နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် လာအိုနိုင်ငံ ဝန်ကြီးချုပ်ရုံး၊ ဝန်ကြီးဟောင်း H. E. Mr. Alounkeo Kittikhoun ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ၁၀-၁-၂၀၂၄ ရက်တွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း(ငြိမ်း)၊ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ သံအမတ်ကြီး(ငြိမ်း) ဦးစံလွင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် H. E. Mr. Alounkeo Kittikhoun တို့က မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးမှုအခြေအနေများ၊ အာဆီယံတူညီဆန္ဒ(၅)ရပ်အပေါ် ဆောင်ရွက်ချက်များ၊ လူသားချင်း စာနာထောက်ထားမှုအကူအညီပေးရေးဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ပြီး ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
မှီငြမ်း။ NSPD