You are currently viewing နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ဇနီးဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များ ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈ဝ)ပြည့်အထိမ်းအမှတ် ဘဲလေးအကဖြင့် ကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေး (၈-၅-၂၀၂၅)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ဇနီးဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များ ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈ဝ)ပြည့်အထိမ်းအမှတ် ဘဲလေးအကဖြင့် ကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေး (၈-၅-၂၀၂၅)

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန်အတွက် မော်စကိုမြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များလိုက်ပါ၍ မေ ၇ ရက် ဒေသစံတော်ချိန်ညပိုင်းတွင် State Academic Bolshoi Theatre သို့ ရောက်ရှိကြပြီး ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ် “The Young Lady and The Hooligan” ဘဲလေးအကဖြင့် ကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် State Academic Bolshoi Theatre သို့ ရောက်ရှိကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌ Mrs. Valentina Matvienko နှင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ တာဝန်ရှိသူများ၊ အထိမ်းအမှတ်ကပွဲသို့ လာရောက်ကြည့်ရှုကြသူများနှင့်အတူ ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ်အဖြစ် “The Young Lady and The Hooligan” ဘဲလေးအကဖြင့် ကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးကြသည်။

ကပြဖျော်ဖြေမှုအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဖျော်ဖြေရေးအဖွဲ့များအတွက် ဂုဏ်ပြုပန်းခြင်းကို ပေးအပ်ချီးမြှင့်ခဲ့ရာ ကဇာတ်ရုံမှတာဝန်ရှိသူတစ်ဦးက ကိုယ်စားပေးအပ်ခဲ့သည်။

အဆိုပါ State Academic Bolshoi Theatre သည် ကမ္ဘာ့အကျော်ကြားဆုံးကဇာတ်ရုံများထဲမှတစ်ခုဖြစ်ပြီး ၁၉ နှင့် ၂၀ ရာစုများအတွင်း Bolshoi ကဇာတ်ရုံသည် Tchaikovskyl Glinka နှင့် Mussorgsky တို့၏ လက်ရာများ ပထမဆုံးဖျော်ဖြေခဲ့သည့် ရုရှားအော်ပရာနှင့် ဘဲလေးအနုပညာတို့၏ ယဉ်ကျေးမှုဗဟိုအချက်အချာနေရာဖြစ်လာခဲ့ကြောင်း၊ ၂၀၀၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ အကြီးစားပြန်လည်မွမ်းမံမှုများပြုလုပ်ခဲ့ပြီး ခေတ်မီစက်ပစ္စည်းများတပ်ဆင်ကာ သမိုင်းဝင်အဆောက်အဦ၏အလှကို ပြန်လည်ထိန်းသိမ်းခဲ့ကြောင်း၊ ယနေ့အချိန်တွင် Bolshoi ကဇာတ်ရုံသည် ရုရှားယဉ်ကျေးမှု၏ သင်္ကေတတစ်ခုအဖြစ် ကမ္ဘာ့အဆင့်မီ အနုပညာဖျော်ဖြေမှုများကို ဆက်လက်တင်ဆက်လျက်ရှိကြောင်း သတင်းရရှိသည်။
မှီငြမ်း။ ပြန်ကြားရေးဝန်ကြီးဌာန