ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်

ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်

ဤငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကတိပြုချက်ကို လက်မှတ်ရေးထိုးကြသော ကျွန်ုပ်တို့သည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုတို့ကို အခြေခံ၍ အောက်ပါကတိပြုချက်များကို ပြီးစီးအောင်မြင်သည်အထိ မပျက်မကွက် အတူတကွပူးတွဲအကောင်အထည်ဖော် ဆောင်ရွက်သွားရန် သန္နိဋ္ဌာန်ပြုကြပါသည်။

(၁)  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် လက်ရှိဖြစ်ထွန်းနေသော ငြိမ်းချမ်းရေးဖြစ်စဉ်ကိုမူတည်၍ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်း သား စည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ် အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှုလျက် ပင်လုံစိတ်ဓာတ်နှင့်အညီ နိုင်ငံသားအားလုံး၏ လွတ်လပ်မှု၊ အမျိုးသားတန်းတူညီမျှမှု၊ တရားမျှတမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ပါဝင်သည့်ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကိုအခြေခံ သော ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားရန်။

(၂) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသည် နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရေးတွင် အဓိကကျသည့်ကိစ္စဖြစ်သည့်အတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက်စာချူပ် (NCA-Nationwide Ceasefire Agreement)ကို အမြန်ဆုံးလက်မှတ်ရေးထိုးနိုင်ရေး ဦးစွာဆောင်ရွက်ရန်။

(၃) ပြည်ထောင်စုမြန်မာနိုင်ငံတွင် သမိုင်းရှည် ကြာဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်နိုင်ရေးအတွက် စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်မည့် နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ်ထူထောင်ပြီးပါဝင်သင့်၊ပါဝင် ထိုက်သူများအားလုံး ပါဝင်ခွင့်ရှိသည့် နိုင်ငံရေးဆွေးနွေးပွဲများကို အလျင်အမြန် ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်။

(၄)    တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်စာချုပ် (NCA-Nationwide Ceasefire Agreement) အပြီးသတ်လက်မှတ်ရေးထိုးပြီးနောက် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ကို အမြန်ဆုံးရေးဆွဲခြင်းနှင့်သဘောတူညီသည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်နှင့်အညီ ပဏာမနိုင်ငံရေးဆွေးနွေးပွဲကို ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများမတိုင်မီ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်။

(၅) ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် လုပ်ငန်းစဉ်များကာလအတွင်း ငြိမ်းချမ်းရေးကိုထိခိုက်စေနိုင်သည့်ပစ်ခတ်တိုက်ခိုက် မှုများမဖြစ်ပွားစေရန် နှစ်ဖက်တပ်များထိတွေ့မှုများကို ရှောင်ရှားနိုင်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်စေမည့် အရေးယူဆောင်ရွက်ခြင်းများ မပြုလုပ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်။

ဤငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကတိပြုချက်ကို လက်မှတ်ရေးထိုးကြသူ အားလုံးသည် နိုင်ငံသားအားလုံးလိုလားလျက်ရှိသော ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး ဖော်ဆောင်နိုင်ရေးအတွက် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းစဉ် အောင်မြင်ရေးကို မဆုတ်မနစ်ဆက်လက်ကြိုးပမ်း လုပ်ဆောင်သွားရန် ကတိသစ္စာပြုကြပါသည်။

နေပြည်တော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်

မှီငြမ်း – NSPNC