၁။ နိုင်ငံတော်အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၏ သီးသန့်အစည်းအဝေကို နေပြည်တော်၊ ရွှေစံအိမ်ဟိုတယ်တွင် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ အောက်ပါရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည် –
(က) ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)အား စတင်လက်မှတ်ရေးထိုးသည်မှာ (၃) နှစ်ပြည့်မြောက် မည်ဖြစ်သဖြင့် အဆိုပါ (၃)နှစ်ပြည့် အခါသမယတွင် ပုံမှန်ကျင်းပနေသည့် အခမ်းအနားမျိုး မပြုလုပ်ဘဲငြိမ်းချမ်းရေးအတွက် အနှစ်သာရအကျိုးရလဒ် ရရှိထွက်ပေါ်နိုင်မည့် ခေါင်းဆောင်များတွေ့ဆုံဆွေးနွေးရန်၊
(ခ) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစုပင်လုံ တတိယအစည်းအဝေး၏ ထုတ်ပြန်ကြေညာချက်အား အကောင်အထည်ဖော်ရာတွင် ညှိနှိုင်းဆွေးနွေး၍ သဘောတူညီချက် မရသေးသည့် အချက်များကို ခေါင်းဆောင်များ၏ နိုင်ငံရေးသဘောတူညီချက်များဖြင့် ဖြေရှင်းရန်၊
(ဂ) တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှုအဖြစ် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးအတွက် အရေးကြီးသည့် အခြေခံမူများချမှတ်နိုင်ရန်။
၂။ နိုင်ငံတော်အစိုးရနှင့် NCAလက်မှတ်ရေးထိုးထားသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၏ သီးသန့်အစည်းအဝေးတွင် အောက်ပါတို့ကို သဘောတူညီခဲ့ကြပါသည် –
(က) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစုပင်လုံ တတိယအစည်းအဝေး၏ ထုတ်ပြန်ကြေညာချက်ပါ ၂၀၂၀ ပြည့်နှစ်မတိုင်မီ ကျင်းပရန်မျှော်မှန်းထားသည့် ညီလာခံ (၃) ကြိမ်တွင် အရေးကြီးသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ ချမှတ်နိုင်ရေးအတွက် လိုအပ်သည့် အချိန်ဇယားနှင့် ဦးစားပေးလုပ်ငန်းစဉ်များ၊
(ခ) နိုင်ငံရေးဆွေးနွေးပွဲများတွင် သဘောတူညီမှုရရှိရန် လိုအပ်နေသည့် ကိစ္စရပ်များအား ဖြေရှင်းကျော်လွှာနိုင်ရေး၊
(ဂ) လက်ရှိနိုင်ငံရေးဆွေးနွေးမှုပုံစံကို ပိုမိုရှင်းလင်းလွယ်ကူအောင် ဆောင်ရွက်ရေး၊
(ဃ) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ခေါင်းဆောင်များအကြား သဘောတူညီချက်များ ရယူပြီး ယင်းသဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရေး၊
(င) NCA အခန်း (၅) ၊ နိုင်ငံရေးလမ်းပြမြေပုံချမှတ်ခြင်းအပိုဒ် ၂၀(ဂ)ပါ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကိစ္စရပ်များ၊ လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးမှုများ စတင်ပြုလုပ်ရေး၊
(စ) NCA လက်မှတ်မထိုးရေသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံး ပါဝင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရေး၊
(ဆ) ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပိုမိုခိုင်မာအောင် ဆောင်ရွက်ရာတွင် NCA ပါ သဘောတူညီချက်များအတိုင်း ဆက်လက်ဆွေးနွေးညှိနှိုင်းဆောင်ရွက်ရေး။
၃။ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုတို့ကို အခြေခံ၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးတို့ကို ရှေးရှု၍လွတ်လပ်မှု၊ တန်းတူညီမျှနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားရန် သိန္နိဌာန်ဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာအပ်ပါသည်။
မှီငြမ်း – ၁၆-၁၀-၂၀၁၇ နှင့် ၁၇-၁၀-၂၀၁၈ ရက်ထုတ် မြန်မာ့အလင်းသတင်းစာများ