နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဥရောပအာရှစီးပွားရေးကော်မရှင်၊ အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး H.E. Mr. Sergei GLAZEV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ၁၀-၄-၂၀၂၄ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လာရောက်ဂါရဝပြု တွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် တို့တက်ရောက်ကြပြီး ဥရောပအာရှစီးပွားရေးကော်မရှင်၊ အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီးနှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံသံရုံးမှတာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ဥရောပအာရှ စီးပွားရေးကော်မရှင်တို့အကြား ကုန်ပစ္စည်းများ အပြန်အလှန်တင်ပို့ရေးဆိုင်ရာကိစ္စရပ်များနှင့် တိုက်ရိုက်ငွေပေးချေမှုဆိုင်ရာ ကိစ္စရပ်များ၊ စိုက်ပျိုးရေးထုတ်ကုန်များနှင့်ပတ်သက်၍ နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုက်ရိုက်လေကြောင်းပျံသန်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ရေနံထွက်ပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် တွင်းထွက်သယံဇာတ ပစ္စည်းများအား အဆင့်မီကုန်ချောများအဖြစ် ထုတ်လုပ်နိုင်သည့် အခြေအနေများ၊ အထည်အလိပ်လုပ်ငန်းများနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေများနှင့် မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးကော်မရှင်တို့အကြားအခြားနယ်ပယ်ပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဥရောပအာရှစီးပွားရေးကော်မရှင်၊ အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
မှီငြမ်း။ ပြန်ကြားရေးဝန်ကြီးဌာန