နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များလိုက်ပါ၍ ၁၃-၁-၂၀၂၄ရက်တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်နှင့် ထန်းတပင်မြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်သို့ ရောက်ရှိကြရာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာကြည်စိုး နှင့် ဆရာ ဆရာမများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် တက္ကသိုလ်ရှိ COMMUNITY CENTRE ခန်းမဆောင်၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များ၊ ဦးစီးဌာနများ ဖွဲ့စည်းထားရှိမှု၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များ ဖွင့်လှစ်ထားရှိမှု၊ လက်ရှိ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ အခြေအနေ၊ ဖြစ်ပေါ်လာမည့်အခြေအနေ ဆန်းစစ်ချက်များနှင့် ပိုမိုကျယ်ပြန့်သည့် သင်ကြားသင်ယူမှုနယ်ပယ်များ ထည့်သွင်းဆောင်ရွက်နိုင်သော Polytechnic University များ တည်ထောင်နိုင်ရေးဆောင်ရွက်လျက်ရှိမှု အခြေအနေများကိုလည်းကောင်း၊ ပါမောက္ခချုပ် ဒေါက်တာကြည်စိုးက တက္ကသိုလ်၏ တည်နေရာနှင့် သမိုင်းအကျဉ်း၊ ဘာသာရပ်အလိုက် ကျောင်းသား ကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက်ရှိမှု၊ ဘာသာရပ်အလိုက် သင်ကြားရေးဝန်ထမ်းများနှင့် စီမံဝန်ထမ်းများခန့်အပ်ထားရှိမှု၊ စာသင်ဆောင်များ၊ အလုပ်ရုံများနှင့် စာသင်ခန်းများ တည်ဆောက်ထားရှိမှုနှင့် ထပ်မံတည်ဆောက်လျက်ရှိမှု၊ စာကြည့်တိုက်၊ အားကစားရုံနှင့်အားကစားကွင်းများ၊ ကျောင်းသား ကျောင်းသူများ၏ အိပ်ဆောင်များ တည်ဆောက်ထားရှိမှု၊ နယ်ဝေးမှ ကျောင်းသား ကျောင်းသူများအား အိပ်ဆောင်များ၌ နေရာချထားပေးမှုများကို လည်းကောင်း၊ တာဝန်ရှိသူတစ်ဦးက တက္ကသိုလ်အတွင်းအဆောက်အဦများ ထပ်မံတည်ဆောက်လျက်ရှိသည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကျောင်းအဆောက်အဦများ တည်ဆောက်ရာတွင် လိုအပ်သည့် အဆောက်အဦကို တက္ကသိုလ်အင်္ဂါရပ်နှင့်ကိုက်ညီစွာ တည်ဆောက်နိုင်ရေး ကြိုတင် Plan ရေးဆွဲဆောင်ရွက်ရန်လိုကြောင်း၊ အဆောက်အဦများ တည်ဆောက်ရာတွင် သတ်မှတ်ထားသည့် ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း ဖြည့်စွက်မှာကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ဆက်လက်ဆွေးနွေးပြောကြားရာတွင် တက္ကသိုလ်များ၊ ကောလိပ်များသည် အင်္ဂါရပ်နှင့်ကိုက်ညီရမည်ဖြစ်ပြီး အဆင့်မီရန်လိုကြောင်း၊ ယခင်က အဆင့်မြင့် ပညာရပ်များကို ရန်ကုန်မြို့၌သာ လာရောက်သင်ယူခဲ့ရပြီး အဆင့်မြင့်ပညာသင်တက္ကသိုလ်များ နိုင်ငံအဝန်း၌ အရေအတွက်နည်းပါးခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့်ပညာရပ်များကို သင်ကြားပေးနိုင်သည့်တက္ကသိုလ်များဖြစ်ပေါ်လာရေး စဉ်းစားဆောင်ရွက်ခဲ့ကြပြီး တက္ကသိုလ် ပညာရပ်များကို မိမိတို့ဒေသများ၌ သင်ကြားနိုင်ရန်အတွက် အထူးဒေသဇုန် ၁၄ ခု၌ တက္ကသိုလ်များ ဖွင့်လှစ်ပေးခဲ့ကြောင်း၊ သို့သော် အချို့တက္ကသိုလ်များ၌ ပညာသင်ကြားမှုများ နည်းပါးသည်ကို တွေ့ရသဖြင့် မိမိတို့နိုင်ငံအတွက် အဓိကလိုအပ်သည့် ဘာသာရပ်များနှင့် မဖြစ်မနေသင်ကြားရမည့် သာသာရပ်များကို ဦးစားပေးသင်ကြားပေးနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း၊ မိမိအနေဖြင့် ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်များကို ပိုမိုကျယ်ပြန့်သည့် သင်ကြားသင်ယူမှုနယ်ပယ်များ ထည့်သွင်းဆောင်ရွက်နိုင်သော Polytechnic Un-iversity များအဖြစ် ဆောင်ရွက်နိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော်၏ ပညာရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပညာရှင်များနှင့်ဆွေးနွေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံသည် စိုက်ပျိုးရေး နှင့်မွေးမြူရေးကို အဓိကဆောင်ရွက်သည့် နိုင်ငံဖြစ်သော်လည်း စိုက်ပျိုးမွေးမြူရေးပညာရှင်များ မွေးထုတ်ပေးနိုင်သည့် တက္ကသိုလ်နည်းပါးကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးကျောင်းများဖွင့်လှစ်နိုင်ရေး တာဝန်ရှိသူများနှင့် ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း၊ အလားတူ စက်မှုနည်းပညာများဖွံ့ဖြိုးရေးအတွက်လည်း နည်းပညာကျောင်းများကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း၊ စိုက်ပျိုးရေးမှထွက်ရှိသည့် ထွက်ကုန်များကို အခြေခံ၍ စက်မှုပိုင်းဆိုင်ရာများအသုံးပြုပြီး ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
ပညာရှင်များ မွေးထုတ်ပေး
သက်ဆိုင်ရာ ပညာရပ်များအလိုက် လုပ်ငန်းခွင်ဝင်ရောက်နိုင်သည့် Polytechnic နည်းပညာများကို သင်ကြားနိုင်ရေး ပညာရေးအနာဂတ်ရည်မှန်းချက်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်အတွက် လိုအပ်သည့်လူသားအရင်းအမြစ်များ ရရှိမည်ဖြစ်ကြောင်း၊ တက္ကသိုလ်၊ ကောလိပ်များမှ သင်ကြားအောင်မြင်ပြီးသူများအနေဖြင့် လုပ်ငန်းခွင်ကျွမ်းကျင်မှုများရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လိုအပ်သည့် သင်ထောက်ကူပစ္စည်းများနှင့် အဆောက်အဦများကို ဖြည့်ဆည်းဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ တက္ကသိုလ်ကောလိပ်များကို အဆင့်မြှင့်တင်ပေးခြင်းသည် အနာဂတ်အတွက် သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင်သည့်ပညာရှင်များ မွေးထုတ်ပေးခြင်းပင်ဖြစ်ကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများ အမှန်တကယ်ပညာတတ်မြောက်မှုရှိစေရေး သင်ကြားပေးရန်လိုပြီး အမှန်တကယ်ထူးချွန်သူများကိုသာ တစ်ဆင့်မြင့်ပညာရပ်များ ဆက်လက်သင်ယူနိုင်ရေး စိစစ်ဆောင်ရွက်သွားရန်လိုကြောင်း၊ တက္ကသိုလ်ပညာရပ်သည် တွေးခေါ်လေ့လာသင်ကြားခြင်း (Study-ing) ဖြစ်သဖြင့် အမှန်တကယ်တွေးခေါ် မြော်မြင်တတ်သည့် ကျောင်းသား ကျောင်းသူများဖြစ်စေရေး လေ့ကျင့်သင်ကြားပေးသွားရန်လိုကြောင်း၊ နိုင်ငံတော်အတွက် လိုအပ်သည့်လူသား အရင်းအမြစ်ကောင်းများကို မွေးထုတ်ပေးနိုင်ရေး သင်ကြားရေးနှင့်ပတ်သက်သည့် တာဝန်ရှိသူများအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန်လိုပြီး နိုင်ငံတော်မှလိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက္ကသိုလ်အတွင်း သုံးထပ်စာသင်ဆောင်သစ် တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်သို့ ရောက်ရှိကြရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ခင်သီတာနှင့် ဒုတိယပါမောက္ခချုပ်များ၊ ဆရာ ဆရာမများက နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် တက္ကသိုလ်ပင်မဆောင်ခန်းမ၌ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၏ သမိုင်းအကျဉ်း၊ ဝန်ထမ်းများ ဖွဲ့စည်းထားရှိမှု၊ ဘာသာရပ်အလိုက် ဆရာ ဆရာမများ သင်ကြားပေးလျက်ရှိမှု၊ ဆရာ ဆရာမများ၏ ပညာအရည်အချင်းများ၊ အထူးပြုဘာသာရပ်များလိုက် ကျောင်းသား ကျောင်းသူများ ပညာသင်ကြားလျက်ရှိမှု၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ အဆောက်အဦများ ဆောက်လုပ်လျက်ရှိမှု၊ IT center rooms တည်ဆောက်ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မိမိတို့အနေဖြင့် ပညာရေးကို အားပေးဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံလုံးရှိ ကျောင်းနေအရွယ် ကလေးငယ်များအားလုံး ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပညာသည်လူတစ်ဦးချင်းစီ၏ ဘဝတိုးတက်ရေးကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပြီး အသိပညာ၊ အတတ်ပညာ များရှိမှသာလျှင် လုပ်ငန်းနယ်ပယ်မျိုးစုံ၌ ပိုမိုတိုးတက်ဖွံ့ဖြိုးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာတတ်လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရေးအတွက် မိမိတို့အနေဖြင့် ဆောင်ရွက်ပေး ရမည်ဖြစ်ပြီး နိုင်ငံ၏အနာဂတ်ကို ပညာရေးဖြင့် ကောင်းမွန်စွာပုံဖော်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ ပညာရေးနှင့်ပတ်သက်၍ အားနည်းချက်များ များစွာရှိသည်ကို စစ်တမ်းများအရ တွေ့ရှိရကြောင်း၊ ထို့ပြင် မိမိတို့ နိုင်ငံလူဦး ရေ၏ ၈၅ ရာခိုင်နှုန်းခန့်သည် သာမန်လုပ်ငန်းများကို ဆောင်ရွက်ကြသူများဖြစ်သည်ကို တွေ့ရှိရကြောင်း။
ထို့ကြောင့် မိမိတို့နိုင်ငံ၏ပညာရေးကို မဖြစ်မနေမြှင့်တင်ဆောင်ရွက်ရမည်ဖြစ်သဖြင့် မိမိတို့ တာဝန်ယူချိန်တွင် ပညာရည်မြှင့်တင်ရေးအဖြစ် KG + 9 အဆင့်အထိ မဖြစ်မနေသင်ကြားရန် မူဝါဒချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ KG + 9 တက်ရောက်အောင်မြင်သူများအနေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုအခြေခံသင်တန်း ကျောင်းများတက်ရောက်ပြီးသက်ဆိုင်ရာပညာရပ်များအလိုက် ဆက်လက်သင်ကြားနိုင်မည်ဖြစ်ကြောင်း၊ အခြေခံပညာတတ် မြောက်အောင်မြင်ပြီးသူများအနေဖြင့်လည်း သက်ဆိုင်ရာဘာသာရပ်များအလိုက် အဆင့်မြင့်တက္ကသိုလ်နှင့် ကောလိပ်များကို ဆက်လက်တက်ရောက်နိုင်မည်ဖြစ်ကြောင်း။
တိုးချဲ့ဖွင့်လှစ်ပေး
နိုင်ငံတွင် အဆင့်မြင့်ပညာတတ်မြောက်သူများ ပေါကြွယ်ဝစေရေးအတွက် တက္ကသိုလ်၊ ကောလိပ်များကို တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိပြီး အားပေးဆောင် ရွက်လျက်ရှိကြောင်း၊ တက္ကသိုလ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆရာ ဆရာမများအနေဖြင့် မိမိတို့ တာဝန်ယူထားသည့် သက်ဆိုင်ရာဘာသာရပ်များအလိုက် ကျွမ်းကျင်မှုများရှိနေရန်လိုကြောင်း၊ ကျောင်းသား ကျောင်းသူများ အမှန်တကယ်ပညာတတ် မြောက်နိုင်ရန်အတွက် ထိရောက်သည့် သင်ကြားမှုများဖြစ်ရန်လိုပြီး ဘွဲ့ရရှိပြီးချိန်တွင် သက်ဆိုင်ရာဘာသာရပ်အလိုက် အမှန်တကယ်တွေးခေါ်မြော်မြင် ဆောင်ရွက်တတ်သူများဖြစ်ရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် ပညာရေးဝန်ထမ်းများအတွက် သက်ဆိုင်ရာအဆင့်အလိုက် ထိုက်သင့်သည့် ချီးမြှင့်မှုများနှင့် ထောက်ပံ့မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း။
လေ့လာမှုများဆောင်ရွက်
အရည်အချင်းပြည့်မီသည့် လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာမှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ဆောက်ရေးကို ကောင်းမွန်သည့် အထောက်အပံ့များဖြစ်စေနိုင်မည်ဖြစ်သဖြင့် အရည်အချင်းရှိသည့် လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးလိုသည့်စိတ်ဖြင့် တာဝန်ထမ်းဆောင်ကြရန်လိုပြီး နည်းပြများအနေဖြင့် အရည်အချင်းပြည့်ဝသူများဖြစ်စေရေး လေ့လာမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေရန်လိုကြောင်း၊ တစ်ဦးချင်းစွမ်းရည်များ တိုးတက်လာပါက မိမိဘဝတိုးတက်ရေးအတွက် ထိုက်သင့်သည့်အကျိုးကို ခံစားခွင့်ရမည်ဖြစ်ကြောင်း၊ ဆရာကောင်းမှ မွေးထုတ်ပေးသည့် တပည့်ကောင်းများဖြစ်အောင် ဆောင်ရွက်ပေးကြစေလိုပြီး အရည်အသွေးမြင့်သည့် ပညာရေးကွင်းဆက်ဖြစ်အောင် စဉ်ဆက်မပြတ် ပုံဖော်ဆောင်ရွက်ကြရန်လိုကြောင်း။
မိမိတို့နိုင်ငံသည် ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းနေခြင်းဖြစ်သော်လည်း ဒီမိုကရေစီ၏ အခြေခံဖြစ်သည့် ဥပဒေအားလေးစားလိုက်နာခြင်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် စီးပွားရေးအသိအမြင်ရှိခြင်းတို့၌ အားနည်းချက်များရှိကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် ဥပဒေဆိုင်ရာများနှင့် စီးပွားရေးဆိုင်ရာများကို သိရှိရန် မဖြစ်မနေလိုအပ်သည်ဟု တွေ့ရှိရသဖြင့် ဥပဒေပညာရပ်ကို နားလည်သိရှိစေရေး တက္ကသိုလ်အားလုံးတွင် ဥပဒေပညာရပ်ကို သင်ကြားပေးလျက်ရှိကြောင်း၊ အလားတူ စီးပွားရေးနှင့်ပတ်သက်သည့် အသိအမြင်များရှိစေရေးအတွက်လည်း စီးပွားရေးအခြေခံဘာသာရပ်များကို သင်ကြားပေးလျက်ရှိကြောင်း၊ မိမိတို့၏ မျှော်မှန်းချက်မှာ တက္ကသိုလ်ပညာ သင်ကြားပြီး ဘွဲ့ရရှိပြီးသူများအနေဖြင့် ၎င်းတို့၏ လူမှုစီးပွားဘဝနှင့်ပတ်ဝန်းကျင်ကို ကောင်းမွန်အောင်ဆောင်ရွက်နိုင်သူများဖြစ်စေရေးအတွက် မျှော်မှန်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဆရာ ဆရာမများအနေဖြင့်လည်း ကျောင်းသား ကျောင်းသူများ ပညာတတ်မြောက်စေရေးနှင့် ၎င်းတို့၏ ဘဝ တစ်လျှောက် ကောင်းမွန်မှန်ကန် စွာလျှောက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်း ပြောကြားသည်။
လှည့်လည်ကြည့်ရှုစစ်ဆေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပြီး တက္ကသိုလ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ တက္ကသိုလ်ပရိဝုဏ်အတွင်း ကံ့ကော်၊ စိန်ပန်း၊ ခရေ စသည့် အရိပ်ရအပင်ကြီးများ စိုက်ပျိုးရေး၊ သန့်ရှင်းသာယာလှပရေးနှင့် ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
မှီငြမ်း။ ပြန်ကြားရေးဝန်ကြီးဌာန