ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) ကို ၂၉-၁-၂၀၂၄ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းချက်များနှင့် ဦးတည်ချက်များ ချမှတ်ဆောင်ရွက်လျက်ရှိ
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် အစိုးရတစ်ရပ်ဆိုသည်မှာ တိုင်းပြည်ကောင်းစေရန်အတွက် အုပ်ချုပ်ရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ တရားဥပဒေစိုးမိုးရေးကဏ္ဍနှင့် လူမှုရေးကဏ္ဍများကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရသည့် အာဏာပိုင်အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံတွင်ဦးဆောင်သည့် နိုင်ငံရေးပါတီ၊ ထိန်းကြောင်းပေးသည့် လွှတ်တော်များရှိပြီး မူဝါဒများချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်ကိုအရေးပေါ်အခြေအနေကြေညာ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပြီး ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များချမှတ်၍ ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းတို့သည် အဂ္ဂမဟာဗျူဟာ၊ မဟာဗျူဟာ၊ နည်းဗျူဟာများဖြစ်ကြောင်း။
မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖက်ဒရယ်စနစ်ကို နိုင်ငံ၏အခြေအနေနှင့်ကိုက်ညီစွာ ကျင့်သုံးသည့်ပုံစံဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တရားစီရင်ရေး၊ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးအာဏာများ ခွဲဝေပေးထားသည်ကို ထည့်သွင်းပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ ပြီးခဲ့သည့် ဒီမိုကရေစီအစိုးရသက်တမ်းနှစ်ခုတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအနေဖြင့် ၎င်းတို့အားပေးထားသည့် လုပ်ပိုင်ခွင့်များကို အပြည့်အဝအကောင်အထည် ဖော်နိုင်မှုမရှိသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားများအနေဖြင့် အားမလိုအားမရမှုများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရကြောင်း။
ဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းရာတွင် အစိုးရတစ်ခုနှင့်တစ်ခု အကောင်အထည်ဖော် ဆောင်ရွက်မှုများ မတူညီမှုများရှိသဖြင့် လိုအပ်ချက်များရှိသည်ကို တွေ့ရှိရသဖြင့် မိမိတို့တာဝန်ယူ ဆောင်ရွက်ချိန်တွင် တတ်နိုင်သမျှ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ညီတူညီမျှ တိုးတက်မှုရှိအောင် ဆောင်ရွက်စေခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များ ချမှတ်ဆောင်ရွက်ခြင်းတွင် အဆိုပါအချက်များပါရှိပြီးဖြစ်ကြောင်း၊ အမျိုးသားစီးပွားရေးစီမံကိန်းတွင် နှစ်အလိုက်ဆောင်ရွက်ရမည့်အချက်များကို အသေးစိတ်ဖော်ပြထားကြောင်း၊ ထိုသို့ဆောင်ရွက်ချိန်တွင် ပြည်ထောင်စုအဆင့် အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းများရှိသကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်သဖြင့် အဓိကကျကြောင်း။
ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များအပေါ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ရသကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းရပ်များကိုလည်း ကူညီဆောင်ရွက်ပေးရသည်များရှိကြောင်း၊ ထိုသို့လုပ်ငန်းတာဝန်များ များပြားသဖြင့် အစိုးရအဖွဲ့များ၌ အတွေ့အကြုံရှိသည့် နိုင်ငံ့ဝန်ထမ်းအများစုကို ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များအဖြစ် ထည့်သွင်းဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ ခန့်အပ်တာဝန်ပေးရာတွင်လည်း အလားတူပင်ဖြစ်ကြောင်း၊ မိမိတို့တာဝန်ထမ်းဆောင်ချိန်တွင် ယခင်ကလွဲမှားခဲ့သည့် လုပ်ငန်းရပ်များကို ပြန်လည်တည့်မတ်ပေးနိုင်ခဲ့ကြောင်း၊ သို့သော် နိုင်ငံရေးအရတောင်းဆိုမှုများရှိလာသဖြင့် အခက်အခဲများရှိခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တို့တွင်ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအရ ဆူပူအကြမ်းဖက်မှုများ၊ တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့မှု၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့မှု၊ နိုင်ငံတကာမှ အပြုသဘောမဆောင်သည့် တုံ့ပြန်မှုများမရှိခဲ့ပါက ယခုထက်များစွာ တိုးတက်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဦးတည်ချက်များကို မှန်မှန်ကန်ကန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များအနေဖြင့် လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘဏ္ဍာငွေများကို သတ်မှတ် စည်းမျဉ်းစည်းကမ်းများအတိုင်း သုံးစွဲရန်လို
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဘတ်ဂျက်များသုံးစွဲရာတွင် အချို့လုပ်ငန်းများကို သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ပြီးဆုံးအောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုမရှိသည်ကို တွေ့ရှိရကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မှု မရှိခြင်းကြောင့် နိုင်ငံတော်အတွက် နစ်နာမှုများရှိကြောင်း၊ တိုင်းပြည်အတွက် အမှန်တကယ်အကျိုးရှိပြီး သင့်တော်သည့်လုပ်ငန်းရပ်များကို အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေးလုပ်ငန်းများကို အဓိကထား ဆောင်ရွက်ရန်လိုကြောင်း။
အလားတူ နိုင်ငံ့စွမ်းပကားမြှင့်တင်ရေးအတွက် ဆောင်ရွက်ရာတွင် ကာကွယ်ရေးစွမ်းပကားကို မြှင့်တင်နိုင်ရန်လိုကြောင်း၊ ထို့ကြောင့် ပြောင်းလဲနေသည့် ခေတ်မီနည်းပညာများကို အသုံးချနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ တပ်မတော်နှင့် ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက် လိုအပ်သည့်အသုံးအဆောင်ပစ္စည်းများကို ခေတ်နှင့်လျော်ညီစွာ ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ဆောင်ရွက်လျက်ရှိ
နိုင်ငံ့စီးပွားရေးနှင့်ပတ်သက်၍ ယခင်အစည်းအဝေးများတွင် ပြောကြားပြီးဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ် နှောင်းပိုင်းမှစတင်၍ နိုင်ငံ့စီးပွားရေးကျဆင်းခဲ့သည်ကို တွေ့ရကြောင်း၊ မိမိတို့အစိုးရအနေဖြင့် နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ချိန်တွင် နိုင်ငံ့စီးပွားရေးမှာ အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းလျက်ရှိသည်ကိုတွေ့ရကြောင်း၊ စီးပွားရေးစီမံခန့်ခွဲမှုများလွဲမှားခဲ့မှုများနှင့် ပြည်တွင်းထုတ်လုပ်မှုကို အားမပေးဘဲ ပြည်ပမှတင်သွင်းမှုများကိုသာ ဦးစားပေးဆောင်ရွက်ခဲ့သည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရတာဝန်ယူချိန်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးကို ဦးစားပေးဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့မှုကြောင့် ၂၀၂၁-၂၀၂၂ ခုနှစ်ဘဏ္ဍာရေးနှစ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် နိုင်ငံရေးပြဿနာများဖြစ်နေသည့်ကြားမှပင် နိုင်ငံ့စီးပွားရေးမှာ ၂ ဒသမ ၄ ရာခိုင်နှုန်းသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ အလားတူ ၂၀၂၂ -၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် နိုင်ငံရေးပြဿနာများဖြစ်ပွားမှုများ၊ စီးပွားရေးပိတ်ဆို့မှုများ စသည့်အခက်အခဲများကြားမှ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ နိုင်ငံ့စီးပွားရေးမှာ ၃ ဒသမ ၄ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ကြောင်း၊ ၂၀၂၃ - ၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ်တွင်လည်း ပြီးခဲ့သည့်ဒီဇင်ဘာလအထိ နိုင်ငံ့စီးပွားရေးမှာ ၃ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှလွဲ၍ ကျန်ရှိသည့်တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် အပေါင်းလက္ခဏာပြခဲ့ကြောင်း။
ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ကုန်ပစ္စည်းထုတ်လုပ်မှုများကို မြှင့်တင်ဆောင်ရွက်ရမည်
စီးပွားရေးတိုးတက်သော်လည်း မိမိတို့နိုင်ငံတွင် ကုန်ဈေးနှုန်းကြီးမြင့်မှုများရှိကြောင်း၊ အဓိကအားဖြင့် ထုတ်လုပ်မှုနှင့် လိုအပ်မှုကွာဟချက်များရှိခြင်း၊ ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ်မြင့်မားခြင်း စသည့်အချက်များကြောင့်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှု တန်ဖိုးမြင့်တက်လာပါက ထုတ်ကုန်များ၏ တန်ဖိုးမှာလည်း မြင့်တက်လာကြောင်း၊ ကုန်ပစ္စည်းများကို နိုင်ငံခြားငွေဖြင့် ရောင်းချခြင်း၊ ဝယ်ယူခြင်းများကို ဆောင်ရွက်ရာတွင်လည်း အချို့မှာသတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် မညီစွာဆောင်ရွက်နေသည်ကို တွေ့ရကြောင်း၊ အလားတူ Non Trade income များအနေဖြင့်လည်း သတ်မှတ်စည်းကမ်းများနှင့် ညီညွတ်မှုမရှိစွာ ဆောင်ရွက်နေသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် နိုင်ငံခြားငွေရရှိမှုများနည်းပါးသဖြင့် ငွေလဲလှယ်နှုန်းထားများ မြင့်တက်လာပြီး နိုင်ငံခြားမှတင်သွင်းရသည့် ကုန်ပစ္စည်းများ၏ သွင်းအားစုတန်ဖိုး မြင့်တက်လာခြင်းကြောင့် ကုန်ပစ္စည်းများ၏ ဈေးနှုန်းများကြီးမြင့်လာခြင်းဖြစ်ကြောင်း။
ပြည်တွင်းစားသုံးမှုနှင့်ပတ်သက်၍ ကုန်ထုတ်လုပ်မှုများ ဆောင်ရွက်ရာတွင် ထုတ်လုပ်မှုကုန်ကျစရိတ် အနည်းဆုံးနှင့်ထုတ်လုပ်ပြီး အမြတ်အနည်းဆုံး ဈေးနှုန်းများဖြင့် ရောင်းချနိုင်ရန်လိုကြောင်း၊ နိုင်ငံတွင် ရှိသင့်ရှိထိုက်သည့် စီးပွားရေးအခွင့်အရေးများရရှိအောင် ဆောင်ရွက်ပေးရန်မှာ မိမိတို့အစိုးရ၏ တာဝန်ပင်ဖြစ်ကြောင်း။
စိုက်ပျိုးသည့်သီးနှံများအားလုံး ပန်းတိုင်ရည်မှန်းချက်အတိုင်းထွက်ရှိအောင် ဆောင်ရွက်မည်ဆိုပါက ထုတ်ကုန်များတိုးမြှင့်လာပြီး ထုတ်လုပ်သူများအတွက် ဝင်ငွေများပိုမိုတိုးတက်လာမည်ဖြစ်သဖြင့် ဝယ်လိုအားများမြင့်တက်လာမည်ဖြစ်ကြောင်း၊ စီးပွားရေးသဘောတရားအရ ဝယ်လိုအား မြင့်တက်လာမည်ဆိုပါက ရောင်းလိုအားများလည်း မြင့်တက်လာမည်ဖြစ်သဖြင့် ငွေကြေးလည်ပတ်မှုများ ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကုန်ထုတ်လုပ်မှုများ တိုးမြှင့်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝင်ငွေများတိုးတက်လာမည်ဆိုပါက နိုင်ငံ့စီးပွားရေးမှာ များစွာတိုးတက်လာမည်ဖြစ်ကြောင်း။
စိုက်ပျိုးရေးထုတ်လုပ်မှုများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး ကြိုးပမ်းဆောင်ရွက်ရန်လို
စိုက်ပျိုးရေးထုတ်ကုန်များ ပန်းတိုင်အထွက်နှုန်းမရရှိခြင်း၊ အထွက်နှုန်းနည်းခြင်းတို့နှင့်ပတ်သက်၍ အဖြေရှာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးတွင် အဓိကလိုအပ်ချက်ဖြစ်သော မျိုး၊ မြေ၊ ရေ၊ နည်းဖြစ်သည့် မျိုးကောင်းမွန်မှုရှိစေရေး မျိုးကောင်းမျိုးသန့်ရရှိအောင် ဖန်တီးပေးနိုင်ရမည်၊ မြေအရည်အသွေးကောင်းမွန်အောင် စနစ်တကျပြုပြင်ခြင်းနှင့် သင့်လျော်သည့်မြေဩဇာများကို ရရှိအောင် ဖန်တီးပေးနိုင်ရမည်၊ စိုက်ပျိုးရေနှင့် အောင်ရေကို ဖူလုံစွာရရှိနိုင်ရေး ဖန်တီးပေးနိုင်ရမည်၊ စိုက်နည်းစနစ်များ မှန်ကန်မှုရှိစေရေး၊ ခေတ်မီနည်းစနစ်များ အသုံးပြုနိုင်ရေး ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ အထက်ပါအချက်လေးချက်ဖြင့်ပြည့်စုံပါက စိုက်ပျိုးရေးလုပ်ငန်းများအနေဖြင့် ပန်းတိုင်အထွက်နှုန်းရရှိနိုင်မည်ဖြစ်ပြီး ယခုထက် ပိုမိုအောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းသည်လည်း အလားတူဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များအနေဖြင့် အလေးထားဆောင်ရွက်သွားရန်လိုကြောင်း၊ တိုင်းပြည်ကို ကောင်းစေလိုသည့်စိတ်ဖြင့် မိမိတို့အား ပေးအပ်ထားသည့်တာဝန်များနှင့် ရည်မှန်းချက်များကို အောင်မြင်အောင် ဆောင်ရွက်သွားကြရန် အလေးထားမှာကြားလိုကြောင်း။
ကုန်ထုတ်လုပ်မှုတိုးတက်ရေးနှင့် သယံဇာတများ ထုတ်ယူသုံးစွဲရာတွင် စနစ်တကျဖြင့် ဆောင်ရွက်ရန်လို
ကုန်သွယ်မှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် နှစ်စဉ်လိုငွေပြလျက်ရှိပြီး ကုန်ထုတ်လုပ်မှုတွင်လည်း ဒေသတွင်းနိုင်ငံများထက် အားနည်းလျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်များ ပန်းတိုင်ရည်မှန်းချက်ပြည့်မီစွာရရှိမည်ဆိုပါက ပို့ကုန်ပစ္စည်းများ တိုးတက်လာမည်ဖြစ်ပြီး ဥပမာအားဖြင့် ဆန်စပါးတစ်ခုတည်းကိုပင် ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားရေးသည်လည်း များစွာတိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုများ အောင်မြင်မှုရရှိရေး၊ အထွက်နှုန်းများ တိုးတက်လာစေရေးအတွက် နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရင်းနှီးမတည်ငွေများ ပေးအပ်ထားပြီးဖြစ်ကြောင်း၊ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အောင်မြင်မှုများရရှိမှု အားနည်းလျက်ရှိသည်ကို တွေ့မြင်ရကြောင်း၊ ထို့ကြောင့် တိုက်ရိုက်သက်ဆိုင်နေသည့် ဝန်ကြီးဌာနများ၊ တာဝန်ရှိသူများအနေဖြင့် အလေးထား အားထည့်ဆောင်ရွက်သွားကြရန်လိုကြောင်း။
မိမိအနေဖြင့် မြေပေါ်မြေအောက်သယံဇာတများ ထုတ်ယူရောင်းချခြင်းကို အားမပေးသော်လည်း ပြန်လည်ပြည့်ဖြိုးနိုင်သည့်၊ ဖြည့်တင်းနိုင်သည့်ကိစ္စရပ်များကို နိုင်ငံတော်၏လိုအပ်ချက်အရ ခွင့်ပြုပေးထားကြောင်း၊ သစ်တောသယံဇာတများထုတ်ယူ၍ လိုအပ်သည့်နေရာများတွင် သုံးစွဲနိုင်သည်ဖြစ်သော်လည်း ပြန်လည်စိုက်ပျိုးခြင်းများကိုဆောင်ရွက်၍ စဉ်ဆက်မပြတ်သည့် သယံဇာတနှင့်သဘာဝကို ပျက်စီးမှုမရရှိအောင် စနစ်တကျဆောင်ရွက်ရမည်ဖြစ်ကြောင်း။
တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်း များနှင့် စနစ်တကျဆောင်ရွက်ရန်လို
တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍လည်း အားနည်းချက်များရှိနေဆဲဖြစ်ကြောင်း၊ တရားဥပဒေ စိုးမိုးရေးတွင် အုပ်ချုပ်ရေးအဖွဲ့အစည်းများရှိပြီး လုံခြုံရေးနှင့်ပတ်သက်ပါက တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးကင်းရှင်းစွာဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး လူပုဂ္ဂိုလ်အတွက် ဆောင်ရွက်ခြင်းမဟုတ်ဘဲ နိုင်ငံ့အကျိုးအတွက် တာဝန်ထမ်းဆောင်ခြင်းဖြစ်စေလိုကြောင်း၊ ထို့ကြောင့် တာဝန်ထမ်းဆောင်ရာတွင် အုပ်ချုပ်မှုအားနည်းဖြစ်စဉ်များ၊ လုံခြုံရေးအားနည်းဖြစ်စဉ်များ ဖြစ်ပေါ်မှုမရှိစေရေး သတ်မှတ်ထားသည့်စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီသာ ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့အစိုးရသည် နိုင်ငံရေးကင်းရှင်းသည့်အစိုးရဖြစ်ပြီး နိုင်ငံရေးအစိုးရမဟုတ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းအများစုဖြင့် ဖွဲ့စည်းထားသည့် အစိုးရအဖွဲ့ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌လည်း နိုင်ငံ့ဝန်ထမ်းများကိုသာ အဆင့်အလိုက် တာဝန်ပေးအပ်ထားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးတွင် မှန်မှန်ကန်ကန်ဖြစ်ရမည်ဖြစ်ပြီး ဘက်လိုက်မှုမရှိဘဲ စည်းမျဉ်းစည်းကမ်းအတိုင်းသာ ဖြစ်ရမည်ဖြစ် ကြောင်း။
နိုင်ငံ့ဝန်ထမ်းများအတွက် ချီးမြှင့်ထောက်ပံ့မှုများဆောင်ရွက်ပေးလျက်ရှိ
နိုင်ငံ့ဝန်ထမ်းများနှင့်ပတ်သက်၍ မိမိတို့အစိုးရအနေဖြင့် ထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအတွက် လစာနှုန်းထား မတိုးမြှင့်ပေးနိုင်ခဲ့သော်လည်း အခြားထောက်ပံ့မှုများနှင့် ချီးမြှင့်မှုများကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ အဓိကမှာ ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဖြေရှင်းပေးနိုင်ရန်ဖြစ်ပြီး ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးနှင့် ကုန်ဈေးနှုန်းကျဆင်းရေးကို ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအတွက်လည်း ပင်စင်ခံစားခွင့်နှုန်းထားများကို တိုးမြှင့်ပေးခဲ့ကြောင်း၊ ချီးမြှင့်မှုများတွင် ပညာရပ်ပိုင်းဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာ၊ လုံခြုံရေးဆိုင်ရာစသည်ဖြင့် ချီးမြှင့်ပေးလျက်ရှိသကဲ့သို့ နေထိုင်ရေးနှင့်ပတ်သက်၍လည်း စနစ်တကျဖြင့် အဆင်ပြေချောမွေ့မှုရှိစေရေး စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း။
မကြာမီကျင်းပမည့် အခြေခံပညာကျောင်းစာမေးပွဲများအားလုံး အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ရန်လို
ပညာရေးနှင့်ဆက်စပ်၍ တစ်နိုင်ငံလုံးတွင်ရှိသည့် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ ကောလိပ်များအားလုံး ဖွင့်လှစ်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိသော်လည်း အချို့သောနယ်မြေများ၌ နယ်မြေအခြေအနေအရ မဖွင့်လှစ်နိုင်သည့် ကျောင်းများရှိကြောင်း၊ ဥပမာအားဖြင့် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်တို့ရှိ အချို့သောမြို့နယ်များ၌ လက်နက်ကိုင်အကြမ်းဖက်မှုများ၊ ခြိမ်းခြောက်မှုများကြောင့် ဖွင့်လှစ်နိုင်ခြင်းမရှိကြောင်း၊ မိမိတို့အနေဖြင့် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ ကောလိပ်များ အားလုံးတတ်နိုင်သမျှ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ပေးထားသော်လည်း အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်သူများကြောင့် မဖွင့်လှစ်နိုင်ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် များစွာထိခိုက်နစ်နာရလျက်ရှိကြောင်း၊ လာမည့် ဖေဖော်ဝါရီလ၊ မတ်လတို့တွင် အခြေခံပညာစာမေးပွဲများ ကျင်းပတော့မည်ဖြစ်ပြီး အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တာဝန်ရှိသူများ၊ အစိုးရအဖွဲ့မှ တာဝန်ရှိသူများအားလုံး အထူးအလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ရွာအကျိုးလိုလားသူများအားလုံး အတူတကွဝိုင်းဝန်းပေါင်းစပ်၍ ဆောင်ရွက်ကြရန်လိုကြောင်း၊ စာသင်နှစ်တစ်နှစ် နစ်နာခြင်းသည် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် တိုင်းပြည်အတွက် ထိခိုက်နစ်နာစေခြင်းပင်ဖြစ်သည့် အတွက် နစ်နာမှုမရှိရအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အဖျက်အမှောင့် လုပ်ဆောင်နေသူများအနေဖြင့် ကိုယ်ချင်းစာတရားကင်းမဲ့စွာ၊ အသိဉာဏ်ခေါင်းပါးစွာဖြင့် ပညာရေးကိုထိခိုက်နစ်နာအောင် လုပ်ဆောင်လျက်ရှိသော်လည်း မိမိတို့အနေဖြင့် ဝိုင်းဝန်းပူးပေါင်းညီညွတ်သည့်အားဖြင့် ပညာရေးကောင်းအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လက်ရှိအရေးကြီးသည်မှာ အခြေခံပညာ ကျောင်းစာမေးပွဲများအားလုံး အောင်မြင်စွာ ပြီးမြောက်စေရေး အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လုံခြုံရေးအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ၊ ကျောင်းသား၊ ဆရာ၊ မိဘများအားလုံး အင်ပြည့်အားပြည့်ဖြင့် ဝိုင်းဝန်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး နိဂုံးချုပ် အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံအနေဖြင့် ပြည်ပမှတင်သွင်းရသည့် သွင်းကုန်များတွင် ဘိလပ်မြေသည်လည်း တင်သွင်းရသည့် သွင်းကုန်တစ်ခုဖြစ်ကြောင်း၊ ပြည်တွင်း၌ အဆင့်မြင့်ဘိလပ်မြေကို ထုတ်လုပ်နိုင်မှုမရှိသော်လည်း အခြေခံဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုသည့်ဘိလပ်မြေများကို လုံလောက်စွာထုတ်လုပ်နိုင်ကြောင်း၊ နိုင်ငံအတွင်းရှိ ဘိလပ်မြေစက်ရုံများ အပြည့်အဝလည်ပတ်နိုင်ရေး လိုအပ်သည့်သွင်းအားစုများရရှိအောင် အဓိက သက်ဆိုင်သည့် စက်မှုဝန်ကြီးဌာန၏ ကြိုးစားဆောင်ရွက်မှု၊ နှီးနွှယ်ဝန်ကြီးဌာနများ၏ ဝိုင်းဝန်းကူညီပံ့ပိုးမှုတို့ဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ဘိလပ်မြေကို မိမိတို့ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း။
ထို့အတူ သံနှင့်သံမဏိသည်လည်း တည်ဆောက်ရေးလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သည့် ပစ္စည်းဖြစ်ကြောင်း၊ အဆိုပါသံမဏိများကိုလည်း နှစ်စဉ်ပြည်ပမှ တင်သွင်းနေရကြောင်း၊ သံနှင့်သံမဏိကို ပြည်တွင်း၌လုံလောက်စွာထုတ်လုပ်နိုင်ရန် အခြေခံကောင်းများရှိပြီးဖြစ်သော်လည်း ထုတ်လုပ်နိုင်မှုမရှိသေးသဖြင့် သံမဏိစက်ရုံများလည်ပတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လည်း သံနှင့်သံမဏိလုပ်ငန်းများတွင် စီးပွားရေးလုပ်ငန်းရှင်များ စိတ်ပါဝင်စားစွာ ရင်းနှီးမြှုပ်နှံလာအောင် စည်းရုံးဆောင်ရွက်သွားရန် လိုကြောင်း။
လျှပ်စစ်နှင့်ပတ်သက်၍ နိုင်ငံတော်ကဆောင်ရွက်နေသည့် စီမံကိန်းကြီးများအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အသေးစားလျှပ်စစ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များဖြစ်သည့် ရေအား၊ လေအား၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများကို ဒေသအလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
မှီငြမ်း။ ပြန်ကြားရေးဝန်ကြီးဌာန