You are currently viewing နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံ မြန်မာနိုင်ငံဆိုင်ရာ အီသီယိုပီးယားဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ် (၁၁-၇-၂၀၂၄)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံ မြန်မာနိုင်ငံဆိုင်ရာ အီသီယိုပီးယားဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ် (၁၁-၇-၂၀၂၄)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အီသီယိုပီးယားဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Mr. Daba Debele Hunde သည် ၁၁-၇-၂၀၂၄ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။

ထို့နောက် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ ယဉ်ကျေးမှုကဏ္ဍ၊ ပညာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ အားကစားကဏ္ဍ များအပါအဝင် အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်မှုများ အပြန်အလှန်တိုးမြှင့်ဆောင်ရွက်နိုင်သည့်အခြေအနေများ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲတိုးတက်မှုအခြေအနေများ၊ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့်စပ်လျဉ်းပြီး ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အီသီယိုပီးယားဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီးတို့သည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းဦးတို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မှီငြမ်း။ ပြန်ကြားရေးဝန်ကြီးဌာန