အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အဆောက်အဦသစ် ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကျင်းပ
နေပြည်တော် မေ ၂၆
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အဆောက်အဦသစ် ဆောက်လုပ်မည့် ပန္နက်တော်တင် မင်္ဂလာအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိရပ်ကွက် ရွှေကြာပင်လမ်းနှင့် မြတ်မင်္ဂလာလမ်းထောင့်ရှိ အဆိုပါဆောက်လုပ် မည့်မြေနေရာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ကော်မတီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တာဝန်ယူဆောက်လုပ်မည့် ကုမ္ပဏီလီမိတက်မှ အုပ်ချုပ်မှု ဒါရိုက်တာနှင့် အင်ဂျင်နီယာချုပ်များ တက်ရောက်ကြသည်။
ဦးစွာ အဆောက်အဦဆိုင်ရာ ရှင်းလင်းပွဲကို ကျင်းပရာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ဆောက်လုပ်မည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အဆောက် အဦသစ်နှင့်ပတ်သက်၍ (အလျား ၃၀၀ ပေ x အနံ ၂၁၅ ပေ) ရှိသည့် ၂ ထပ် အဆောက်အဦ အမျိုး အစားဖြစ်ပြီး တည်ဆောက်ခြင်းလုပ်ငန်းအား ၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့မှစတင်၍ ဆောင်ရွက် လျက်ရှိရာ လုပ်ငန်းများအားလုံးကို ၂၀၂၇ ခုနှစ်၊ ဧပြီလအတွင်း အပြီးသတ်ဆောင်ရွက်နိုင်ရေးကိစ္စ များအား အသေးစိတ် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အခမ်းအနားမှူးက အဖွင့် ပန္နက်တော်တင် မင်္ဂလာအမွှန်းအား ဖတ်ကြားပြီး ဘုရားပင့်၍ အနန္တောအနန္တငါးပါးအား ကန်တော့ခြင်းများ ဆောင်ရွက်ကြပြီးနောက် မင်္ဂလာအချိန် ဖြစ်သော နံနက် (၈) နာရီ (၁၀) မိနစ်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ကော်မတီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများက သတ်မှတ်ထားသည့် မင်္ဂလာဗဟို ပန္နက်တိုင်နှင့် ပန္နက်တော်ရိုက်မည့် နေရာအသီးသီးတွင် နေရာယူကြသည်။
ထို့နောက် ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌက ဗဟိုပန္နက်တိုင်အားလည်းကောင်း၊ ညှိနှိုင်းရေး ကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ မြို့တော်ဝန် ဦးကံမြင့်သန်းနှင့် စစ်ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်တို့က သတ်မှတ်နေရာအသီးသီးရှိ ပန္နက်တိုင်များကိုလည်းကောင်း မင်္ဂလာပန္နက်တော် ၉ ကြိမ် ရိုက်ပေး ကြပြီး မင်္ဂလာပန်းကြဲခြင်း၊ အမွှေးနံ့သာရည်များ ပက်ဖျန်းခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ကြပြီး နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန တည်ဆောက်မည့် နေရာအား လိုက်လံကြည့်ရှုပြီး အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အဆိုပါ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန ၂ ထပ် အဆောက်အဦသစ်အား အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဦးစီးဌာန၏ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ အစီအစဉ်ဖြင့် ကျခံသုံးစွဲခြင်းဖြစ်ပြီး မြေဧက ၈.၅ဧက အကျယ်အဝန်း ရှိကြောင်း၊ အဆောက်အဦ၏ပထမထပ်တွင် ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များနှင့် ရုံးအဖွဲ့များ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC) ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များအတွက် စုစုပေါင်း အခန်း ၄၁ ခန်းနှင့် မြေညီထပ်တွင် ကော်မတီဝင်များ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဦးစီးဌာန ရုံး ဝန်ထမ်းများ၊ အစည်းအဝေးများ ပြုလုပ်နိုင်ရန် အင်အား ၁၈၀ ဦးခန့် ဝင်ဆံ့သည့် ခန်းမတစ်ခန်း၊ ၂၀၀ ဦးခန့် ဝင်ဆံ့သည့် ထမင်းစားခန်း တစ်ခန်း စုစုပေါင်း ၄၂ ခန်း ပါဝင်ကြောင်းနှင့် ငလျင်ဒဏ်ခံ ၂ထပ် အဆောက်အဦဖြစ်ကြောင်း သိရှိရသည်။
