You are currently viewing ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတထံ မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ သံအမတ်ကြီးက သံအမတ်ခန့်အပ်လွှာပေးအပ် (၁၆-၁၂-၂၀၂၅)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတထံ မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ သံအမတ်ကြီးက သံအမတ်ခန့်အပ်လွှာပေးအပ် (၁၆-၁၂-၂၀၂၅)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ  မြန်မာနိုင်ငံဆိုင်ရာ   ဘရူနိုင်းဒါရူဆလမ်နိုင်ငံသံအမတ်ကြီး H.E. Haji Mohamad Sarif Pudin bin Matserudin က ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။

ထို့နောက် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံ့ခေါင်းဆောင်များချစ်ကြည်ရေးခရီးစဉ်များအပြန်အလှန်လည်ပတ်ခဲ့မှုအခြေအနေများ၊ ပညာရေးကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ၊ ခရီးသွားကဏ္ဍနှင့်လေကြောင်းပျံသန်းမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးကိစ္စရပ်များ၊  မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း အာဆီယံပဋိညာဉ်အတိုင်း  လိုက်ပါဆောင်ရွက်လျက်ရှိမှုနှင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးများတွင် ဝင်ရောက်စွက်ဖက်မှုမရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံတွင် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပပြုလုပ်သွားမည့် အခြေအနေများနှင့် နိုင်ငံတကာမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ ဖိတ်ခေါ်ထားရှိမှုအခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင်နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းဒါရူဆလမ်နိုင်ငံသံအမတ် ကြီးတို့သည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ကော်မရှင်အတွင်းရေးမှူးဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့်သံတမန်ရေးရာဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ် ဦးသန်းထွေးတို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။         
မှီငြမ်း။ ပြန်ကြားရေးဝန်ကြီးဌာန