You are currently viewing လားရှိုးတပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုဝင်များအား တွေ့ဆုံစဉ် ပြောကြားသည့် အမှာစကား ကောက်နုတ်ချက် (၉−၄−၂၀၂၂)

လားရှိုးတပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုဝင်များအား တွေ့ဆုံစဉ် ပြောကြားသည့် အမှာစကား ကောက်နုတ်ချက် (၉−၄−၂၀၂၂)

ပါတီစုံဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ကို ခိုင်မာစွာ အာမခံ

       တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ခိုင်မာရေးကိုသာ အဓိကဆောင်ရွက်လျက်ရှိကြောင်း၊ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိ ကြောင်း၊ ထို့ကြောင့် အမျိုးသားရေးလုပ်ငန်းစဉ်နှစ်ခုအဖြစ် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေ ရိက္ခာဖူလုံရေးကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်က ဦးစီးဆောင်ရွက်နေခြင်း ဖြစ်သည့်အတွက် တပ်မတော်သားများအနေဖြင့် နားလည်သဘော ပေါက်ရန်လိုကြောင်း၊ ဒီမိုကရေစီ ဆိုသည်မှာ ရွေးကောက်တင်မြှောက်ခံရသူတို့က ဥပဒေနှင့်အညီ စီမံအုပ်ချုပ်သည့်စနစ်ပင်ဖြစ်ကြောင်း၊ ဒီမိုကရေစီအုပ်ချုပ်ရေးကိုသွားမည်ဆိုပါက ဒီမိုကရေစီစနစ်ကို နားလည်နိုင်သည့် အရည်အသွေးများ ရှိရန်လိုကြောင်း၊ ဒီမိုကရေစီတွင် ရွေးကောက်ပွဲသည် အဓိကကျပြီး ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲစာရင်းသည် သန်းခေါင်စာရင်းကို အခြေခံပြီး ကောက်ခံရခြင်းဖြစ်ကာ ခေတ်အဆက်ဆက်တွင်လည်း ကျင့်သုံးခဲ့ခြင်း ဖြစ်ကြောင်း။

       မြန်မာနိုင်ငံ၌ လူဦးရေတိုးတက်နှုန်းမှာ သုည ဒသမ ၈ ရာခိုင်နှုန်းသာရှိပြီး ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင် စာရင်းအရ မဲပေးခွင့်ရှိသူ ၃၄ ဒသမ ၂၉ သန်းကို ၁ ရာခိုင်နှုန်းနှင့် တွက်မည်ဆိုပါက တစ်နှစ်လျှင် ၃ ဒသမ ၄ သိန်းသာ တိုးတက်မှုရှိမည်ဖြစ်ပြီး ၅ နှစ်ဆိုပါက    ၁ ဒသမ ၇သန်း ရှိမည်ဖြစ်ကာ အလွန်ဆုံး ၂ သန်းသာ လူဦးရေးတိုးပွားမှု ရှိရမည်ဖြစ်ကြောင်း၊ သို့သော်လည်း ၂၀၂၀ ပြည့်နှစ် ကောက်ခံရရှိမှု မဲပေးခွင့်ရှိသူမှာ ၃၈ ဒသမ ၂၇ သန်းထိ ရှိနေ သည်ကို မဖြစ်နိုင် ဖွယ်ရာတွေ့ရှိရမည်ဖြစ်ကြောင်း၊ အားနည်းချက်များ များစွာရှိခဲ့ကြောင်း၊ ဒီမိုကရေစီစနစ်ကို လက်တွေ့ ကျင့်သုံး အောင်မြင်စေရန် နိုင်ငံသားတို့၏ အသိပညာရေချိန် မြင့်မားရန်လိုကြောင်း၊ ဒီမိုကရေစီ၏ သဘောကိုနားလည်သိရှိရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတာဝန်ယူသည့် အချိန်၌ ပညာရေးကို မြှင့်တင်ဆောင်ရွက်ရန် ပြောခဲ့ကြောင်း၊ ပညာတတ်ဖြစ်ရမည်၊ အတွေးအခေါ်မြင့်မားရ မည်ဖြစ်ကြောင်း၊ ယခုခေတ်သည် နည်းပညာခေတ်ဖြစ်သဖြင့်‌ နောက်ကျကျန်ရစ်၍ ရနိုင်မည် မဟုတ်ကြောင်း၊ အသိပညာ မြင့်မားစေရေးအတွက် မိမိကိုယ်တိုင်စာပေလေ့လာမှုသာမက မိမိတို့၏ သားသမီးများကိုလည်း စာပေ၊ဗဟုသုတမြင့်မားအောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ပညာရေးနှင့် ပတ်သက်၍ ဖတ်ရှု၊ မှတ်သားလေ့လာပြီး အသိပညာမြင့်မားအောင် ကြိုးစားရမည်ဖြစ်ပြီး အသိပညာ မြင့်မားမှသာလျှင် ဒီမိုကရေစီစနစ်နှင့် တိုင်းပြည်၏အနာဂတ်ကိုလည်း အာမခံနိုင်မည်ဖြစ်ကြောင်းဖြင့် မှာကြားပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၏ လိုအပ်ချက်များကို မေးမြန်းသည်။