You are currently viewing NSPNC နှင့် NCA-S EAO (၇)ဖွဲ့ တွေ့ဆုံဆွေးနွေး (၁၃-၂-၂၀၂၄)

NSPNC နှင့် NCA-S EAO (၇)ဖွဲ့ တွေ့ဆုံဆွေးနွေး (၁၃-၂-၂၀၂၄)

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ၁၃-၂-၂၀၂၄ ရက်တွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) အဖွဲ့ဝင် ဦးခွန်ဥက္ကာ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ ဥက္ကဋ္ဌ စောမြရာဇာလင်း၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)မှ အထွေထွေအတွင်းရေးမှူး ကျာယာကုတ်၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)မှ ဆက်ဆံရေးဌာနမှူး စောကျော်သန်းဌေး၊ မွန်ပြည်သစ်ပါတီ(NMSP)မှ ဗဟိုကော်မတီဝင် နိုင်ဗညားမွန်၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)မှ ဗဟိုဦးစီးကော်မတီဝင် နန်းမိုးမိုးစောနှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှ ဆက်ဆံရေးရုံး ဒုတာဝန်ခံ ခွန်တီးလားတို့ပါဝင်သည့်  ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုယ်စား KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူးတို့က နှုတ်ခွန်းဆက်အမှာစကားများ ပြောကြားကြသည်။

ထို့နောက် နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်သင့်သည့် နည်းလမ်းများ၊  ရှေ့ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိစ္စများ၊ ဒေသဖွံ့ဖြိုးရေးကိစ္စများနှင့်ပတ်သက်ပြီး အဖွဲ့အစည်းအသီးသီး၏ သဘောထားများ၊ အကြံပြုချက်များအား အမြင်ချင်းဖလှယ်၍ အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ 

ယင်းနောက် တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) အဖွဲ့ဝင် ဦးခွန်ဥက္ကာနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့က နိဂုံးချုပ် အမှာစကားများ ပြောကြားခဲ့ပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

တွေ့ဆုံပွဲတွင် တိုင်းရင်းသား ပြည်သူလူထု၏အကျိုးကို ရှေးရှု၍ လက်ရှိဖြစ်ပေါ်နေသည့် လက်နက်ကိုင် ပဋိပက္ခများအား ငြိမ်းချမ်းရေးစားပွဲဝိုင်း၌ တွေ့ဆုံ ညှိနှိုင်းဖြေရှင်းကြရန်၊ ပဋိပက္ခ ကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်နေသည့် အရပ်သားပြည်သူများအား အကာအကွယ်ပေးရေးနှင့် အကူအညီအထောက်အပံ့များ အမြန်ဆုံးရရှိရေး ပဋိပက္ခတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးသို့ တိုက်တွန်းကြောင်းကို တက်ရောက်လာကြသူများက တူညီသည့် သဘောထားအား ထုတ်ဖော်ခဲ့ကြကြောင်း သိရှိရသည်။