အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့သည် ၂၃-၈-၂၀၂၄ ရက်တွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးသည်။
ယင်းတွေ့ဆုံ ဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများမှကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ကိုယ်စားလှယ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကလည်းကောင်း၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုယ်စား ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ စောမြရာဇာလင်းကလည်းကောင်း၊ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ကိုယ်စား ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကလည်းကောင်း နှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။
ယင်းနောက် ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က တွေ့ဆုံဆွေးနွေးပွဲဆိုင်ရာအကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများက ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာကိစ္စရပ်များ၊ လက်ရှိပကတိဖြစ်ပေါ်နေသည့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအားဆွေးနွေးရာတွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံတည်ငြိမ်အေးချမ်းရေးကိုဦးစား ပေးဆောင်ရွက်စေလိုသည့်အခြေအနေများ၊ တိုင်းရင်းသားလက်နက်ကိုင်ဒေသများအတွင်း ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ရာ၌ လိုအပ်သည့်ပူးပေါင်းမှုများဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ မိမိတို့၏ သဘောထားအမြင်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။
ထို့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ကျေးဇူးတင်စကားပြောကြားကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြပြီး သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
မှီငြမ်း။ ပြန်ကြားရေးဝန်ကြီးဌာန