You are currently viewing နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၈/၂၀၂၁) တွင် ပြောကြားသည့်အမှာစကားကောက်နုတ်ချက် (၃၀-၃-၂၀၂၁)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၈/၂၀၂၁) တွင် ပြောကြားသည့်အမှာစကားကောက်နုတ်ချက် (၃၀-၃-၂၀၂၁)

        ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့ရာတွင်လည်း ပြည်သူများမှ ရွေးချယ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို သွားနိုင်ရန်ဖြစ်ကြောင်း၊ နိုင်ငံများအလိုက် ဒီမိုကရေစီစနစ်ကျင့်သုံးသည့် စနစ်နှင့် ပုံစံများမတူနိုင်ကြောင်း၊ အနောက်ဥရောပနိုင်ငံများတွင်ပင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူညီသကဲ့သို့ မိမိတို့အာရှနိုင်ငံများတွင်လည်း အလားတူပင်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့်လည်း မိမိတို့နိုင်ငံ၏ လက်ရှိအခြေအနေနှင့် ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကို သွားရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ခြိမ်းခြောက်၍ မဲပေးခိုင်းခြင်း မဟုတ်ဘဲ ပြည်သူများ၏ ဆန္ဒအရ ဆန္ဒမဲများပေးခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူများရွေးချယ်ထားသည့် ဒီမိုကရေစီစနစ် မယိမ်းမယိုင် လျှေက်လှမ်းနိုင်ရန်အတွက် ယခုအခါတွင်လည်း စုပေါင်းဦးဆောင်မှုဖြင့်သာဆောင်ရွက်လျက်ရှိပြီး အရပ်ဘက်အုပ်ချုပ်ရေး အဖွဲ့အစည်းများဖြင့်သာ ဆောင်ရွက်လျက်ရှိ၍ တပ်မတော်မှ ဝန်းရံပေးနေခြင်းသာဖြစ်ကြောင်း၊ ပြည်သူများ မျှော်မှန်းထားသည်မှာ စစ်မှန်သည့် ပါတီစုံဒီမိုကရေစီစနစ်ဖြစ်သော်လည်း တတိယသက်တမ်းအတွက် ရွေးကောက်ပွဲပြုလုပ်ချိန်တွင် မဲမသမာမှုများ ပြုလုပ်၍ ပြည်သူများရွေးချယ်ထားသည့် ဒီမိုကရေစီစနစ်ကို ပြက်ရယ်ပြုပြီး ပြည်သူ လူထုကို စော်ကားခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

     ဒီမိုကရေစီခေတ်တွင် အသိစိတ်ဓာတ်များ ပြင်ကြရမည်ဖြစ်ပြီး လူမှုရေးအသိစိတ်ဓာတ် ရှိရန်လိုကြောင်း၊ ဒီမိုကရေစီကို မသိကျိုးကျွန်ပြု၍ သူတစ်လူ ငါတစ်မင်းဆောင်ရွက်၍ မရကြောင်း၊ မိမိတို့ လုပ်ဆောင်မှုသည် တစ်နိုင်ငံလုံး အကျိုးခံစားခွင့်ရှိအောင် လုပ်ဆောင်ရမည်ဖြစ်ပြီး တိုင်းပြည်အား အာမခံချက်ပေးနိုင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။