နိဒါန်း
ပဋိပက္ခများဖြေရှင်းရာတွင် ဆွေးနွေးမှုဖြင့် ဖြေရှင်းရန်ကြိုးပမ်းမှုများသည် ကမ္ဘာတစ်ဝှမ်းတွင် အရေးပါလှသည်။ ထိုသို့သော ဆွေးနွေးမှုအခြေခံပဋိပက္ခဖြေရှင်းရေးလုပ်ငန်းများအတွက် ထိရောက်မှု ရှိစေရန် လူမျိုးစုံ၊ အဖွဲ့အစည်းစုံမှ ဦးဆောင်မှုအဖွဲ့များ၊ တရားဝင်နှင့် တရားမဝင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအားလုံးက ဘက်ပေါင်းစုံမှ ဆွေးနွေးညှိနှိုင်းအဖြေရှာနေကြပါသည်။ မြန်မာနိုင်ငံတွင် ထိုကဲ့သို့သော ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)က ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီများ၏ လမ်းညွှန်ချက် များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ထို့ကြောင့် NSPNC သည် ဆွေးနွေးမှု အခြေခံဖြင့် ပဋိပက္ခဖြေရှင်းမှုများကို ပံ့ပိုးပေးနေသည့် အရေးကြီးဆုံး ဌာနတစ်ခုဖြစ်သည့် အားလျော်စွာ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်မှ ၂၇ ရက်အထိ “ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ ပေါင်းစည်းခြင်းမှ အေးချမ်းသာယာ ဝပြောသည့် နိုင်ငံတော်သစ်ဆီသို့” ဟူသည့် ဆောင်ပုဒ်ဖြင့် မြန်မာနိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးအပေါ် အထောက်အကူပြုစေမည့် နည်းဗျူဟာများ ဖော်ထုတ်နိုင်ရန်အတွက် Peace Forum 2025 ကို ကျင်းပပြုလုပ်ခဲ့ပါသည်။
တက်ရောက်ကြသူများ
အဆိုပါ ဖိုရမ်အခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ တွဲဖက် အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ တပ်မတော်မှအရာရှိကြီးများ NSPNC ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ တပ်မတော်မှအငြိမ်းစားအရာရှိကြီးများ၊ JMC မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးရခြင်းမရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသူများ၊ ပါဝင်သင့် ပါဝင်ထိုက်သူများ၊ ပြည်တွင်းပြည်ပမှ အသိပညာရှင် အတတ်ပညာရှင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တက္ကသိုလ်များမှ ပါမောက္ခများနှင့် ကျောင်းသားကျောင်းသူများ၊ INGO NGO အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာမှ သံတမန်များ၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် လေ့လာသူများ တက်ရောက်ခဲ့ကြပါသည်။
ဖိုရမ်ဆွေးနွေးမှုရလဒ်များ
ဖိုရမ်အခမ်းအနားကို အဖွဲ့ (၂)ဖွဲ့ခွဲကာ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး၊ နိုင်ငံတော်၏ ပကတိ အခြေအနေများနှင့် လက်ရှိလူမှုစီးပွားဘဝများအတွက် စိန်ခေါ်မှုများအား ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းလမ်းများဖော်ထုတ်နိုင်ရေး၊ ရွေးကောက်ပွဲအလွန် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် နိုင်ငံတကာအသိုက်အဝန်း၏ အခန်းကဏ္ဍများအား ဖော်ထုတ်နိုင်ရေးနှင့် ပထဝီနိုင်ငံရေး အခြေအနေများအား သုံးသပ်ကာ မြန်မာနိုင်ငံ၏ အနာဂတ် အသွင်ကူးပြောင်းရေးတို့တွင် ကျင့်သုံးနိုင်မည့် နည်းလမ်းများအား ဖော်ထုတ်ခြင်းစသည့် အကြောင်းအရာ များအပေါ် အလေးပေးဆွေးနွေးခဲ့ကြရာ Policy Recommendation များနှင့် လက်တွေ့ အကောင်အထည် ဖော်နိုင်သည့် အကြံပြုချက်များ (Recommendation) အချက်ပေါင်း ၁၅၀ ကျော် ဆွေးနွေး ဖော်ထုတ် နိုင်ခဲ့ပါသည်။ အချက်အလက်များအား ပြန်လည်စုစည်းစိစစ်ပြီး ရွေးကောက်ပွဲကဏ္ဍ၊ ငြိမ်းချမ်းရေး ကဏ္ဍ၊ ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍ၊ စိုက်ပျိုး၊ မွေးမြူရေးကဏ္ဍနှင့် ပထဝီနိုင်ငံရေးကဏ္ဍဟူ၍ ကဏ္ဍ(၅)ရပ်ဖြင့် စုစုပေါင်း (၇၄)ချက်စိစစ်ဖော်ထုတ်ရရှိခဲ့ပါသည်။ ထိုအချက်အလက်များအား ရေတို၊ ရေရှည်လုပ်ငန်းစဉ် များခွဲ၍ အကောင်ထည်ဖော်ဆောင်ရွက်ခြင်း (Implementation) အပိုင်းကို ဆက်လက်လုပ်ဆောင် သွားမည်စ်ပါသည်။ Peace Forum များမှ ထွက်ပေါ်လာသည့် အကြံပြုချက်များ (Recommendation)သည် ပဋိပက္ခ ပြဿနာများ ဆွေးနွေးဖြေရှင်းခြင်း၊ ယုံကြည်မှုတည်ဆောက်ခြင်း၊ Conflict Parties များအကြား မဟာမိတ်ဖွဲ့စည်းခြင်း၊ သဘောတူညီမှုချမှတ်ခြင်း၊ နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများအတွက် အခြေခံကျသည့် ရလဒ်များဖြစ်သည်ကို တွေ့ရှိရပါသည်။
Peace Forum 2025 အပေါ် သုံးသပ်ချက်
Peace Forum 2025 အခမ်းအနားအား ရှုထောင့်အမျိုးမျိုးမှ ဝေဖန်နေကြပြီး ငြိမ်းချမ်းရေး လိုလားသည့် အဖွဲ့အစည်းများက ကြိုဆိုထောက်ခံကြသကဲ့သို့ ငြိမ်းချမ်းရေးဖြင့် ကိုယ်ကျိုးအမြတ်ထုတ် နေသူများကလည်း ရှုတ်ချဝေဖန်နေမှုများရှိသည်ကို တွေ့ရှိရပါသည်။ မည်သို့ပင်ဆိုစေကာမူ Peace Forum 2025 အခမ်းအနားတွင် အထောက်အကူပြုတစ်ဦးအနေဖြင့် ပါဝင်ဆောင်ရွက်ခဲ့မှုမှ ရရှိ လာသည့် အတွေ့အကြုံများမှတစ်ဆင့် ရလဒ်များအပေါ် သုံးသပ်လိုပါသည်။ ယခင် Peace Talk အခမ်းအနားမှ ရရှိလာခဲ့သည့် အကြံပြုချက်များထဲမှ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မကြာခဏ ကျင်းပပေးရန် ဆိုသည့်အချက်ကို Peace Forum 2025 အခမ်းအနားဖြင့် Interpretative Approach လုပ်ဆောင်နိုင်ခဲ့သည်ကို တွေ့ရှိရပါသည်။ ထို့အပြင် Peace Forum 2025 ကို ပြည်တွင်း၊ ပြည်ပ နယ်ပယ်အသီးသီးမှ Moderator များ၊ Speaker များဖြင့် ဆွေးနွေးခဲ့သဖြင့် National Forum ၊ International Forum အသွင်သဏ္ဍာန်ဖောင်ဆောင်နိုင်သည်ကို တွေ့ရှိခဲ့ရပါသည်။ ထို့ကြောင့် ဖိုရမ်မှ ရရှိခဲ့သည့် အကြံပြုချက်ရလဒ်များသည် Theory and empirical research အပေါ် အခြေခံထားသည့် အကြံပြုချက်များဖြစ်သည်ကို တွေ့ရှိရပါသည်။ Peace Forum 2025 သည် ငြိမ်းချမ်းရေးတည်ဆောက်ရေး အတွက် သဘောတူညီမှုဖော်ပြခြင်းနှင့် ယုံကြည်မှုတည်ဆောက်ခြင်းတို့အတွက် Negotiation Pathway တစ်ခုဖြစ်ပါသည်။ ထို့အပြင် ၎င်းဖိုရမ်သည် တသီးတစ်ခြားလှုပ်ရှားမှုတစ်ခုမဟုတ်ဘဲ တိုးတက် လာသော လူ့အဖွဲ့အစည်းအတွက် တာဝန်ယူမှုတစ်ခုဖြစ်တာကို တွေ့ရှိခဲ့ရပါသည်။ တစ်ခါတစ်ရံတွင် ပဋိပက္ခသည် ပြဿနာမူရင်းကိုဖော်ထုတ်ရန် အခွင့်အလမ်းဖြစ်နိုင်ပါသည်။ ဆွေးနွေးမှု (Dialogue)သည် ထိုပဋိပက္ခကို သေချာနားလည်ပြီး ဖြေရှင်းရန်အတွက် အဓိကကိရိယာဖြစ်ပါသည်။ ငြိမ်းချမ်းရေး ရရှိရန်အတွက် ဆွေးနွေးမှုသည် တိုက်ခိုက်မှုအစား ယုံကြည်မှုတည်ဆောက်ခြင်းကို ဦးတည်စေသည် ဆိုသည်ကို Peace Forum 2025 က သက်သေတည်ပေးခဲ့ပါသည်။ ထို့ကြောင့် Peace Forum 2025 သည် လက်ရှိမြန်မာနိုင်ငံရေးအကျပ်အတည်းကြားမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် ခြေလှမ်းသစ်ဟု သုံးသပ်မိပါသည်။
နိဂုံးချုပ်
မြန်မာနိုင်ငံကဲ့သို့သော ငြိမ်းချမ်းရေးလိုအပ်သည့်နိုင်ငံများအတွက်လည်း Peace Forum သည် ရှေ့ဆက်ဖွံ့ဖြိုးနိုင်မည့် နည်းလမ်းတစ်ခုအဖြစ်ရှိပါသည်။ Peace Forum ဆိုသည်မှာ ပဋိပက္ခ ဖြစ်ပွား နေသည့် ဒေသများနှင့် သက်ဆိုင်သူများ၊ Moderator များ၊ အရပ်သား၊ စီးပွားရေး နယ်ပယ်၊ လူမှုအဖွဲ့အစည်းများအပါအဝင် ကမ္ဘာတစ်ဝှမ်းမှ ပညာရှင်များ စုဝေးပြီး ငြိမ်းချမ်းရေးနည်းလမ်းများ၊ သဘောတူညီချက်များကို ဆွေးနွေးကြသော နိုင်ငံတော်အဆင့် အခမ်းအနား တစ်ခုဖြစ်ပြီး ၎င်းသည် ပဋိပက္ခပြဿနာများကို တာဝန်ယူစွာဖြင့် ပြင်ဆင်နိုင်သော နည်းလမ်းများကို ဖော်ထုတ်ပေး နိုင်သည့် Platform တစ်ခုဖြစ်ပါသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (Peace Process) တစ်ခုတွင် တူညီသော Actor များအကြား ယုံကြည်မှုနှင့် တည်ငြိမ်မှုဖန်တီးရာ၌ မရှိမဖြစ်ပါဝင်ရမည့် အခြေခံအဆင့် သုံးခုဖြစ်သည့် ညှိနှိုင်းဆွေးနွေးခြင်း (Negotiation)၊ တိုက်ခိုက်မှုရပ်စဲခြင်း (Ceasefire Agreement)နှင့် အသွင်ကူးပြောင်းခြင်းနှင့် ပြန်လည်သင့်မြတ်ရေး (Transitional Justice and Reconciliation)တို့ကို လုပ်ဆောင်ရမည် ဖြစ်ပါသည်။ NSPNC အနေဖြင့် ညှိနှိုင်းဆွေးနွေးခြင်း လုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ် အကောင်အဖော်ဆောင်ရွက် လျက်ရှိပါသည်။ ထို့အပြင် လက်ရှိ နိုင်ငံတော်အစိုးရကလည်း တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးများ ကို ဆောင်ရွက်လျက်ရှိပါသည်။ Peace Talk နှင့် Peace Forum တို့မှ ရရှိခဲ့သည့် အကြံပြုချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် အသွင်ကူးပြောင်းရေးနှင့် ပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်မိပါသည်။
ကမ္ဘာတစ်ဝှမ်းလုံးရှိ နေရာအမျိုးမျိုး၌ ပဋိပက္ခ၊ အမြင်ကွဲလွဲမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု များကြောင့် လူသားတို့၏ တည်ဆဲဘဝသည် တခါတရံ မျက်နှာသာမရှိသည့်အဖြစ်များ ဖြစ်ပေါ်နေသည်။ နိုင်ငံတစ်နိုင်ငံသည် မိသားစုတစ်ခုဖြစ်သကဲ့သို့ မိမိတို့ မိသားစုဘဝ ကြီးပွားတိုးတက်ရေးအတွက် မိသားစုဝင်အားလုံး စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းဆောင်ရွက်သွားရမှာဖြစ်ပြီး အချင်းချင်း အမြင်တူသည်များကို စုစည်းကာ အမြင်မတူသည်များကို ညှိနှိုင်းဖြေရှာသွားကြရမှာဖြစ်ပါသည်။ ဂျာမန်နွယ်ဖွား သီအိုရီဆိုင်ရာရူပဗေဒပညာရှင် Albert Einstein က “ငြိမ်းချမ်းရေးကို အင်အားဖြင့် ထိန်းထားနိုင်မည် မဟုတ်ပေ။ နားလည်မှုဖြင့်သာ အောင်နိုင်သည် (Peace cannot be kept by force; it can only be achieved by understanding)” ဟု ပြောကြားခဲ့ပါသည်။ ထို့ကြောင့် မိမိတို့ တစ်မြေတည်းနေ တစ်ရေတည်းသောက်နေကြသည့် တိုင်းရင်းသားညီကိုအစ်ကို မောင်နှမများ အားလုံး မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် Peace Forum 2025 ၏ ဦးဆောင် ခြေလှမ်း များနှင့်အတူ နိုင်ငံအကျိုးအတွက် ဆက်လက်သယ်ပိုးဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းရေးသား တင်ပြလိုက်ရပါသည်။
ဆောင်းပါးရှင်။ ဆောင်းမီးအိမ်

အနာဂတ်၏မျိုးဆက်သစ်လူငယ်များအနေဖြင့် မြန်မာနိုင်ငံနှင့်ကမ္ဘာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို သိရှိလေ့လာနိုင်ရန်အတွက် ပညာပေးအစီအစဉ်များ၊လေ့လာသူများအဖြစ်သာမက ပါဝင်ဆွေးနွေးနိုင်စေရေးအဆင့်ထိ လက်ဆင့်ကမ်း ဖိတ်ခေါ်ပညာပေးမှုများ ဆောင်ရွက်ပေးသင့်ပါကြောင်း အကြံပြုချင်ပါသည်။