်သူအားလုံးသည် အကြမ်းဖက်လုပ်ရပ်များ၊ အဖျက်မှောက်လုပ်ရပ်များ၊ ပြည်တွင်း ပြည်ပ ပယောဂများ၊ မီဒီယာများ၏ စစ်သွေးထိုးလှုံ့ဆော်မှုများ စသည့် အကြောင်းအမျိုးမျိုးကြောင့် NCA လမ်းကြောင်းမှ သွေဖည်မသွားရေးကို အမျိုးသားရေးစိတ်ဓါတ်နှင့် သတိရှိရှိ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း”
- “ငြိမ်းချမ်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် NCA နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပေါ်တွင် အခြေခံ၍ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို မထိခိုက်စေလိုကြောင်း”
- “NCA စာချုပ်သည် နိုင်ငံအတွက် အရေးတကြီး လိုအပ်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဓိက အကျဆုံး အခြေခံလုပ်ဆောင်ရမည်ဖြစ်ကြောင်း”
- “NCA စာချုပ်သည် Union Accord အဖြစ် ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပေးထားသည့် သမိုင်းဝင်စာချုပ်ဖြစ်ပြီး မည်သည့်အခါမှ ပျက်ပြယ်မှုမရှိ တည်ရှိနေ သည့် စာချုပ်ဖြစ်ကြောင်း”
စသဖြင့် NCA ကို အလေးထား အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဦးတည် ရည်မှန်း ထားခြင်းကို ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် ပြည်တွင်း ငြိမ်းချမ်းရေးသည် အရေးကြီးသည့်အတွက် တပ်မတော် အနေဖြင့် ၂၁-၁၂-၂၀၁၈ နေ့မှ ၃၁-၇-၂၀၂၅ ရက်နေ့အထိ ထာဝရငြိမ်းချမ်းရေးအတွက် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး ထုတ်ပြန်ချက်အဖြစ် တစ်ဖက်သတ်အပစ်ရပ် ထုတ်ပြန်မှုပေါင်း (၂၇) ကြိမ် ထုတ်ပြန်ခဲ့ပြီး ငြိမ်းချမ်းရေးအတွက် အလေးထားဆောင်ရွက်ခဲ့ခြင်းနှင့် ငြိမ်းချမ်းရေးအား တွေ့ဆုံဆွေးနွေး အဖြေရှာရေး လမ်းကြောင်းဖြင့်သာ ရရှိနိုင်မည်ဖြစ်ကြောင်း နိုင်ငံသားအားလုံး သိရှိနားလည်စေချင် ပါသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)သည် အပစ်ရပ်ခြင်း (Ceasefire) သက်သက်မဟုတ်ဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် ဖော်ပြချက်များ၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအား အကောင်အထည်ဖော် ဆောင်ရွက်မည့်လမ်းကြောင်းတို့ကို ပြဋ္ဌာန်းထားသည့် နိုင်ငံရေးပဋိဉာဉ်တစ်ရပ်ဟု ဆိုနိုင်ပါသည်။ မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတစ်လျှောက် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် အတိ အလင်းဖော်ပြထားသည့် တစ်ခုတည်းသော စာချုပ်အဖြစ်လည်း သတ်မှတ်နိုင်ပါသည်။
နိုင်ငံအတွင်း ယနေ့ ပကတိဖြစ်ပေါ်လျက်ရှိသော လက်နက်ကိုင်ပဋိပက္ခများ၊ တိုက်ပွဲများကြောင့် နိုင်ငံအတွင်းရှိ ပြည်သူလူထုများ၊ တိုင်းရင်းသားမျိုးနွယ်စုများ၏ နေအိမ်၊ အသက်အိုးအိမ်စည်းစိမ်များ၊ ကြီးမားသော ဆုံးရှုံးပျက်ဆီးမှုများ ဖြစ်ပေါ်လျက်ရှိပါသည်။ နေရပ်စွန့်ခွာပြီး တိုက်ပွဲတိမ်းရှောင်နေကြ သည့်ပြည်သူများ၊ လူငယ်အများစုသည် ပညာရေးနှင့် အလှမ်းဝေးရုံမက ပြည်ပသို့ နည်းမျိုးစုံ ထွက်ခွာသွားကြသူများကြောင့် နိုင်ငံ၏ အနာဂတ်အတွက် ကြီးမားသော လူသားအရင်းအမြစ် ဆုံးရှုံးမှုများ ဖြစ်ပေါ်နေပါသည်။ သို့ဖြစ်၍ ပဋိပက္ခဖြေရှင်းရေးကို ဦးတည်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တစ်ရပ်ကို မဖြစ်မနေ ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုး များ၏ နောက်ခံသမိုင်း၊ ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကားနှင့် အမျိုးသားလက္ခဏာများ၊ မတူကွဲပြားမှုများကို လက်ခံအသိအမှတ်ပြု၍ လူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံတို့ဖြင့် ပြည်ထောင်စု လက္ခဏာတစ်ရပ်ကို နိုင်ငံသားအားလုံး စုပေါင်းဖော်ဆောင်သွားကြရမည်ဖြစ်ပါသည်။
ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန်အတွက် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတွင် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း(NCA အပိုဒ် ၃၀) ကိစ္စ ရပ်များ၊ လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခြင်း၊ လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်း လုပ်ငန်းစဉ် အတွက် ယန္တရားတစ်ရပ်ကို နှစ်ဖက်ညှိနှိုင်းသဘောတူညီမှုဖြင့် ဖွဲ့စည်းဆောင်ရွက်နိုင်ရေး အလေးထား ကြိုးပမ်းသွားကြရမည်ဖြစ်ပါသည်။
နိုင်ငံ၏ ပကတိအခြေအနေများအရ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မှ သာလျှင် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည် ဖြစ်ပါသည်။ ဖက်ဒရယ်စနစ် နှင့်အညီ အာဏာခွဲဝေမှု (Power Sharing)၊ သယံဇာတခွဲဝေမှု (Resource Sharing) နှင့် အခွန် အကောက်ခွဲဝေမှု(Tax Sharing)များရှိရန် ပြည်နယ်များအလိုက် တန်းတူရည်တူရှိမှုနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို အာမခံမှုရှိသည့် Power Sharing ကို စနစ်တကျ တွေ့ဆုံဆွေးနွေး အဖြေရှာ သဘောတူညီမှုများ ရရှိရန် လိုအပ်ပါသည်။
၂၀၁၆ ခုနှစ် နှစ်စကာလမှစ၍ NCA လက်မှတ်ရေးထိုးထားသော EAOs အဖွဲ့အချို့နှင့် တပ်မတော်အကြား တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာနေရာများတွင် NCA ပါအတိုင်း JMC မှ တိကျစွာ ဖြေရှင်းဆောင်ရွက်နိုင်မှု အားနည်းခဲ့ပါသည်။
ပကတိမြေပြင်အခြေအနေများအရ NCA ပါသဘောတူညီချက်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ အဆင့်ဆင့်ကို စနစ်တကျပြန်လည်ဖွဲ့စည်း အသက်သွင်းခြင်းလုပ်ငန်းများအတွက် လိုအပ်ချက်များကို ဆောင်ရွက်ရန် လိုအပ်ပါသည်။
မျက်မှောက်ကာလတွင်လည်း နိုင်ငံတစ်နိုင်ငံ၏ ကံကြမ္မာကို အပျက်သဘောဆောင် ပြောင်းလဲစေရေး ကြိုးစားပြုလုပ်နေကြသည့် သတင်းသမားများ၊ သတင်းဌာနများရှိနေဆဲ ဖြစ်ပါသည်။ နေ့စဉ်နှင့်အမျှ ထုတ်လွှင့်နေသာ ပုံကြီးချဲ့ အပျက်သဘောဆောင် ချဲ့ကားရေးသား ပြောဆိုနေကြသော ရေးသားနေကြသော သတင်းဌာနများ၊ နိုင်ငံနှင့် လူမျိုးအပေါ် သစ္စာမဲ့သော လုပ်ကြံသတင်း၊ Miss Information၊ Disinformation များ၊ အပြစ်မဲ့ပြည်သူများ၏ ဘဝအိုးအိမ်များကို ပျက်စီးစေကြောင်း သတင်းအမှားများ၊ အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် အားပေးအားမြှောက် ပြုလုပ်ပေးသော သတင်းများ၊ ထင်ယောင်ထင်မှား စိုးရိမ်ပူပန်စေသောသတင်းများနှင့် အပြုသဘော မဆောင် အကောင်းမမြင်သည့် သဘောထားရှိသော သတင်းဌာနများ၊ သတင်းများကို ပြည်သူလူထု အနေဖြင့် ခွဲဝေနားလည်လာရန် ပိုမိုအရေးကြီးပါသည်။
ယခုလက်ရှိအချိန်တွင် “အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်” အနေဖြင့် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်မှ စတင်၍ အပိုင်းလိုက် ကျင်းပ ပြုလုပ်နိုင်ရေး စနစ်တကျ ဆောင်ရွက်ရန် စီမံနေပြီး ရွေးကောက်ပွဲရလဒ်များမှ ထွက်ပေါ်လာသော အစိုးရသစ်ထံ နိုင်ငံတော်တာဝန်များ အမြန်ဆုံး လွှဲအပ်နိုင်ရေး အစဉ်တစိုက် အလေးထား ကြိုးပမ်း လုပ်ဆောင်လျက်ရှိပါသည်။
နိဂုံး
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) အနေဖြင့် နိုင်ငံတော်၏ မူဝါဒများနှင့်အညီ တစ်နိုင်ငံလုံးအတိုင်းအတာဆောင်သော ရေရှည်တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေးတည်ဆောက်ရေးအတွက် စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းဖြင့် ယုံကြည်မှုတည်ဆောက်ပြီး အမျိုးသားစည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေးနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များအားလုံး ပါဝင်လက်မှတ်ရေးထိုးလာစေရေးမှတစ်ဆင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ချမှတ်ထားသော လုပ်ငန်းစဉ်များအတိုင်း ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်၊ အတွင်းရေးမှူး ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ
