နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၁၃-၁-၂၀၂၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်အသီးသီးမှ စက်မှုဇုန်ကော်မတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ အသေးစား၊ ငယ်စားနှင့် အလတ်စားစီးပွားရေး (MSME)လုပ်ငန်းရှင်များအား လှိုင်သာယာ စက်မှုဇုန်ကနောင်ခန်းမ၌ တွေ့ဆုံ၍ မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ဒုတိယဝန်ကြီးများ၊ တိုင်း၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စက်မှုဇုန်အသီးသီးမှ ကော်မတီဥက္ကဋ္ဌများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
လှိုင်သာယာမြို့နယ်အတွင်း လုပ်ငန်းဆောင်ရွက်လျက်ရှိမှုနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေး
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လှိုင်သာယာမြို့နယ်နှင့် စက်မှုဇုန်၏ တည်နေရာအကျယ်အဝန်းနှင့် သမိုင်းအကျဉ်း၊ စက်မှုဇုန်များအတွင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ လမ်းများအဆင့်မြှင့်တင်ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်မြှင့်တင်ရန် လျာထားဆောင်ရွက်လျက်ရှိမှု၊ ဘုရင့်နောင်ပန်းခြံအဆင့်မြှင့်တိုးချဲ့ရန် ဆောင်ရွက်လျက်ရှိမှု၊ ပြည်သူများ အပန်းဖြေနိုင်ရန်အတွက် ဘုရင့်နောင်တံတားပန်းခြံ တည်ဆောက်လျက်ရှိမှုများနှင့် ရန်ကုန်မြို့ သန့်ရှင်းသာယာလှပရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းများ စနစ်တကျရှိစေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် လှိုင်သာယာစက်မှုဇုန်ဥက္ကဋ္ဌ ဦးအုန်းဆိုင်က သွင်းကုန်အစားထိုးကုန်ကြမ်းများ တင်သွင်းခွင့်ပြုပေးစေလိုမှု၊ မြို့တော်ဝန် ဦးဗိုလ်ဌေးက လှိုင်သာယာမြို့နယ်အတွင်းရှိ အိမ်ရာများ စနစ်တကျရှိစေရေးနှင့် လမ်းမကြီးများတစ်လျှောက် တရားမဝင်ဝင်ရောက်နေထိုင်သူများမရှိစေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိမှုများကို ဆွေးနွေးတင်ပြကြသည်။
မြို့ပြနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်
ဆွေးနွေးတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လှိုင်သာယာမြို့နယ်ကို ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် လာရောက်ခြင်းဖြစ်ကြောင်း၊ လှိုင်သာယာမြို့နယ်ကို အဆင့်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိန်ပင်အမှိုက်ပုံမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းအား အမြန်ဆုံးပြီးစီးစေရေးတာဝန်ရှိသူများမှ ဆောင်ရွက်ရန်လိုကြောင်း၊ ရန်ကုန်မြို့အတွင်း လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးအတွက် ဆောင်ရွက်ပေးရန်လိုပြီး သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် လေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများအပါအဝင် နည်းလမ်းပေါင်းစုံဖြင့် ထုတ်လုပ်နိုင်ရေး တိုင်းဒေသကြီးအစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များကလည်း တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့်အတွင်း လုပ်ကိုင်နိုင်သည့် လျှပ်စစ်ကဏ္ဍအပါအဝင် အခြားကဏ္ဍများကို ဆောင်ရွက်ရန်လိုကြောင်း၊ စက်မှုဇုန်များတွင် လျှပ်စစ်မီးလုံလောက်စွာရရှိမှသာ ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
ကုန်ကြမ်းနှင့်ပတ်သက်၍ ပြည်ပမှ တင်သွင်းခြင်းထက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှထွက်ရှိသည့် ကုန်ကြမ်းများကို အဓိကအသုံးပြု၍ ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်သဖြင့် နိုင်ငံအတွက် ပိုမိုအကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် လိုအပ်လျက်ရှိသည့် စက်သုံးဆီနှင့် စားသုံးဆီများအတွက် နိုင်ငံခြားငွေများကို သုံးစွဲရလျက်ရှိကြောင်း၊ ထို့ကြောင့် လျှပ်စစ်စွမ်းအင်သုံး သယ်ယူပို့ဆောင်ရေးယာဉ်များနှင့် လျှပ်စစ်စွမ်းအင်သုံး စက်မှုလုပ်ငန်းများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စားသုံးဆီနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ဆီထွက်သီးနှံများ စိုက်ပျိုးဖြစ်ထွန်းသော်လည်း ပြည်တွင်းလိုအပ်မှုကို ဖြည့်ဆည်းပေးနိုင်မှုမရှိသေးကြောင်း၊ ပြည်တွင်းစက်သုံးဆီနှင့် စားသုံးဆီ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲရမှုများ လျော့နည်းသွားမည်ဖြစ်ကြောင်း။
၂၀၂၁-၂၀၂၂ ခုနှစ်တွင် မိမိတို့အနေဖြင့် လှိုင်သာယာမြို့နယ်အတွင်းရှိ တရားမဝင်နေထိုင်သူများအား ဥပဒေနှင့်အညီ ဆောင်ရွက်ပေးခဲ့ပြီး မြို့သာယာလှပရေးနှင့် စနစ်ကျနမှုရှိစေရေးကို အလေးပေး ဆောင်ရွက်ပေးခဲ့ကြောင်း၊ မြို့နယ်အတွင်း ပညာရေး၊ ကျန်းမာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ တရားမဝင်ကျူးကျော်နေထိုင်သူများမရှိစေရေး၊ ဥပဒေနှင့်အညီဖြစ်စေရေးနှင့် ပြန်လည်နေရာချထားရေးတို့ကို စီမံဆောင်ရွက်ပေးသွားရန်လိုကြောင်း။
မြို့ပြနှင့် အိမ်ရာစီမံကိန်းများ တည်ဆောက်ရာတွင်လည်း Town Plan များရေးဆွဲ၍ စနစ်တကျဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ မြို့ပြသန့်ရှင်းသာယာလှပရေးအတွက်လည်း ဆောင်ရွက်ရန်လိုကြောင်း၊ စီမံကိန်းများတည်ဆောက်ရာတွင် လယ်ယာစိုက်ပျိုးမြေများ မထိခိုက်ရန်လိုကြောင်း၊ ဈေးများတည်ဆောက်ရာတွင် အဆင့်မီသည့်ဈေးများ၊ Shopping Mall များ တည်ဆောက်ရန်လိုပြီး ယာဉ်ရပ်နားရန်နေရာများနှင့် စားသောက်ဆိုင်တန်းများပါ စနစ်တကျဖြင့် ထည့်သွင်းတည်ဆောက်ပေးရန်လိုကြောင်း၊ အလွှာအမျိုးမျိုးမှ ပြည်သူများ ရောင်းဝယ်မှုအဆင်ပြေစေရေးအတွက် ဆောင်ရွက်ပေးရန်လိုပြီး မြို့နေပြည်သူလူထု၏ လူနေမှုအဆင့်အတန်းမြင့်မားစေရေး ပတ်ဝန်းကျင်ကောင်းကို ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း။
မြို့ပြစီမံကိန်းနှင့် အိမ်ရာစီမံကိန်းများကို စနစ်တကျတည်ဆောက်
လှိုင်သာယာအရှေ့ပိုင်းတွင် စာသင်ကျောင်းများနည်းပါးသည်ကို တွေ့ရကြောင်း၊ ကျောင်းများ တည်ဆောက်ရာတွင်လည်း ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့်အတိုင်း အားကစားကွင်းများနှင့် ခန်းမများပါ ထည့်သွင်းတည်ဆောက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ့အနာဂတ်ကောင်းမွန်ရေးအတွက် ပညာရေးကောင်းမွန်ရန်လိုအပ်သဖြင့် ကျောင်းများကောင်းမွန်နေရန်လိုပြီး ရပ်ကွက်များအလိုက် အခြေခံပညာကျောင်းများရှိရန်လိုသကဲ့သို့ အားကစားကွင်းများလည်း တည်ရှိရန်လိုကြောင်း၊ မြို့ပြစီမံကိန်းနှင့် အိမ်ယာစီမံကိန်းများ တည်ဆောက်ရာတွင် အားကစားကွင်းများ၊ ဈေးနှင့်ကျောင်းများ၊ ဆေးရုံများ ထည့်သွင်းတည်ဆောက်ရန်လိုကြောင်း၊ လှိုင်သာယာမြို့နယ်ကို အဆင့်မြှင့်တင်နိုင်ရန်အတွက် TownPlan များ စနစ်တကျဖြင့် ရေးဆွဲဆောင်ရွက်လိုကြောင်း။
စက်မှုဇုန်နှင့်ပတ်သက်၍ စက်မှုဇုန်အတွင်း အလုပ်လုပ်ကိုင်သူများ အဆင်ပြေစေရေးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မြို့ပြတည်ဆောက်ရာတွင် ကျယ်ကျယ်ပြန့်ပြန့်ဖြင့် စဉ်းစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လှိုင်သာယာမြို့နယ် ဖွံ့ဖြိုးတိုးတက်စေရေးရေရှည်အတွက် စီမံကိန်းများချမှတ်၍ စီမံဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘုရင့်နောင်တံတားပန်းခြံနှင့် ဘုရင့်နောင်ပန်းခြံ တည်ဆောက်ရေးစီမံကိန်းသို့ရောက်ရှိကြရာ မြို့တော်ဝန်က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပန်းခြံအတွင်း စိန်ပန်း၊ ခရေ၊ ကံ့ကော် စသည့် အရိပ်ရသစ်ပင်ပန်းမန်ပင်များ၊ အရိပ်ရပင်များကို ထည့်သွင်းစိုက်ပျိုးရန်လိုကြောင်း၊ ပြည်သူများ စိတ်လက်အေးချမ်းစွာဖြင့် အပန်းဖြေအနားယူနိုင်ရေးအတွက် ပန်းခြံအတွင်း စိမ်းလန်းစိုပြည် သာယာလှပစေရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လှိုင်သာယာမြို့နယ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လမ်းဘေးဝဲယာတစ်လျှောက် သန့်ရှင်းသာယာလှပစေရေးအတွက် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
မှီငြမ်း။ ပြန်ကြားရေးဝန်ကြီးဌာန