မင်္ဂလာနံနက်ခင်းပါ။
ယနေ့ ငြိမ်းချမ်းရေးဖိုရမ်သို့ တက်ရောက်လာကြတဲ့နှင့် ဂုဏ်သရေရှိ ဧည့်သည် တော်များ၊ ပြည်တွင်းပြည်ပမှ ဧည့်သည်တော်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အားတက်သရော ပါဝင်နေကြသူအားလုံးကို စိတ်၏ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်း နှင့် ပြည့်စုံပါစေလို့ ဦးစွာနှုတ်ခွန်းဆက်ပါတယ်။
ကျနော်ကတော့ မင်းနိုင်ဖြစ်ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီမှာ အတွင်းရေးမှူး တာဝန်ထမ်းဆောင်နေ ပါတယ်။
ဒီကနေ့ ဖိုရမ် ကျင်းပမှု အခင်းအကျင်း အနည်းငယ် ရှင်းလင်းပြောကြားလို ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၄ မှ ၂၆ ရက်အထိ ကျင်းပပြုလုပ်ခဲ့တဲ့ Peace Talk 2025 အခမ်းအနားမှ ဆွေးနွေးရရှိခဲ့တဲ့ ရလဒ်များထဲမှ “အလွတ်သဘောဆွေးနွေးပွဲ များသည် ရလဒ် မထွက်သည့်တိုင် ယုံကြည်မှုပိုမိုရရှိနိုင်သော နည်းဗျူဟာ တစ်ရပ်ဖြစ်သည့်အတွက် အလွတ်သဘောဆွေးနွေးပွဲများ၊ ငြိမ်းချမ်းရေးစကားဝိုင်း များ ပုံမှန်ပြုလုပ်ရန် လိုအပ်သည်” ဆိုသည့် ဆွေးနွေးအကြံပြုချက်အား အကောင် အထည်ဖော် ဆောင်ရွက်ခြင်းမှ ယနေ့ ငြိမ်းချမ်းရေးဖိုရမ် ဖြစ်လာခြင်းဖြစ်ပါတယ်။
ဖိုရမ်ကျင်းပမယ့် ဒီဇိုင်းကတော့ ဖိုရမ်ကို ၃ ရက်တာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ပထမနေ့မှာ ပြည်ပပညာရှင်များက အပိုင်းနှစ်ပိုင်းခွဲပြီး ခေါင်းစဉ် အလိုက် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ပြီးရင် ဆွေးနွေးသူများနဲ့ တက်ရောက်လာ သူများအကြား မေးခွန်းများ အပြန်အလှန်မေးမြန်းဆွေးနွေးခြင်း ဖြစ်ပါတယ်။ နောက်နှစ်ရက်မှာတော့ ပြည်တွင်းပညာရှင်များက အဖွဲ့နှစ်ဖွဲ့ခွဲပြီး parallel ပုံစံနဲ့ ခေါင်းစဉ်အလိုက် ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ပါဝင်သင့်ပါဝင်ထိုက်သူများအနေနဲ့ ပြည်လည်တည်ဆောက် ရေးလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်နိုင်စေရန်၊ အရေးပါသော အကြံဉာဏ်များနဲ့ အကူအညီများ ပေးနိုင်မယ့် နိုင်ငံတကာ မိတ်ဆွေများ ပါဝင်လာနိုင်စေရန်တို့အတွက် “ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှု” တွေကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ဖို့ကို ကျွန်တော်တို့ NSPNC က ကြိုးပမ်းလုပ်ဆောင်လျက်ရှိပါတယ်။
ငြိမ်းချမ်းရေးဆိုတာ လူသားတိုင်း၏ အခြေခံအခွင့်အရေးဖြစ်ပြီး၊ ဖွံ့ဖြိုးတိုးတက်မှု၊ တည်ငြိမ်မှုနှင့် လူမှုအဖွဲ့အစည်း၏ အနာဂတ်အတွက် မရှိမဖြစ် လိုအပ်ချက် ဖြစ်ပါတယ်။ သို့သော် ယနေ့ကမ္ဘာပေါ်မှာ ပဋိပက္ခတွေ၊ တန်းတူမညီမျှမှုတွေနဲ့ နယ်မြေအငြင်းပွားမှု တွေကြောင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဟာ စိန်ခေါ်မှုတစ်ရပ် အဖြစ်ရှိနေဆဲဖြစ် ပါတယ်။ ဒါကြောင့် ဒီနေ့ဖိုရမ်မှာ ကျွန်တော်တို့အားလုံး ပူးပေါင်းပြီး အဖြေရှာဖို့ တိုက်တွန်းလိုပါတယ်။
ဒီဖိုရမ်မှာ ကျွန်တော်တို့ရဲ့ ပထမဆုံး ရည်ရွယ်ချက်ကတော့ ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ အလွန်အခြေခံကျတဲ့ “အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှု” ဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးမှုဆိုတာ လုပ်ရိုးလုပ်စဉ် ပုံမှန်အခမ်းအနားတစ်ခု မဟုတ်ဘဲ ကြားနေတဲ့ပုဂ္ဂိုလ်တွေ၊ နှုတ်ဆိတ်နေတဲ့ ပုဂ္ဂိုလ်တွေနဲ့ မသိချင်ယောင် ဆောင်နေတဲ့ပုဂ္ဂိုလ်တွေအားလုံးရဲ့ အသံအစစ်အမှန်ကို တကယ်လက်ခံ နားထောင် ပေးတဲ့ လုပ်ဆောင်မှုအစီအစဉ်တစ်ခု ဖြစ်ပါတယ်။ နောက်ပြီး ဒီပွဲဟာ အရောင်အသွေး အမျိုးမျိုးသော နိုင်ငံရေးသမားတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ လူမှုအဖွဲ့ အစည်းတွေ၊ လူငယ်တွေ၊ အမျိုးသမီးတွေနဲ့ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ အမျိုးမျိုးသော အဖွဲ့အစည်းတွေ စတာတွေအားလုံးအတွက် လုံခြုံစိတ်ချရတဲ့ နေရာတစ်ခုလဲ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေး ဆိုတာ သတ်မှတ်ပြဋ္ဌာန်းထားချက် မဟုတ်ပါဘူး။ စေ့စပ်ညှိနှိုင်း ခြင်းသာ ဖြစ်ရပါမယ်။ စေ့စပ်ညှိနှိုင်းမှုဆိုတာလဲ ကိုယ်ချင်းစာနာမှု၊ အပေးအယူ ဆောင်ရွက်မှုနဲ့ အပြန်အလှန်လေးစားမှုတို့ ရှိရမှာဖြစ်ပါတယ်။ အခုဒီဖိုရမ်ဟာ အဲ့ဒါတွေအမှန်တွေပဲဆိုတာကို သက်သေပြသွားရမှာဖြစ်ပါတယ်။
ယုံကြည်မှု ဆိုတာ ငြိမ်းချမ်းရေးအတွက် အဖိုးအနဂ္ဂကြီးတဲ့အရာပဲ ဖြစ်ပါတယ်။ အဲ့ဒီအရာက ရှားပါးနေပေမယ့် အဲ့ဒီယုံကြည်မှုဆိုတာကြီးကို ကျွန်တော်တို့ ရှာဖွေစု ဆောင်း၊ ပြန်လည် တည်ဆောက်နိုင်ပါတယ်။
ငြိမ်ချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အတူတကွ ဖန်တီးလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ လူမှုဘဝတွေဆိုတာ ပြန်လည်မြှင့်တင်ပေးရပါမယ်။ ပညာရေးကို လူတိုင်း သင်ကြားနိုင်ရပါမယ်။ ကျန်းမာရေးစောင့်ရှောက်မှု လူတိုင်းရရှိနိုင်ရပါမယ်။ ဒီဖိုရမ်မှာ မေတ္တာဂရုဏာရှိမှု၊ လူသား ဆန်မှုနဲ့ ဦးစားပေးမှုစတဲ့ လိုအပ်ချက် စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ လက်တွေ့ကျတဲ့ နည်းဗျူဟာတွေကို ပေါင်းစပ်ညှိနှိုင်း ဖော်ထုတ်နိုင်ဖို့အတွက် ဆောင်ရွက်သွားကြပါစို့။
မိတ်ဆွေများခင်ဗျာ…
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်အတွက် အခြေခံအကျဆုံးသော အုတ်မြစ်မှာ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးဖြစ်ပြီး တည်ငြိမ်မှုနှင့်တရားဥပဒေစိုးမိုးမှုရှိမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင် မည်ဖြစ်ပါသည်။ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးတွင် ကာလကြာရှည်စွာ တည်ရှိနေသော ပြဿနာများကို ဖြေရှင်းခြင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် အခြေခံမူများ ချမှတ်ခြင်းတို့ ပါဝင်ပါသည်။ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးဆောင်ရွက်ရာတွင် သက်ဆိုင်သူအားလုံး နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်ဆောင်ရွက်ရန် လိုအပ်ပါသည်။ သို့မှသာ ပြည်တွင်း ပဋိပက္ခများချုပ်ငြိမ်းပြီး အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုတွေ၊ နိုင်ငံတကာနဲ့ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုတွေဟာ အရေးပါကြောင်းကို ကျွန်တော်တို့ လက်ခံထားပြီး ဖြစ်ပါတယ်။ အရေးယူပိတ်ဆို့မှုတွေ၊ အထီးကျန်ဖြစ်စေရန် ဆောင်ရွက်မှုတွေဟာ စိတ်ဝမ်းကွဲမှုကို ပို၍သာ ဖြစ်စေပါတယ်။ ငြိမ်းချမ်းရေးအတွက် အဖြေရှာဖို့ နည်းလမ်းတွေ ရှာဖွေရာမှာ နားလည်မှုနဲ့ တွေ့ဆုံဆွေးနွေးမှုတွေဟာ ပိုပြီးထိရောက်စေတာကို ကျွန်တော်တို့ ယုံကြည်လက်ခံထားပါတယ်။
ရှေ့ဆက်ပြီးတော့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲတွေ ကျင်းပပြီး အားလုံးဖွံ့ဖြိုး တိုးတက်စေဖို့အတွက် အခြေအနေ၊ အခွင့်အလမ်းတွေကို ဖန်တီးနိုင်ဖို့ ဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းမှုဟာ အဓိကသော့ချက် ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိတို့ရဲ့ တူညီတဲ့ ရည်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်း နိုင်ဖို့အတွက် ပါဝင်သင့်ပါဝင်ထိုက်သူတွေ၊ ပြည်တွင်းနဲ့ ပြည်ပမှပုဂ္ဂိုလ်တွေ အားလုံးကို ကျွန်တော်တို့အနေနဲ့ ဖိတ်ခေါ်လျက်ရှိပါကြောင်း ပြောကြားလိုပါတယ်။
ကျွန်တော်တို့အနေနဲ့ ဒီဖိုရမ်မှာ စကားတွေပဲပြောပြီး ပြီးဆုံးသွားမှာ မဟုတ်ပါဘူး။ ကတိကဝတ်တွေ တကယ်ဖြစ်ပေါ်လာတဲ့အထိ ဆောင်ရွက်သွားကြမှာပါ။ အားလုံး ပါဝင်တဲ့၊ အေးချမ်းသာယာဝပြောတဲ့၊ စည်းလုံးညီညွတ်တဲ့ မြန်မာနိုင်ငံတော် တည်ဆောက်ဖို့ အင်အားသစ်တွေနဲ့ သွားကြမယ်ဆိုတာ အပြောသက်သက် မဟုတ်ပါဘူး။ အလုပ်နဲ့ပါ သက်သေပြကြရအောင်ပါ။
လက်ရှိမိမိတို့နိုင်ငံရဲ့ ပဋိပက္ခများ အမြန်ဆုံးလျှော့ချ၍ နိုင်ငံရေး၊ စီးပွားရေး များ ပိုမိုကောင်းမွန်တိုးတက်လာစေရေး၊ ရေတို၊ရေရှည်လုပ်ငန်းစဉ်များ ပေါ်ထွန်းနိုင် ရေးတို့အတွက် “ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး၊ ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲနှင့် နိုင်ငံတော် တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရမည့်နည်းလမ်းများကိုဖော်ထုတ်ခြင်း၊ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ လိုအပ်ချက်များနှင့် လူမှုစီးပွားဘဝစိန်ခေါ်မှုများကို ကိုင်တွယ် ဖြေရှင်းနိုင်ရန် အတွက် နည်းဗျူဟာများကို ဖော်ထုတ်ခြင်း၊ ရွေးကောက်ပွဲအလွန် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးမှာ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည့် နိုင်ငံတကာ အသိုက်အဝန်းများ၏ အခန်းကဏ္ဍကို ဖော်ထုတ်ခြင်းနှင့် မြန်မာနိုင်ငံ၏ အနာဂတ်သည် ပထဝီနိုင်ငံရေး ဆိုင်ရာ ရှုထောင့်အမျိုးမျိုးနှင့် ဆက်နွယ်သက်ရောက်မှုရှိပုံကို လေ့လာဆန်းစစ်ပြီး အသွင်ကူးပြောင်းရေးတွင် ကျင့်သုံးသင့်သော နည်းဗျူဟာများကို ဖော်ထုတ်ခြင်း” စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အတွက် အမှန်တကယ်အကျိုးရှိမယ့် လက်တွေ့ အကောင်အထည်ဖော်နိုင်မယ့်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် ထွက်ပေါက်ဖြစ်မယ့်နည်းဗျူဟာတွေကို ဆွေးနွေး အဖြေရှာ နိုင်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။
နိဂုံးချုပ်အနေနဲ့ကတော့
“ယုံကြည်မှုကင်းမဲ့ခြင်းက ငြိမ်းချမ်းရေးကို မရှင်သန်နိုင်၊ ယုံကြည်မှုက ငြိမ်းချမ်းရေးရဲ့ အခြေခံအုတ်မြစ်”ဆိုတဲ့ စကားအတိုင်း မိမိတို့အချင်းချင်း အမြင် တူသည်များကိုစုပေါင်း၍ အမြင်မတူသည်များကို ညှိနှိုင်း ဖြေရှင်းသွားကြရမှာ ဖြစ်ပါတယ်။ မိမိတို့အားလုံးမှာ “ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်မယ်ဆိုတဲ့ ဘုံရည်မှန်း ချက်ရှိပြီးသား ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနေ့ဖိုရမ်မှတဆင့် ထိရောက်တဲ့ အတွေးအမြင်အသစ်များ၊ ညှိနှိုင်းမှုများ နဲ့ ပူးပေါင်းဆောင်ရွက်မှုများ ပေါ်ပေါက်လာမှာဖြစ်ပြီး မိမိတို့နိုင်ငံရဲ့ ငြိမ်းချမ်းရေး အလင်းရောင်ကို ပိုမိုထွန်းတောက်အောင် တက်ရောက်လာကြတဲ့ သံတမန် ကြီးများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ အစိုးရ ဝန်ထမ်းများ၊ လူမှုအဖွဲ့အစည်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ လူငယ်များ၊ သတင်းမီဒီယာများအားလုံး ဝိုင်းဝန်းဖော်ဆောင်ကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။
