You are currently viewing ဒီမိုကရေစီမှ နန်းစဉ်နိုင်ငံရေးသို့ အင်ဒိုနီးရှားအစိုးရအသစ်နှင့် ရှေ့အလားအလာ

ဒီမိုကရေစီမှ နန်းစဉ်နိုင်ငံရေးသို့ အင်ဒိုနီးရှားအစိုးရအသစ်နှင့် ရှေ့အလားအလာ

နိဒါန်း

အင်ဒိုနီးရှားနိုင်ငံသည် အရှေ့တောင်အာရှတွင် အကြီးဆုံးနှင့် လူဦးရေအများဆုံးနိုင်ငံဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာတို့၏ စပ်ကြားနယ်မြေတွင် တည်ရှိသောကြောင့် အင်ဒို – ပစိဖိတ် ဒေသတွင် မဟာဗျူဟာအရ အချက်အချာကျသောနိုင်ငံလည်းဖြစ်သည်။ ပထဝီအနေအထားအရ ကျွန်းပေါင်း ၁၇,၀၀၀ ဖြင့် ဖွဲ့စည်းထားသော ကျွန်းစုနိုင်ငံဖြစ်ပြီး ဘာသာစကားမျိုးကွဲပေါင်း ၇၁၉ မျိုး ရှိသည့် အင်ဒိုနီးရှားနိုင်ငံသည် တစ်စုတစ်စည်းတည်း နိုင်ငံတစ်ခုအဖြစ်တည်ရှိရန် မည်မျှခက်ခဲမည်ကို မှန်းဆကြည့်နိုင်ပေသည်။ ဘာသာရေးအရလည်း အစ္စလာမ်၊ ခရစ်ယာန်၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာ၊ ကွန်ဖျူးရှပ်စ် စသည်ဖြင့် ယုံကြည်ကိုးကွယ်မှု မျိုးစုံလှသည်။

ထိုသို့ ကွဲပြားမှုများစွာရှိသည့်အကြားမှပင် စုစည်းညီညွတ်မှုရရှိနိုင်ရန် နိုင်ငံကို ၁၉၄၅ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည့် ခေါင်းဆောင်များက အဓိကချမှတ်ဖော်ဆောင်ခဲ့သည့် လုပ်ငန်းကြီးသုံးရပ်ကို ယနေ့ထက်တိုင် လေးလေးစားစား ထိန်းသိမ်းထားကြသည်မှာ အံ့ဩဖွယ်ဟုပင် ဆိုနိုင်သည်။ ယင်းလုပ်ငန်းကြီးသုံးရပ်မှာ နိုင်ငံ၏ ၁၉၄၅ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးလုံးလျားလျား ပယ်ဖျက်ပစ်ခြင်းမရှိဘဲ ပြင်ဆင်ချက်များ ပြုလုပ်၍သာ ယနေ့ထက်တိုင် အသုံးပြုလျက်ရှိခြင်း၊ အင်ဒိုနီးရှားနိုင်ငံအား လူမျိုး၊ ဘာသာ၊ စကား၊ ပထဝီအနေအထား ကွဲပြားမှုများစွာ ရှိသည့်တိုင်အောင် တစ်ပြည်ထောင်နိုင်ငံ (Unitary State) အဖြစ်သာ ထူထောင်ဖွဲ့စည်းထားခြင်းနှင့် သုံးစွဲသောဘာသာ စကားကိုလည်း “ဘဟာဆာ အင်ဒိုနီးရှား” ဟု ခေါ်သော ရုံးသုံးဘာသာစကား တစ်မျိုးတည်းကိုသာ မသုံးစွဲမနေရ ပြဋ္ဌာန်းထားရှိပြီး လူတိုင်းတတ်မြောက်အောင် သင်ကြားထားစေခဲ့သဖြင့် နိုင်ငံသားချင်း ဆက်သွယ်ရာ၌ အခက်အခဲမရှိအောင် စီမံထားခြင်းတို့ ဖြစ်လေသည်။

ထပ်မံ၍ စိတ်ဝင်စားဖွယ်ကောင်းသည့်အချက်မှာ အင်ဒိုနီးရှားနိုင်ငံဖြစ်တည်လာသည့် ၁၉၄၅ ခုနှစ် မှ ယနေ့ကာလတိုင်အောင် နှစ်ပေါင်း ၈၀ နီးပါးရှိပြီဖြစ်သည့်တိုင်အောင် နိုင်ငံခေါင်းဆောင် သမ္မတ ရာထူး တာဝန်ထမ်းဆောင်သူများမှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့က ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည့် သမ္မတ ပရာဘိုဝို ဆူဗျန်တိုအပါအဝင်မှ ၈ ဦးမျှသာ ရှိနေသေးခြင်းဖြစ်၏။

အထက်ပါအချက်များမှာ အင်ဒိုနီးရှားနိုင်ငံရေးခေါင်းဆောင် အဆက်ဆက်၏ နိုင်ငံအုပ်ချုပ်မှု အတတ်ပညာ (Statecraft) နှင့် နိုင်ငံအုပ်ချုပ်ရေးဆိုင်ရာ ဒဿနအမြင်များကို ထင်ဟပ်လျက်ရှိပြီး နိုင်ငံရေးသိပ္ပံအမြင်ရှုထောင့်မှ လေ့လာဖို့ကောင်းလှသောအချက်များပင် ဖြစ်ပေသည်။

အင်ဒိုနီးရှားနိုင်ငံရေးနောက်ခံ

၁၉၄၅ ခုနှစ်တွင် ဒတ်ချ်ကိုလိုနီဘဝမှ ဂျပန်အကူအညီဖြင့် တစ်ဖက်သတ် လွတ်လပ်ရေး ကြေညာကာ နိုင်ငံအဖြစ် စတင်ထူထောင်ခဲ့ချိန်မှစ၍ အင်ဒိုနီးရှားနိုင်ငံသည် နိုင်ငံရေးစနစ်နှင့် လမ်းစဉ်မူဝါဒအပြောင်းအလဲအမျိုးမျိုးအကြားမှ ဖြတ်သန်းလာခဲ့ရသည်။ ထိုသို့ ခေတ်အဆက်ဆက် နိုင်ငံရေး အပြောင်းအလဲများကို ကောင်းစွာသဘောပေါက်နားလည်နိုင်ရန်မှာ အင်ဒိုနီးရှားနိုင်ငံရေး တွင် ခေတ်အလိုက် အရေးပါသောနိုင်ငံရေးအင်အားစုများကို သိရှိထားရန် လိုအပ်ပေလိမ့်မည်။

နိုင်ငံဖြစ်တည်စ ကနဦးကာလတွင် အဓိကအင်အားအကြီးဆုံးအုပ်စုမှာ အင်ဒိုနီးရှားနိုင်ငံ၏ ပထမဆုံးသမ္မတနှင့် ဒုတိယသမ္မတဖြစ်လာကြမည့် ဆူကာနိုနှင့် ဟာတာတို့ ဦးဆောင်သော အမျိုးသားရေးအင်အားစုဖြစ်သည်။ အမျိုးသားရေးအုပ်စုအပြင် အခြားအင်အားကြီးအုပ်စုမှာ ၁၉၄၂ ခုနှစ်မှစ၍ ဝင်ရောက်လာသည့် ဂျပန်တို့အကူအညီဖြင့် အမိမြေကာကွယ်ရေးတပ်မတော်အဖြစ် ထူထောင်ခဲ့သည့် အင်ဒိုနီးရှားတပ်မတော်ဖြစ်သည်။ ယင်းတပ်မတော်သည် ၁၉၄၅ ခုနှစ် ဂျပန်တို့ စစ်ရှုံးဆုတ်ခွာချိန်တွင် ဝင်ရောက်လွှမ်းမိုးရန် ကြိုးစားခဲ့သည့် ဗြိတိသျှနှင့်ဒတ်ချ်တို့ကို တော်လှန် ခဲ့သည့် တပ်ဖွဲ့ဖြစ်ပြီး နောင်တွင် ဆူကာနိုကို ဆက်ခံသည့် သမ္မတဖြစ်လာမည့် ဗိုလ်ချုပ်ကြီး ဆူဟာတိုမှာ ဂျပန်စစ်ကျောင်းဆင်းအရာရှိတစ်ဦးဖြစ်သည်။

ထိုအင်အားစုနှစ်ခုအပြင် အင်ဒိုနီးရှား၌ လူဦးရေ ၏ ၈၀ ရာခိုင်နှုန်းကျော် ကိုးကွယ်ကြသည့် အစ္စလာမ်ဘာသာရေးအင်အားစုကြီးကလည်း နိုင်ငံရေးတွင် အရေးပါသောအုပ်စုတစ်ခုဖြစ်သည်။ ထို့အပြင် ဒုတိယကမ္ဘာစစ်အပြီး၌ အင်အားတောင့်တင်းလာသည့် လက်ဝဲကွန်မြူနစ်အုပ်စုကလည်း ရှိနေပြန်သည်။

အထက်ပါ နိုင်ငံရေးအင်အားစုအားလုံး ကျေနပ်လက်ခံနိုင်သည့် နိုင်ငံရေးစနစ်မျိုးကို ရှာဖွေထုတ်ဖော် ချမှတ်နိုင်ရန်မှာ လွယ်ကူသည့်အလုပ်မဟုတ်ပေ။ ထို့ကြောင့် ဆူကာနိုက အင်ဒိုနီးရှားနိုင်ငံ စတင် ထူထောင်ချိန်တွင် “နိုင်ငံရေးပဉ္စသီလ” (Pantjasila) ဟု ထင်ရှားသော မူငါးချက်ကို ကြေညာခဲ့သည်။ ယင်းပဉ္စသီလငါးချက်မှာ တစ်ဆူတည်းသော ဘုရားသခင်ကို ယုံကြည်ခြင်း၊ တရားမျှတ၍ ယဉ်ကျေးသောလူ့အဖွဲ့အစည်း၊ အင်ဒိုနီးရှား အမျိုးသားစည်းလုံးညီညွတ်မှု၊ ဆွေးနွေးညှိနှိုင်းမှုဖြင့် ဒီမိုကရေစီတည်ဆောက်ခြင်းနှင့် နိုင်ငံသားအားလုံး လူမှုရေးအရ သာတူညီမျှမှုတို့ဖြစ်သည်။

နိုင်ငံရေးအရ ကိုယ်ပိုင်ရပ်တည်မှုစတင်ခဲ့သည့် ၁၉၅၀ ပြည့်လွန်နှစ်များတွင် အင်ဒိုနီးရှားနိုင်ငံ သည် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့သည်။ ထိုကာလမှာ ကမ္ဘာပေါ်၌ အရှေ့အုပ်စုနှင့် အနောက် အုပ်စုအကြား စစ်အေးတိုက်ပွဲ ပြင်းထန်နေခိုက်ဖြစ်၍ အင်ဒိုနီးရှားတွင်လည်း စစ်အေးတိုက်ပွဲ၏ ဂယက်ရိုက်ခတ်မှုကို ခံခဲ့ရပြီး တည်ငြိမ်မှုကင်းမဲ့နေခဲ့သည်။ လက်နက်ကိုင် ဆူပူသောင်းကျန်းမှု များလည်း ပေါ်ပေါက်နေခဲ့ပြီး မြေပေါ်နိုင်ငံရေးပါတီများအကြား၌လည်း စိတ်ဝမ်းကွဲပြားမှုများနှင့် မညီမညွတ်ဖြစ်နေခဲ့ရာ မကြာခဏ အစိုးရအဖွဲ့အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ၁၉၅၉ ခုနှစ်တွင် သမ္မတဆူကာနိုက လမ်းညွှန်ဒီမိုကရေစီ(Guided Democracy)ပုံစံကို ပြန်လည် ကျင့်သုံးခဲ့လေသည်။ လမ်းညွှန်ဒီမိုကရေစီကြောင့် သမ္မတထံတွင် အာဏာပိုမိုရရှိလာသကဲ့သို့ ဆူပူ သောင်းကျန်းမှုများကို နှိမ်နင်းရသဖြင့် စစ်ဘောင်ကျယ်လာကာ အင်ဒိုနီးရှားတပ်မတော်၏ အခန်းကဏ္ဍ မှာလည်း ပို၍အရေးပါလာခဲ့သည်။

တန်ခိုးဩဇာကြီးမားလာသော တပ်မတော်၏ အခန်းကဏ္ဍကို ထိန်းညှိနိုင်ရန် သမ္မတဆူကာနိုသည် ထိုစဉ်က မြေပေါ်၌ တရားဝင်တည်ရှိသော အင်ဒိုနီးရှားကွန်မြူနစ်ပါတီ (PKI) ဘက်သို့ အားပြု လာခဲ့သည်။ (ဆူကာနို၏ နိုင်ငံရေးအမြင်အရ Nasakom ခေါ် မဏ္ဍိုင်ကြီးသုံးရပ်ရှိရာ- အမျိုးသား ရေး၊ ဘာသာတရားနှင့် ကွန်မြူနစ်ဝါဒ- တို့ဖြစ်သည်။) ဆူကာနို၏ လက်ဝဲယိမ်းလာမှုက အနောက်အုပ်စု ခေါင်းဆောင် အမေရိကန်ကို စိုးရိမ်မှုဖြစ်လာစေခဲ့သည်။ အင်ဒိုနီးရှားတပ်မတော်နှင့် အနောက်အုပ်စုတို့ ပိုမိုနီးကပ်သွားခဲ့သည်။

၁၉၆၅ ခုနှစ်တွင် တပ်မတော်အတွင်းရှိ လက်ဝဲလိုလားသူ အရာရှိတစ်စုက အင်ဒိုနီးရှားတပ်မတော်မှ ထိပ်တန်းအရာရှိကြီး ခြောက်ဦးကို ဖမ်းဆီးသတ်ဖြတ်လုပ်ကြံခဲ့ပြီး အာဏာသိမ်းရန် ကြိုးပမ်းခဲ့ သည်။ ယင်းကြိုးပမ်းမှုကို မဟာဗျူဟာအထူးတပ်ဖွဲ့ တပ်မှူးဖြစ်သည့် ဗိုလ်ချုပ်ကြီး ဆူဟာတိုက နှိမ်နင်းခဲ့ပြီး ဆူဟာတို၏ဩဇာကြီးမားလာခဲ့သည်။ ၁၉၆၅-၆၆ ခုနှစ်များအတွင်း ယင်းအာဏာသိမ်း ရန် ကြိုးပမ်းမှုကို အကြောင်းပြု၍ အင်ဒိုနီးရှားကွန်မြူနစ်ပါတီဝင်များနှင့် ပါတီထောက်ခံသူများကို အင်ဒိုနီးရှားတပ်မတော်က ဦးဆောင်၍ နှိမ်နင်းချေမှုန်းခဲ့ရာ လူပေါင်းလေးသိန်းမှ တစ်သန်းအကြား သေဆုံးခဲ့သည်ဟု ဆိုသည်။ ထိုမှနောက်ပိုင်းတွင် အင်ဒိုနီးရှားကွန်မြူနစ်ပါတီမှာ နိုင်ငံရေးမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။ သမ္မတ ဆူကာနိုမှာလည်း ၁၉၆၆ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး ဆူဟာတိုထံ နိုင်ငံတော်အာဏာကို သမ္မတအမိန့်ဒီကရီဖြင့် လွှဲပြောင်းပေးခဲ့ရပြီး ၁၉၆၇ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး ဆူဟာတိုသည် တရားဝင်သမ္မတအဖြစ် ခံယူခဲ့သည်။

ဆူဟာတိုခေတ်နိုင်ငံရေး

ဤတွင် သမ္မတဆူကာနို၏ ခေတ်စနစ်ဟောင်း “Old Order” (ပုံစံဟောင်း) ပြီးဆုံးသွားခဲ့ပြီး သမ္မတ ဆူဟာတို၏ ခေတ်သစ်စနစ်သစ် ပုံစံသစ်“New Order” စတင်ခဲ့လေသည်။ ဆူဟာတို၏ ပုံစံသစ်တွင် အင်ဒိုနီးရှားတပ်မတော်သည် ကာကွယ်ရေးသာမက နိုင်ငံရေးတာဝန်ကိုပါ ဝင်ရောက်ထမ်းဆောင်သည့် (Dwi-Fungsi) လုပ်ငန်းနှစ်ရပ်မူဝါဒကို ကျင့်သုံးခဲ့သည်။ နိုင်ငံရေးတွင် လူထုလူတန်းစားပေါင်းစုံ ပါဝင်သည့် ဂိုလ်ကာ (Golkar) ခေါ် တပ်ပေါင်းစုကို ဖန်တီးခဲ့သည်။ ပါတီစုံစနစ်ဟူသောအသွင်ကို ရယူရန်အတွက် လူနည်းစု ခရစ်ယာန်၊ ဟိန္ဒူနှင့် လူငယ်များပါဝင်သည့် PDI ခေါ် နိုင်ငံရေးပါတီ တစ်ရပ်ကိုလည်း ထူထောင်ပေးခဲ့သည်။ ဆူဟာတိုခေတ် လွှတ်တော်တွင် အတိုက်အခံပါတီဟူ၍မရှိ။ တပ်မတော် (ABRI) ကိုယ်စားလှယ်များက ကိုယ်စားလှယ် ၅၀၀ ရှိသော အောက်လွှတ်တော်တွင် ၇၅ နေရာကို ရယူထားသည်။ အစိုးရအဖွဲ့အတွင်း၌လည်း ဗဟိုမှစ၍ ရပ်ကွက်/ ကျေးရွာ အဆင့်အထိ တပ်မတော်သားများ ပါဝင်နေခဲ့သည်။ ဤသို့ဖြင့် သမ္မတဆူဟာတို၏ လက်ထက်တွင် နိုင်ငံရေး တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့သည်။

ကာကွယ်ရေးနှင့်လုံခြုံရေးအပိုင်းတွင် အနောက်အုပ်စုအကူအညီဖြင့် သောင်းကျန်းမှုနှိမ်နင်းရေးကို ထိရောက်ပြင်းထန်စွာ အင်အားသုံးလုပ်ဆောင်ခဲ့သည်။ စီးပွားရေးအပိုင်းတွင်လည်း အမေရိကန် ဘာကလေတက္ကသိုလ်ဘွဲ့ရ စီးပွားရေးပညာရှင်များ (ဘာကလေအုပ်စု)ကို တာဝန်ပေး၍ ဈေးကွက်စီးပွားရေးစနစ်ကို အထိန်းအကွပ်ဖြင့် အောင်မြင်အောင် ဖော်ဆောင်နိုင်ခဲ့သည်။ ဆူဟာတို လက်ထက်တွင် အင်ဒိုနီးရှားနိုင်ငံသည် ဆင်းရဲတွင်းမှ ရုန်းထွက်နိုင်ခဲ့ပြီး၊ စီးပွားရေးကောင်းမွန်လာ ခဲ့သည်။ (စီးပွားရေးကောင်းမွန်လာမှုနှင့်အတူ အကျင့်ပျက်ခြစားမှုကလည်း ကျယ်ပြန့်လာခဲ့လေသည်။)

သို့ရာတွင် ၁၉၉၀ ပြည့်လွန်နှစ်များ၌ စစ်အေးတိုက်ပွဲပြီးဆုံးသွားခဲ့ပြီးနောက် ဂလိုဘယ်လိုက်ဇေးရှင်းနှင့် အနောက်တိုင်း ယဉ်ကျေးမှုစံနှုန်းတန်ဖိုးများ ထိုးဖောက်စိမ့်ဝင်ပျံ့နှံ့လာခြင်း၊ ၁၉၉၇ ခုနှစ်တွင် ရာသီဥတုဖောက်ပြန်မှုနှင့် အရှေ့တောင်အာရှ စီးပွားပျက်ကပ်တို့ကို တစ်ဆက်တည်း ခံစားခဲ့ရမှုကြောင့် အင်ဒိုနီးရှားနိုင်ငံ အနှံ့အပြား၌ စီးပွားရေးအကျပ်အတည်း ပြင်းထန်စွာခံစားခဲ့ရခြင်းတို့ ပေါင်းစပ်ကာ နိုင်ငံရေးမတည်ငြိမ်မှုများ ပြင်းထန်စွာ ဖြစ်ပေါ်လာခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် သမ္မတ ဆူဟာတို အာဏာ လက်လွှတ်လိုက်ရစေသည်။ Reformasi (ရီဖော်မာစီ) ခေါ် နိုင်ငံရေးပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှု ပေါ်ပေါက်လာခဲ့တော့သည်။

ရီဖော်မာစီ ပြုပြင်ပြောင်းလဲရေး

နှစ်ပေါင်း ၃၀ ကျော် အာဏာရယူထားသည့် သမ္မတဆူဟာတို ခေတ်ကုန်ဆုံးသွားပြီးနောက် တည်ငြိမ်နေခဲ့သည့် အင်ဒိုနီးရှားနိုင်ငံရေးကို ပုံစံသစ်တစ်ခုအဖြစ် ဒီမိုကရေစီသို့ ဦးတည်ပြုပြင် ပြောင်းလဲရာတွင် အောင်မြင်မှုများရှိခဲ့သလို မတည်ငြိမ်မှုများလည်း ပြင်းထန်စွာ ဖြစ်ပေါ်ခဲ့လေသည်။ ထူးခြားသောအောင်မြင်မှုမှာ အင်ဒိုနီးရှားတပ်မတော် (ယခုအခါ TNI အဖြစ် ပြောင်းလဲဖွဲ့စည်းထား) သည် နိုင်ငံရေးကဏ္ဍမှ အေးချမ်းစွာစွန့်လွှတ် ဆုတ်ခွာပေးခဲ့ခြင်းဖြစ်သည်။ အပြန်အလှန်အဖြစ် အင်ဒိုနီးရှား နိုင်ငံရေးခေါင်းဆောင်များကလည်း အင်ဒိုနီးရှားတပ်မတော်ကို အစစအရာရာ လိုလေသေးမရှိအောင် ပံ့ပိုးထောက်ပံ့ပေးခဲ့သည်။

မတည်ငြိမ်မှုများမှာမူ နိုင်ငံရေးအင်အားစုပါတီများအကြား အားပြိုင်မှုပြင်းထန်လာခဲ့ခြင်းကြောင့် ဖြစ်၏။ အဓိကအားဖြင့် အမျိုးသားရေးအင်အားစု၊ အစ္စလမ္မစ်ဘာသာရေးအုပ်စုနှင့် ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးအုပ်စုတို့အကြား အားပြိုင်မှုဖြစ်သည်။

ဂိုလ်ကာပါတီဦးဆောင်သော အမျိုးသားရေးအုပ်စုသည် လူထုအုံကြွမှုကြောင့် အာဏာစွန့်လွှတ် လိုက်ရလင့်ကစား နိုင်ငံအုပ်ချုပ်ရေးအတွေ့အကြုံနှင့် နိုင်ငံအနှံ့ ဖြန့်ကြက်တည်ဆောက်ထားသော ပါတီ၏အင်အားတို့ကြောင့် အားကြီးနေဆဲဖြစ်၏။ သမ္မတဆူဟာတိုက ဂိုလ်ကာကိုအားပြု၍ နိုင်ငံရေးအာဏာကို အဆင်ပြေချောမွေ့စွာ လွှဲပြောင်းနိုင်ရေးအတွက် သူ၏ ဒုတိယသမ္မတဖြစ်သူ ဟာဘီဘီကို ကြားဖြတ်သမ္မတအဖြစ် လက်လွှဲပေးခဲ့သော်လည်း နိုင်ငံရေးလှိုင်းတံပိုးက ပြင်းထန် လှသောကြောင့် ဟာဘီဘီသည် တစ်နှစ်အတွင်းမှာပင် ရာထူးမှ ဆင်းပေးခဲ့ရပြီး ၁၉၉၉ ခုနှစ်တွင် ဘာသာရေးအုပ်စုမှ အဗ္ဗဒူရာမန်ဝါဟစ် (ခေါ်) ဂူစ်ဒူးတက်လာခဲ့သည်။ အသက်အရွယ်ကြီးရင့်ပြီး မျက်စိမမြင်သော ဝါဟစ်သည်လည်း နိုင်ငံကို အုပ်ချုပ်နိုင်စွမ်းမရှိသဖြင့် ၂၀၀၁ ခုနှစ်တွင် သမ္မတဟောင်း ဆူကာနို၏သမီး PDI–P ခေါင်းဆောင် မီဂါဝတီ ဆူကာနိုပူထရီကို လွှဲပြောင်းပေး လိုက်ရပြန်သည်။ မီဂါဝတီ၏ PDI-P မှာ လူထုအုံကြွဆူပူမှုတွင် တက်ကြွစွာပါဝင်ခဲ့ပြီး မီဂါဝတီ ကိုယ်တိုင်မှာလည်း နိုင်ငံဖခင်ကြီး၏ သမီးဖြစ်၍ အများက အထင်ကြီးမျှော်လင့်ခဲ့ကြသော်လည်း မှန်းချက်နှင့် နှမ်းထွက်မကိုက်ခဲ့ပေ။ မီဂါဝတီ၏ လက်ထက်တွင် ဆူမတြားမြောက်ဘက် အာချေး ဒေသမှ ခွဲထွက်ရေး လက်နက်ကိုင်သောင်းကျန်းမှုမှာ အရှိန်ပြင်းထန်လာခဲ့သည်။ အစ္စလမ္မစ် အစွန်းရောက် အကြမ်းဖက်အုပ်စုများက လူ ၂၀၀ ကျော် သေဆုံးသော ဘာလီညကလပ်ဗုံးခွဲမှုအပါအဝင် အကြမ်းဖက်မှုများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြသည်။ စီးပွားရေးမှာလည်း ကျဆင်းနေခဲ့သည့်အပြင် မီဂါဝတီအစိုးရမှာလည်း အကျင့်ပျက်ခြစားမှုများနှင့် နာမည်ပျက်နေသည့်အတွက် ၂၀၀၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် သူ၏ အစိုးရအဖွဲ့အတွင်းမှ လုံခြုံရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်ကြီး ဆူစီလို ဘန်ဘန်း ယူဒိုယိုနိုကို ရှုံးနိမ့်သွားခဲ့ရသည်။

SBY ဟု အတိုကောက်ခေါ်ဝေါ်ကြသည့် သမ္မတယူဒိုယိုနိုသည် အင်ဒိုနီးရှားနိုင်ငံသမိုင်းတွင် ပထမဆုံး လွတ်လပ်စွာယှဉ်ပြိုင်သည့် သမ္မတရွေးကောက်ပွဲ၌ ရွေးကောက်တင်မြှောက်ခံရသည့်သမ္မတဖြစ်သည်။ SBY အနေဖြင့် အာချေးဒေသတွင် ၂၀၀၄ ခုနှစ်၌ ဖြစ်ပွားခဲ့သည့် ဆူနာမီရေဘေးကို အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်သကဲ့သို့ အာချေးငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုလည်း အောင်မြင်စွာ အဆုံးသတ် ပေးနိုင်ခဲ့သည်။ နိုင်ငံစီးပွားရေးကိုလည်း အောင်မြင်စွာ ပြန်လည်ဆွဲတင်ပေးနိုင်ခဲ့ပြီး နိုင်ငံရေး တည်ငြိမ်မှုကိုလည်း ထိန်းသိမ်းပေးနိုင်ခဲ့သည်။ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးကိုလည်း ပိုမို ကောင်းမွန်အောင် တည်ဆောက်ပေးခဲ့သည်။ SBY သည် အင်ဒိုနီးရှားဒီမိုကရေစီခေတ်ဦးတွင် သမ္မတ သက်တမ်း ၅ နှစ် နှစ်ဆက်၊ ၁၀ နှစ်ကြာအောင် တာဝန်ထမ်းဆောင်ခဲ့ရသော ရွေးကောက်ခံ သမ္မတ ဖြစ်ခဲ့သည်။

သမ္မတ ဂျိုကိုဝီ

SBY ၏ သမ္မတ ၁၀ နှစ်သက်တမ်းတွင် နိုင်ငံရေးဇာတ်ဆောင်အသစ်များ စတင်ပေါ်ထွက် လာခဲ့သည်။ SBY ၏အောင်မြင်မှုကို အားကျ၍ အဆင့်မြင့်အရာရှိဟောင်းများ ဖြစ်ကြသည့် ပရာဘိုဝို ဆူဗျန်တို၊ ဗိုလ်ချုပ်ကြီး ဟာတိုနိုစသူတို့သည် ကိုယ်ပိုင်နိုင်ငံရေးပါတီများထောင်ကာ နိုင်ငံရေး နယ်ပယ်သို့ ဝင်ရောက်လာခဲ့ကြသည်။ အလားတူပင် အရပ်သားများထဲမှ ထင်ပေါ်လာသူမှာ ဂျိုကိုဝီဒိုဒို (ဂျိုကိုဝီ) ဖြစ်သည်။ မူလက အောင်မြင်သည့် ပရိဘောဂလုပ်ငန်းပိုင်ရှင်အဖြစ် အသက်မွေးဝမ်းကျောင်းခဲ့သူ ဂျိုကိုဝီသည် ၂၀၀၅ ခုနှစ်တွင် မွေးဇာတိဖြစ်သည့် ဂျာဗားကျွန်းရှိ ဆူရာဘာတာမြို့ကလေး၏ မြို့တော်ဝန်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရပြီး နိုင်ငံရေးနယ်ပယ်သို့ ရောက်ရှိလာခဲ့သည်။ ဂျိုကိုဝီအနေဖြင့် နာမည်ကြီးအဆင့်မြင့် စစ်ဘက်အရာရှိဟောင်းကြီးများကဲ့သို့ နိုင်ငံရေးအသိုက်အဝန်း ကျောထောက်နောက်ခံ များစွာမရှိသည့်အတွက် မီဂါဝတီ၏ PDI-P ပါတီ လက်မှတ်ဖြင့် ဝင်ရောက်အရွေးခံခဲ့ခြင်းဖြစ်သည်။ ဂျိုကိုဝီ၏ ရိုးဖြောင့်၍ ချိုသာစွာပြောဆိုတတ်မှု၊ အောက်ခြေလူတန်းစားများနှင့် လက်ပွန်းတတီး ရင်းနှီးစွာရောနှောဆက်ဆံပြီး အများပြည်သူတို့၏ လိုအပ်ချက်များကို အလေးထားဖြည့်ဆည်းတတ်မှုကြောင့် မြို့နေလူထုက ဂျိုကိုဝီကို များစွာ သဘောကျထောက်ခံခဲ့ကြပြီး ဒုတိယအကြိမ် မြို့တော်ဝန်ရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရခဲ့ ပြန်သည်။ ထို့အပြင် မီဒီယာခေတ်ဖြစ်၍ ဂျိုကိုဝီ၏ ဂုဏ်သတင်းမှာ ပျံ့နှံ့သွားခဲ့ပြီး နိုင်ငံအတွင်း/ အပြင်တို့၌ လူသိများလာသည်။ ကမ္ဘာ့အထူးချွန်ဆုံး မြို့တော်ဝန်စာရင်း၌ တတိယနေရာ ရရှိခဲ့သည်။ PDI-P ပါတီကလည်း ဂျိုကိုဝီကို ထင်ပေါ်၍ စင်တော်ကောက်ခဲ့လေရာ ၂၀၁၂ ခုနှစ် ဂျာကာတာ မြို့တော်ဝန် ရွေးကောက်ပွဲ၌ ပါတီ၏ ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်စေခဲ့သည်။ ဇာတာစန်းလဂ် တက်လာသည့် ဂျိုကိုဝီသည် ဂျာကာတာမြို့တော် ဝန်ရွေးကောက်ပွဲ၌လည်း အနိုင်ရခဲ့ပြန်ရာ အထွတ် အထိပ်သို့ ရောက်ရှိရန် လမ်းပွင့်သွားခဲ့လေတော့သည်။

၂၀၁၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် SBY သည် သမ္မတသက်တမ်းနှစ်ဆက် ပြည့်သွား၍ ဆက်လက်ပါဝင်ယှဉ်ပြိုင်၍ မရတော့ပေ။ သူ၏ ဒီမိုကရေစီပါတီ PD မှာလည်း အကျင့်ပျက်ခြစားမှု အပုပ်နံ့များကြောင့် ပါလီမန်ရွေးကောက်ပွဲ၌ အခြေအနေမကောင်းတော့ဘဲ လူကြိုက်နည်းလာသည်။ သို့ဖြစ်ရာ ၂၀၁၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် အဓိက ပြိုင်ဘက်နှစ်ပါတီအဖြစ် ဂျိုကိုဝီကို သမ္မတလောင်းအဖြစ် ရွေးချယ်ခဲ့သော PDI-P ပါတီနှင့် ပရာဘိုဝို၏ ဂျယ်ရင်ဒရာ (Gerindra) (Great Indonesia Movement) ပါတီတို့သာ ပေါ်ထွက်ခဲ့သည်။ ထိုပြိုင်ပွဲ၌ အကျင့်ပျက်ခြစားမှု သတင်းဆိုး မရှိဘဲ လူချစ်လူခင်များပြားသူ ဂျိုကိုဝီအား ယခင်သမ္မတဟောင်း ဆူဟာတို၏ သမက်ဖြစ်ပြီး တပ်မတော်၌ တာဝန်ထမ်းဆောင်စဉ်က အရှေ့တီမောတွင် ဆန္ဒပြကျောင်းသားများကို ပစ်ခတ်ရန် အမိန့်ပေးခဲ့မှု ကြောင့် နာမည်ပျက်ရှိခဲ့သော ပရာဘိုဝိုက မယှဉ်နိုင်ဘဲ အရေးနိမ့်သွားခဲ့သည်။

ရိုးဂုဏ်တစ်ခုဖြင့် တောနယ်ကျေးလက်မှ သမ္မတအဆင့် တက်ဖြစ်လာသူ ဂျိုကိုဝီအနေဖြင့် ကျယ်ပြန့် ရှုပ်ထွေးလှသော သမ္မတတာဝန်များကို ထမ်းဆောင်ရန်မှာ လိုအပ်ချက်များစွာရှိခဲ့သည်။ ထို့အပြင် လွှတ်တော်အတွင်း၌လည်း ပရာဘိုဝို၏ ဂျယ်ရင်ဒရာပါတီ (တပ်မတော်အင်အားစု)၊ အစဉ်အလာ ရှိခဲ့သော ဂိုလ်ကာ (အုပ်စု) နှင့် PPP (အစ္စလမ္မစ်အုပ်စု) တို့စုပေါင်း၍ သမ္မတဂျိုကိုဝီ၏ အာဏာရ (PDI-P) ပါတီထက်ပို၍ အင်အားတောင့်တင်းနေခြင်းကိုလည်း ရင်ဆိုင်ခဲ့ရသည်။ စင်စစ်၌ PDI-P ပါတီသည်ပင်လျှင် ဂျိုကိုဝီ၏ ကိုယ်ပိုင်ပါတီ မဟုတ်ပေ။ သမ္မတဟောင်း ဆူကာနို၏သမီး မီဂါဝတီ၏ ပါတီဖြစ်သည်။ မီဂါဝတီအနေဖြင့် ဂျိုကိုဝီကို စင်တင်ပေးခဲ့သည့်တိုင်အောင် သူ၏ PDI-P ပါတီကိုမူ ဂျိုကိုဝီလက်ထဲသို့ ထိုးအပ်လိုခြင်းမရှိခဲ့ပေ။ ထို့ကြောင့် ပါတီခေါင်းဆောင် မီဂါဝတီနှင့် သမ္မတ ဂျိုကိုဝီတို့အကြား ဆက်ဆံရေးမှာ များစွာနွေးထွေးခြင်း မရှိခဲ့ပေ။

သို့ဖြစ်ရာ သမ္မတဂျိုကိုဝီအနေဖြင့် သူ၏ လူကြိုက်များမှုနှင့် လူထုထောက်ခံမှုကို အားပြု၍ နိုင်ငံရေး ကွန်ရက်၊ အဆက်အသွယ်၊ ခြေကုပ်များကို ထူထောင်ခဲ့ရသည်။ သူ၏အစိုးရအဖွဲ့အတွင်း အရေး ပါသော ဘဏ္ဍာရေး၊ စီးပွားရေးဆိုင်ရာ နေရာဌာနများတွင် ကျွမ်းကျင်သူ တက္ကနိုခရက်များကို တာဝန်ပေးခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးနေရာတွင် ဝါရင့်သံတမန်တစ်ဦးဖြစ်ပြီး အထူးသဖြင့် အနောက်အုပ်စုနိုင်ငံများနှင့် ရင်းနှီးကျွမ်းဝင်သော ရက်တနိုမာဆူဒီအား ခန့်အပ်ခဲ့သည်။ စစ်ဘက် ကျောထောက်နောက်ခံမရှိခဲ့သော ဂျိုကိုဝီသည် အရပ်ဘက် – စစ်ဘက်ဆက်ဆံရေး ကောင်းမွန် ပြေလည်စေရေးအတွက် ကာကွယ်ရေး၊ လုံခြုံရေးနှင့် သက်ဆိုင်သောကိစ္စရပ်များတွင် စစ်ဘက် အရာရှိကြီးများကိုသာ လွှဲအပ်တာဝန်ပေးခဲ့သည်။ ဂျိုကိုဝီ၏ ပထမအစိုးရသက်တမ်း (၂၀၁၄-၂၀၁၉) ၌ ကာကွယ်ရေးဝန်ကြီးမှာ ယခင်အင်ဒိုနီးရှားတပ်မတော် ကြည်းတပ်ဦးစီးချုပ်ဟောင်း ရီယာမီဇတ် ရီယာကူဒူးဖြစ်ပြီး ဒုတိယအစိုးရသက်တမ်း (၂၀၁၉-၂၀၂၄) တွင် ယင်း၏နိုင်ငံရေး ပြိုင်ဘက်ဖြစ်သူ ပရာဘိုဝို ဆူဗျန်တိုဖြစ်သည်။ ထို့အပြင် အင်ဒိုနီးရှားတပ်မတော်အတွင်း၌ ဩဇာရှိသူ အရာရှိကြီး များ၏ အဆက်အနွယ်များကိုလည်း နေရာပေးမြှောက်စားခဲ့၏။ ဥပမာအားဖြင့် ဂျိုကိုဝီနှင့် စီးပွား ဘက်လည်းဖြစ်ခဲ့သော အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး လူဟွတ်ဘင်ဆာ ပန်ဂျိုင်တန်မှာ ဂျိုကိုဝီ ၏ ဒုတိယသက်တမ်းတွင် ရေကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးဝန်ကြီးအဖြစ် ခန့်ထားခြင်းခံခဲ့ရပြီး လူဟွတ်၏ သမက်တော်စပ်သူမှာ သမ္မတ၏ လုံခြုံရေးတပ်ဖွဲ့ အကြီးအကဲအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ အင်ဒိုနီးရှား အမျိုးသားထောက်လှမ်းရေးအဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး ဟန်ဒရို (ငြိမ်း)၏ သမက်ဖြစ်သူ ဗိုလ်ချုပ်ကြီး အန်ဒီကာ ပါကာဆာမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ခန့်အပ်ခြင်းခံရသည်။

စင်စစ်၌ ဂျိုကိုဝီ၏ ဒုတိယသက်တမ်း ရွေးကောက်ပွဲတွင် အဓိကပြိုင်ဘက်ဖြစ်ခဲ့သော ဗိုလ်ချုပ်ပရာဘိုဝို (ငြိမ်း)ကို ဒုတိယသက်တမ်းကာလတွင် ကာကွယ်ရေးဝန်ကြီး ရာထူးပေးခဲ့ခြင်းမှာ ဂျိုကိုဝီ၏ နိုင်ငံရေး အရင်းအနှီးစုဆောင်းသည့် ရွှေ့ကွက်တစ်ခုဟုဆိုနိုင်သည်။ ပရာဘိုဝိုသည် နန်းစဉ်နိုင်ငံရေးအရ သမ္မတဟောင်းဆူဟာတို၏ သမက်ဖြစ်ခဲ့ပြီး စစ်ဘက်ကျောထောက်နောက်ခံ ရှိသူလည်း ဖြစ်သည်။ ထို့အပြင် အစ္စလမ္မစ်အဖွဲ့ချုပ် (OIC) မှ အဓိက အာရပ်နိုင်ငံများနှင့်လည်း ခင်မင်ရင်းနှီးသူဖြစ်သည်။ လစ်ဘရယ်ဆန်သော ဂျိုကိုဝီနှင့် OIC နိုင်ငံများ၏ဆက်ဆံရေးမှာ ပရာဘိုဝိုလောက် နွေးထွေးမှုမရှိလှပေ။ သို့ဖြစ်၍ ပရာဘိုဝိုကို အိတ်ထဲသို့ ထည့်လိုက်ခြင်းမှာ ဂျိုကိုဝီ အတွက် ကြီးမားသောနိုင်ငံရေးအမြတ်ထွက်မှု ဖြစ်လေသည်။

၂၀၂၄ ရွေးကောက်ပွဲ နိုင်ငံရေး ရွှေ့ကွက်များ

၂၀၁၄ မှ ၂၀၂၄ ခုနှစ်အထိ သမ္မတသက်တမ်း ၁၀ နှစ်ကာလအတွင်း သမ္မတဂျိုကိုဝီမှာ များစွာ အတွေ့အကြုံရင့်ကျက်ပြီး လုံးဝပုံစံပြောင်းလဲသွားခဲ့သည်။ ဂျာဗားကျွန်းမှ ဂျာကာတာမြို့တော်သို့ ရောက်ရှိလာသည့် အစိမ်းသက်သက် တောသားနိုင်ငံရေးသမား မဟုတ်တော့ပေ။ ထိုက်သင့်သည့် အတွေ့အကြုံ၊ ဗဟုသုတ၊ အဆက်အသွယ်ကွန်ရက်နှင့် နိုင်ငံရေးအရင်းအနှီးတို့ စုဆောင်းမိခဲ့ပြီ ဖြစ်သည်။ လူ့အသိုက်အဝန်း ကျဉ်းကျဉ်းကလေး၌ လူကြီးလုပ်ရခြင်းမှာ (A big fish in a small pond) ရေအိုင်သေးသေးကလေးထဲ၌ ငါးရံ့ခေါင်းတိုက ဗိုလ်လုပ်ရသည်နှင့် တူ၏။ လူဦးရေသန်း ၂၈၀ ကျော်ရှိပြီး ကျွန်းပေါင်း ၁၇၀၀၀ ရှိသော နိုင်ငံကြီးကို အုပ်ချုပ်ရခြင်းမှာကား ပင်လယ်အတွင်း၌ ရှင်သန်နိုင်ရန် ကြိုးပမ်းရခြင်းမျိုးဖြစ်လေရာ ငါးရံ့ခေါင်းတို၏ ဗဟုသုတ၊ အမူအကျင့်၊ ခွန်အားမျှနှင့် မလုံလောက်တော့ပေ။ ရောမသို့ရောက်လျှင် ရောမသားတို့ကဲ့သို့ ကျင့်ရမည်ဟု ဆိုရိုးရှိသည်နှင့် အညီ ဂျိုကိုဝီသည်လည်း ဂျာကာတာနိုင်ငံရေးကို ဂျာကာတာသား အင်ဒိုနီးရှားရေပေါ်ဆီ အသိုက် အဝန်းတို့၏ ပုံစံအတိုင်း လိုက်နာကျင့်ကြံရပေတော့သည်။ ဂျိုကိုဝီကို ပုံသွင်းစင်တင်ပေးခဲ့သည့် ဒီမိုကရေစီနှင့် လစ်ဘရယ်စံနှုန်းတန်ဖိုးစသည့် နိုင်ငံရေးကျမ်းစာလာ သဘောတရားတို့သည်၊ လက်တွေ့ဘဝနိုင်ငံရေး (Real politik) ကျားကွက်များအောက်၌ မှေးမှိန်သွားခဲ့လေပြီ။

ဂျိုကိုဝီလည်း အသက်ရခဲ့ပြီ။ ၁၉၆၁ ခုနှစ်ဖွား ဂျိုကိုဝီသည် အသက် ၆၃ နှစ် ရှိခဲ့ပြီဖြစ်ပြီး နောက်ထပ် သမ္မတဆက်လုပ်ရန်လည်း အခွင့်မရှိ တော့ပြီဖြစ်ရာ သူ၏မျိုးဆက်ရင်သွေး နန်းညွန့်များကိုသာ နန်းစဉ်နိုင်ငံရေးအမွေပေးခဲ့ရန် စဉ်းစားရတော့မည်ဖြစ်သည်။ ထိုသို့ နိုင်ငံခေါင်းဆောင် သားသမီးများ ခေါင်းဆောင်ဆက်လုပ်ကြသည်မှာ ဒီမိုကရေစီနိုင်ငံကြီးများအပါအဝင် ကမ္ဘာပေါ်၌ ထူးဆန်းလှသည့် ကိစ္စတော့မဟုတ်ပေ။ အမေရိကန်၌ သမ္မတဘုရှ်သားအဖ၊ အိန္ဒိယ၌ နေရူး၊ အင်ဒီရာဂန္ဒီ၊ ရာဂျစ်ဂန္ဒီနန်းဆက်၊ ပါကစ္စတန်၌ ဘူတိုဖခင်နှင့်သမီး၊ ဘင်္ဂလားဒေ့ရှ်၌ ရှိမူဂျစ်နှင့် ရှိတ်ဟာဆီနာ၊ ဖိလစ်ပိုင်၌ အကွီနို၊ မားကို့စ်၊ အာရိုယို၊ ထိုင်းနိုင်ငံ၌ သက်ဆင်နန်းဆက်၊ ကမ္ဘောဒီးယား၌ ဟွန်ဆန် သားအဖ၊ စသည် စသည်ဖြင့် များပြားလှသည်။

သို့ရာတွင် ဂျိုကိုဝီ၏ ရင်သွေးများအား နိုင်ငံရေးနန်းဆက် အမွေပေးရေးတွင် အဖုအထစ် အခက်အခဲ အချို့ရှိနေခဲ့သည်။ ဂျိုကိုဝီတွင် အရွယ်ရောက်ပြီးဖြစ်သော သားနှစ်ဦးရှိရာ သားအကြီး ဂီဘရန် ရာကာဘူမင်နှင့် သားအငယ် ကေဆန်ပန်ဂါရက်တို့ဖြစ်သည်။ ညီအစ်ကိုနှစ်ယောက်မှာ အသက် ၁၀ နှစ် ခန့်ကွာကြလေရာ သားအကြီးက သမ္မတသက်တမ်း ၁၀ နှစ်ပြည့်ချိန်တွင် သားအငယ်က သမ္မတ အသစ်အဖြစ် ထီးမွေနန်းမွေဆက်ခံရန် အသင့်ဖြစ်နေပေလိမ့်မည်။ ယင်းစိတ်ကူးမှာ သမ္မတ ဂျိုကိုဝီကတော် မဒမ်အီရိယန်နာက စတင်ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း မီဒီယာအချို့က ဆိုကြသည်။

မည်သို့ပင်ဖြစ်စေ သားများအတွက် ပဒေသရာဇ်စနစ်ကဲ့သို့ အဖေနန်းစွန့်သည်နှင့် သားဖြစ်သူ ဥပရာဇာက အကြားအလပ်မရှိ ချက်ချင်းထီးနန်း ဆက်ခံသည့် “အဝိဂတပစ္စယော” ပုံစံတော့လုပ်၍ ရမည်မဟုတ်ပေ။ ဒီမိုကရေစီနိုင်ငံဖြစ်သည့် အားလျော်စွာသားများအတွက် “နိုင်ငံရေးအလုပ်သင်” ကာလတစ်ရပ်ကိုမူ ဖြတ်သန်းပေးရပေလိမ့်မည်။ ယင်းမှာလည်း မဖြစ်နိုင်သည်မဟုတ်။ နောက်ရွေးကောက်ပွဲတွင် အလားအလာရှိသည့် ပြိုင်ဘက်ပါတီမှ သမ္မတလောင်းနှင့် “ဆန်ပေး၍ ဆေးရ” သည့် နိုင်ငံရေးအပေးအယူလုပ်ကာ ယင်းသမ္မတလောင်း၏ တွဲဖက်ဒုတိယသမ္မတလောင်း အဖြစ် ထည့်သွင်းပေးလိုက်ရန်သာဖြစ်၏။ ဤနည်းဖြင့် ပြိုင်ဘက်ပါတီမှ သမ္မတလောင်းလည်း ပါတီနှစ်ခုပေါင်း ထောက်ခံမှုဖြင့် ရှောရှောရှူရှူ သမ္မတဖြစ်၊ သားတော်မောင်လည်း ဒုတိယသမ္မတဖြစ်၊ ဆိတ်နှင့်ခွေး ဇာတ်လမ်းကဲ့သို့ မိမိတို့လိုရာကို လဲလှယ်ရယူနိုင်ကြမည် ဖြစ်လေသည်။ ဖိလစ်ပိုင် နိုင်ငံတွင် ပြိုင်ဘက်ပါတီမှ သမ္မတဟောင်း ဖာဒီနန်မားကို့စ်၏သား မားကို့စ်ဂျူနီယာ (ဘွန်ဘွန်း)နှင့်အတူ အာဏာရပါတီမှ သက်တမ်းကုန်သမ္မတ ဒူတာတေး၏သမီးကို ဒုတိယ သမ္မတလောင်းအဖြစ်တွဲ၍ ရွေးကောက်ခံစေသော သာဓကမှာလည်း လောလောလတ်လတ် ရှိနေလေသည်။

သို့သော် အဓိကအခက်အခဲမှာ ဂျိုကိုဝီ၏ သားတော်မောင်များက ရည်မှန်းထားသည့် နိုင်ငံရေးရာထူး များအတွက် အခြေခံဥပဒေက သတ်မှတ်ထားသည့် အသက်များမပြည့်မီသေးခြင်း ဖြစ်သည်။ သားအကြီးဂီဘရန်ကသမ္မတ/ ဒုတိယသမ္မတလောင်း ရွေးကောက်ပွဲဝင်ရန် အနိမ့်ဆုံးသတ်မှတ်ထားသည့် အသက် ၄၀ နှစ် မပြည့်သေး။ အသက် ၃၇ နှစ်သာ ရှိသေးသည်။ သားအငယ် ကေဆန်ကိုလည်း ဂျာကာတာမြို့တော်ဝန် မျှော်မှန်းထားရာ သူကလည်း သတ်မှတ်ထားသော အသက် ၃၀ မပြည့်သေးပေ။

ယင်းအတွက် “လိုလျှင်ကြံဆ၊ နည်းလမ်းရ” ဆိုသကဲ့သို့ ဥပဒေ၏ ဟာကွက် လစ်ကွက်၊ မျှော့ကြိုးကဲ့သို့ ဆွဲဆန့်ရမည့် အကွက်များကို ရှာကြံရတော့သည်။ သားအကြီး ဂီဘရန်အတွက်မူ ဂျိုကိုဝီ၏ ယောက်ဖ၊ ဂီဘရန်၏ ဦးလေးဖြစ်သူ အခြေခံဥပဒေခုံရုံးဥက္ကဋ္ဌ တရားသူကြီးချုပ် အန်နဝါအူစမန်က၊ သမ္မတ/ဒုတိယသမ္မတလောင်းသည် ယခင်ကရာထူးတစ်ခုအတွက် ရွေးကောက်တင်မြှောက်ခံရဖူးသူ ဖြစ်လျှင် အသက်ကန့်သတ်ချက် ထားရှိရန်မလိုဟူ၍ စီရင်ဆုံးဖြတ်လိုက်သည့်အတွက် အဆင်ပြေ သွားခဲ့သည်။ ဂီဘရန်မှာ ဖခင်ဖြစ်သူ၏ အရိုက်အရာကိုဆက်ခံ၍ ၂၀၂၀ ပြည့်နှစ်တွင် ဆူရာကာတာ မြို့တော်ဝန်အဖြစ် ရွေးကောက်ခံခဲ့ရသောကြောင့်ဖြစ်၏။ တရားရုံးစီရင်ချက်မှာ သမ္မတ/ ဒုတိယ သမ္မတလောင်းများ မှတ်ပုံတင်ရန်သုံးရက်အလိုတွင် ချမှတ်ခဲ့ခြင်းဖြစ်သည်။ ဤစီရင်ချက်မှာ ယခင်က တရားရုံးဆုံးဖြတ်ချက်များကို ချိုးဖောက်၍ မျက်နှာလိုက်သည်ဟုဆိုကာ လူမှုအဖွဲ့ အစည်းနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက တရားရေးကျင့်ဝတ်ကောင်စီကို တိုင်တန်းအရေးဆို ကြသောကြောင့် ဦးလေးဖြစ်သူ အန်နဝါမှာ အခြေခံဥပဒေခုံရုံးဥက္ကဋ္ဌ တရားသူကြီးချုပ် ရာထူးမှ နုတ်ထွက်ပေးခဲ့ရသည်။

သို့ရာတွင် သားငယ်ကေဆန်မှာမူ အစ်ကိုဖြစ်သူကဲ့သို့ ကံမကောင်းခဲ့ပေ။ ပါလီမန်တွင် ဂျိုကိုဝီနှင့် ပရာဘိုဝိုတို့ ဦးစီးသည့်ပါတီများမှ အမတ်များက မြို့တော်ဝန်အဖြစ် အရွေးခံမည့်သူများသည် ရွေးကောက်ပွဲနေ့၌ အသက် ၃၀ မပြည့်သေးလျှင်ပင် ကျမ်းသစ္စာကျိန်ဆိုသည့်နေ့၌ အသက် ၃၀ ပြည့်ပြီးလျှင်ရွေးကောက်ပွဲ ဝင်ခွင့်ပြုနိုင်သည်ဟူသော ဥပဒေကြမ်းကို တင်သွင်းခဲ့ရာ တစ်နိုင်ငံလုံးက မကျေမနပ်ဖြစ်၍ ဆူပူဆန္ဒပြကြသောကြောင့်၊ အခြေခံဥပဒေတရားရုံးကလည်း ယင်းကိစ္စကို ပယ်ချသည့် စီရင်ချက်ချမှတ်ခဲ့သည်။ ထို့ကြောင့်ကေဆန်မှာ ဂျာကာတာမြို့တော်ဝန်ရာထူးနှင့်လွဲခဲ့ ရသည်။ သားကြီးဖြစ်သူဂီဘရန် ဒုတိယသမ္မတဖြစ်ရေးအတွက် ဂျိုကိုဝီသည်သူ၏ နိုင်ငံရေး အခြေကုပ်ဖြစ်သော PDI-P ပါတီ၏ ဥက္ကဋ္ဌ မီဂါဝတီနှင့် အတိုက်အခံပြုကာ ညောင်ညိုပင်စခန်းမှ လမ်းခွဲခဲ့ရသည်။ မီဂါဝတီက သူကြိုးဆွဲနိုင်မည့် လူယုံဖြစ်သော ပါတီဒုတိယဥက္ကဋ္ဌ ဂန်ဂျာကို ပါတီ၏ သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းလိုသော်လည်း ဂျိုကိုဝီက ပြိုင်ဘက်ဟောင်း ပရာဘိုဝိုကို ထောက်ခံခဲ့သည့်အတွက် စိတ်ဝမ်းကွဲခဲ့ရခြင်း ဖြစ်၏။

မည်သို့ပင်ဖြစ်စေ ဂျိုကိုဝီနှင့် ပရာဘိုဝိုတို့၏ စနစ်တကျအကွက်ချထားသော ရွေးကောက်ပွဲ စီမံကိန်း ကြီးကား ကောင်းစွာအောင်မြင်ထမြောက်သွားခဲ့သည်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် အင်ဒိုနီးရှားရွေးကောက်ပွဲကော်မရှင်က သမ္မတလောင်း ပရာဘိုဝိုနှင့် ဒုတိယသမ္မတလောင်း ဂီဘရန် တို့သည် ထောက်ခံမဲ ၅၉ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိသွားကြောင်း ကြေညာခဲ့သည်။ သို့သော်လည်း သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို ခုနစ်လကျော် အချိန်ယူ၍ အောက်တိုဘာလ ၂၀ ရက်နေ့ကျမှ ကျင်းပရန် စီစဉ်ခဲ့သည်။ ထိုကာလအတွင်း သမ္မတဟောင်း ဂျိုကိုဝီကအာဏာကို နောက်ကွယ်မှ ရေရှည်ထိန်းချုပ်နိုင်ရန် ကြိုတင်ပြင်ဆင် ကျားကွက်ရွှေ့နေသကဲ့သို့ သမ္မတအသစ် ဖြစ်လာမည့် ပရာဘိုဝိုကလည်း နိုင်ငံတကာသို့ လှည့်ပတ်သွားလာ၍ ကမ္ဘာ့နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံကာ သူ၏ နိုင်ငံတကာပုံရိပ်ကို မြှင့်တင်ရန် ကြိုးစားနေခဲ့သည်။ ပရာဘိုဝိုတွေ့ဆုံခဲ့သော ခေါင်းဆောင် များတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ရုရှားသမ္မတ ပူတင်တို့အပါအဝင် ဥရောပနှင့် အာရှမှ နိုင်ငံပေါင်း ၂၀ ကျော် ပါဝင်သည်။ ပရာဘိုဝိုအနေဖြင့် သူ့အရင် သမ္မတဂျိုကိုဝီကဲ့သို့နိုင်ငံခြား ဆက်ဆံရေး ကိစ္စများကို နိုင်ငံခြားရေးဝန်ကြီးဖြင့်သာ လွှဲအပ်တာဝန်ပေးထားမည့်ပုံမရှိဘဲ သူကိုယ်တိုင် ကိုင်တွယ် မည့်ပုံရှိသည်ဟု လေ့လာသူများက မှန်းဆခဲ့ကြသည်။

ပရာဘိုဝို၏ အစိုးရအဖွဲ့အသစ်နှင့် ရှေ့အလားအလာ

ပရာဘိုဝို၏ အစိုးရအဖွဲ့အသစ်သည် ၂၁-၁၀-၂၀၂၄ ရက်နေ့တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ရာ ဝန်ကြီး ၄၈ ဦး၊ ဝန်ကြီးအဆင့် အဖွဲ့အစည်းအကြီးအကဲ ငါးဦးပါဝင်သည်။ ဒုတိယဝန်ကြီးများနှင့် အဆင့်တူများပါ ပေါင်းပါက ၁၀၉ ဦးပါဝင်ပြီး ၁၉၆၆ ခုနှစ်က သမ္မတဆူကာနို၏ ဝန်ကြီးအဖွဲ့ ၁၃၂ ဦး ပြီးလျှင်၊ အင်ဒိုနီးရှားတွင် အင်အားအများဆုံး အစိုးရအဖွဲ့ဖြစ်သည်ဟု ဆိုသည်။

ပရာဘိုဝိုက သူ၏အစိုးရအဖွဲ့သည် အင်အားတောင့်တင်းသော အစိုးရဖြစ်စေရန် ရည်ရွယ်ဖွဲ့စည်း ထားသည်ဟု ပြောကြားခဲ့ပြီး အင်ဒိုနီးရှား တစ်နိုင်ငံလုံးကို ကိုယ်စားပြုသည့် အနီနှင့်အဖြူ (အင်ဒိုနီးရှားအလံ) အစိုးရဖြစ်သည်ဟုဆိုသည်။ ပရာဘိုဝို ပြောကြားသည့်အတိုင်းပင် သူ၏ အစိုးရအဖွဲ့မှာ ဖက်စပ်ညွန့်ပေါင်းအစိုးရပုံစံ ဖြစ်သည်ကို တွေ့ရသည်။ အစိုးရအဖွဲ့အတွင်း၌ အမာခံ အင်အားစု သုံးဖွဲ့ရှိရာ ဂျိုကိုဝီ၏ အတွင်းလူများ၊ ပရာဘိုဝို၏ အတွင်းလူများနှင့် ဂျိုကိုဝီလက်ထက်က ခန့်အပ်တာဝန်ပေးခဲ့သော ကျွမ်းကျင်သူများ၊ လုပ်ငန်းရှင်များဖြစ်သည်။ ထို့ပြင် မိတ်ဖက်ပါတီများမှ ခေါင်းဆောင်များကိုလည်း ဒုတိယဝန်ကြီးချုပ် အဆင့်သဘောမျိုးဖြစ်သည့် ပေါင်းစပ်ညှိနှိုင်းရေး ဝန်ကြီးများအဖြစ် ခန့်ထားသည်ကို တွေ့ရသည်။ ဥပမာအားဖြင့် သမ္မတဟောင်း ယူဒိုယိုဒို (SBY) ၏ ဒီမိုကရက်ပါတီ (PD)မှ ပါတီခေါင်းဆောင် (SBY ၏ သား) အာဂုစ်ဟာရီ မူရ်တီ ယူနိုယိုဒို (AHY)အား အခြေခံအဆောက်အအုံနှင့် ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးဝန်ကြီးအဖြစ် လည်းကောင်း၊ ဂိုလ်ကာပါတီခေါင်းဆောင် ဟာတာတိုအား စီးပွားရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ဝန်ကြီးအဖြစ်လည်းကောင်း၊ အစ္စလမ္မစ်ဝါဒီ National Awakering Party ခေါင်းဆောင် မူဟိုင်းမင်းအစ္စကန်ဒါအား လူမှုအသိုက်အဝန်းအားမြှင့်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးဝန်ကြီးအဖြစ် လည်းကောင်း ခန့်အပ်ခဲ့သည်။ ဂျိုကိုဝီ၏ စီးပွားဖက်ဖြစ်သူ လူဟွတ်မှာ အမျိုးသားစီးပွားရေးကောင်စီ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်းခံရသည်။ ပရာဘိုဝို၏ လူယုံဖြစ်သည့် ဆူဂျီယိုနိုမှာ နိုင်ငံခြားရေးဝန်ကြီး အဖြစ်ခန့်အပ်ခြင်းခံရသည်။ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ ဝန်ကြီးဌာနများမှာမူ ဂျိုကိုဝီ လက်ထက်က လူဟောင်းများ ဆက်လက်ပါဝင်လာကြသည်ကို တွေ့ရသည်။ ဤနည်းအားဖြင့် ပရာဘိုဝို၏ အစိုးရအဖွဲ့သစ်မှာ အားလုံးကျေနပ်အောင် အားလုံးပါဝင်နေရာရကြသည့် အင်အား ကြီးမားသော အစိုးရအဖွဲ့တစ်ခုဖြစ်လာခဲ့သည်ကို တွေ့ရလေသည်။

ပရာဘိုဝို ရှေ့ဆက်သွားမည့် မူဝါဒနှင့်ပတ်သက်၍ ပြည်တွင်းနိုင်ငံရေးတွင် အများကြိုက် မူဝါဒ များဖြင့် လူထုထောက်ခံမှုကို ဆက်လက်ဆွဲဆောင် ထိန်းသိမ်းသွားရန် ရည်ရွယ်ထားဟန်ရှိသည်။ ဒေါ်လာ ဘီလီယံ ၃၀ ခန့်ကုန်ကျမည့် “ငါးနှစ်အောက် ကလေးများ၊ ကိုယ်ဝန်ဆောင်များနှင့် စာသင်ကျောင်း များ၌ အခမဲ့နေ့လယ်စာကျွေးရေး” အစီအစဉ်မှာ ထင်ရှားသောသာဓကဖြစ်၏။ ယင်းပမာဏမှာ အင်ဒိုနီးရှားအစိုးရ၏ ၂၀၂၄ ခုနှစ် ဘတ်ဂျက် တစ်ခုလုံး၏ ၁၄ ရာခိုင်နှုန်းခန့် ရှိသည်ဟုဆိုသည်။ စာသင်ကျောင်း အခမဲ့ နေ့လယ်စာ၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှု၊ စားရေရိက္ခာဖူလုံရေး၊ အခြေခံပညာသင်ကျောင်းများ အဆင့်မြှင့်တင်ရေး၊ လူမှုဖူလုံရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ပညာရေးဆရာ ဆရာမများ၊ အစိုးရဝန်ထမ်းများ၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ လစာတိုးမြှင့်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ အိုးအိမ်အခြေခံ အဆောက်အအုံနှင့် တိုက်ရိုက်ငွေကြေးထောက်ပံ့မှု၊ အခွန်အကောက်များ တိုးတက်ရရှိရေးစသည့် ကာလတိုအစီအစဉ်ရှစ်ရပ်နှင့် ရေရှည်ဦးစားပေး အစီအစဉ် ၁၇ မျိုးကိုလည်း ပရာဘိုဝိုအစိုးရက ချမှတ်ထားသည်။

စီးပွားရေးအပိုင်းတွင် လက်ရှိစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း ငါးရာခိုင်နှုန်းခန့်မှ ပရာဘိုဝို၏ ပထမ အစိုးရသက်တမ်းအဆုံး လာမည့်ငါးနှစ်တွင် ရှစ်ရာခိုင်နှုန်းအထိ တိုးတက်ရန် မျှော်မှန်းထားသည်။ နှစ်စဉ် ဒေါ်လာဘီလီယံ ၂၀ ဖိုးခန့်ဒီဇယ်လောင်စာဆီ တင်သွင်းနေရမှုကိုလျှော့ချရန် ပြည်တွင်းထွက် စားအုန်းဆီမှ ဇီဝလောင်စာဆီ တိုးမြှင့်ထုတ်လုပ်ရန်၊ ဟွန်ဒိုင်း၊ LG စသော ကုမ္ပဏီ များနှင့်ပူးပေါင်း၍ ပြည်တွင်း၌ လျှပ်စစ်ကား ဘက်ထရီထုတ်လုပ်ရန်၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်၍ ပြည်တွင်း ဈေးကွက်၌ လိုအပ်သော ကုန်ပစ္စည်းများကို ပြည်တွင်း၌ ထုတ်လုပ်သွားရန် စသည့်အချက်များ ပါဝင်သည်။

ကာကွယ်ရေးအပိုင်းတွင် အင်ဒိုနီးရှားတပ်မတော်၏ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ရန် ရည်မှန်းထားသော်လည်း နိုင်ငံခြားရေးမူဝါဒတွင် လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပြီး နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံသွားမည်ဟုဆိုသဖြင့် မည်သည့်စစ်ရေး အုပ်စုဖွဲ့ မဟာမိတ်ပြုမှုများတွင်မျှ ပါဝင်ခြင်းမပြုဘဲ မဟာဗျူဟာ ချိန်ခွင်လျှာညီမျှစေရန် လိမ္မာ ပါးနပ်စွာ ထိန်းညှိသွားမည်ဟု မှန်းဆရပေသည်။ သို့ရာတွင် ကမ္ဘာပေါ်၌ မွတ်စလင်ဦးရေ အများဆုံး နိုင်ငံကြီး ဖြစ်သည့်အားလျော်စွာ အစ္စလမ္မစ်အဖွဲ့ချုပ်အတွင်း ဦးဆောင်နေရာတစ်ခုရရှိရေး ကြိုးပမ်း သွားဖွယ်ရှိပြီး ပါလက်စတိုင်းအရေးတွင် ဘာသာတူ ပါလက်စတိုင်းဘက်မှရပ်တည်ကာ ပြဿနာကို နိုင်ငံရေးနည်းအရ ငြိမ်းချမ်းစွာ ဖြေရှင်းရန် ပါဝင်ကြိုးပမ်းသွားမည်ဟု ယူဆရသည်။ အာဆီယံအဖွဲ့ အတွင်း၌ အင်အားအကြီးဆုံး နိုင်ငံဖြစ်သည့်အတိုင်း ဦးဆောင်နေရာကို ဆက်လက်ထိန်းသိမ်း သွားမည့် သဘောရှိသော်လည်း အနောက်လိုလားသည့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ရက်တနို၏ ဖိအားပေး လှုပ်ရှားမှုပုံစံမျိုး ဆက်လက်ကျင့်သုံးဖွယ်မရှိဟု မှန်းဆရပေသည်။

အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့အဆင့် အင်အားကြီးနိုင်ငံတစ်ခုဖြစ်လာ

ပရာဘိုဝိုအစိုးရလက်ထက် အင်ဒိုနီးရှားနိုင်ငံ၏ ရှေ့အလားအလာကို သုံးသပ်ရမည်ဆိုပါက အင်ဒိုနီးရှားနိုင်ငံ၏ ကြီးမားကျယ်ပြန့်သော နယ်မြေပမာဏ၊ ကြီးမားသော လူဦးရေ၊ အရှေ့တောင်အာရှ ဒေသတွင်အကြီးမားဆုံးစီးပွားရေးပမာဏနှင့် မဟာဗျူဟာအချက်အချာကျသော တည်နေရာတို့ကြောင့် ကမ္ဘာက အာရုံစိုက်အလေးထားနေရသည့် နိုင်ငံကြီးတစ်ခုအဖြစ် ဆက်လက်တည်ရှိ နေမည်ဖြစ်သည်။ ယခင်အစိုးရနှစ်ဆက် (SBY နှင့် ဂျိုကိုဝီ)  လက်ထက် နိုင်ငံရေးတည်ငြိမ်မှုနှင့် စီးပွားရေးတိုးတက်မှု တို့ကြောင့် ယေဘုယျအားဖြင့် အလားအလာကောင်းလျက်ရှိပြီး ယင်းတိုးတက်မှု ဒီရေမြင့်သည်နှင့် အတူအောင်မြင်စွာ လိုက်ပါဆောင်ရွက်နိုင်ပါက အင်ဒိုနီးရှားနိုင်ငံသည် အာရှ-ပစိဖိတ်ဒေသတွင် ကမ္ဘာ့အဆင့် အင်အားကြီးနိုင်ငံ တစ်ခုဖြစ်လာနိုင်ပေသည်။

သို့ရာတွင် လက်ရှိဖြစ်ပေါ်နေသော ပြည်တွင်းနှင့် နိုင်ငံတကာအနေအထားများအရ အင်ဒိုနီးရှား အတွက်သတိထားရမည့် အန္တရာယ်များလည်း ရှိနေပေသည်။ နိုင်ငံတကာတွင် ကမ္ဘာ့မဟာဗျူဟာ အားပြိုင်ပွဲက ပြင်းထန်တင်းမာလာလျက်ရှိရာ မဟာဗျူဟာအရ အရေးပါသော အင်ဒိုနီးရှားကို နှစ်ဖက်စလုံးက သူ့ဘက်ကိုယ့်ဘက်ပါအောင် လွန်ဆွဲကြမည့် အလားအလာရှိနေသည်။ အထူးသဖြင့် “ငါနှင့်မတူ ငါ့ရန်သူ” ဟု ရှုမြင်တတ်လေ့ရှိသော မဟာအင်အားကြီးအုပ်စုက မျက်မာန်ရှခြင်း မခံရရေးနှင့် စီးပွားရေးအရ ပစ်ပယ်မရနိုင်သော အနီးကပ်အင်အားကြီးနှင့်လည်း သင့်မြတ်စွာ ဆက်ဆံနိုင်ရေးမှာ “နိုင်ငံခြားရေးသမ္မတ” ဟု ကင်ပွန်းတပ်ခံရဖွယ်ရှိသည့် ပရာဘိုဝိုအတွက် အရေးပါသော အရည်အချင်းစစ် စာမေးပွဲတစ်ရပ် ဖြစ်ပေလိမ့်မည်။

သမ္မတသစ် ပရာဘိုဝိုအနေဖြင့် ပြည်တွင်းရေးကို ကိုင်တွယ်နိုင်မည်ဆိုသည်ကို စောင့်ကြည့် ရမည့်သဘောရှိ

ပြည်တွင်းနိုင်ငံရေး၌မူ ဂျိုကိုဝီ၏ အားပေးထောက်ခံမှုဖြင့် သက်သောင့်သက်သာ သမ္မတဖြစ်ခဲ့ရပြီး ဂျိုကိုဝီ၏ ဝန်ကြီးဟောင်းများနှင့် မူဝါဒဟောင်းများကို ဆက်ခံထားကာ ဂျိုကိုဝီ၏သားကို ဒုတိယ သမ္မတအဖြစ် ထွေးပိုက်ထားရသော သမ္မတသစ်ပရာဘိုဝိုအနေဖြင့် မည်ရွေ့မည်မျှ ကိုယ်ပိုင်ပြဋ္ဌာန်း ဆုံးဖြတ်ချက်ဖြင့် ပြည်တွင်းရေးကို ကိုင်တွယ်နိုင်မည်ဆိုသည်ကို စောင့်ကြည့်ရမည့် သဘောရှိပါ၏။ ဂျိုကိုဝီသာမက အခြားသော ပါတီအကြီးအကဲများစွာလည်း အနီနှင့်အဖြူ အစိုးရအဖွဲ့အတွင်း ပါဝင်လျက်ရှိကြရာ အင်ဒိုနီးရှားနိုင်ငံရေး ထုံးစံဓလေ့အရ (Consultation and Consensus) ညှိနှိုင်း ပေါင်းစပ်၍ အားလုံးသဘောတူမှု ရရှိရေးမှာများစွာ ခက်ခဲဖွယ်ရှိပါသည်။

ထို့ပြင် အင်ဒိုနီးရှား နိုင်ငံရေးအသိုက်အဝန်း၌ အမြစ်စွဲဖြစ်တည်နေကြသော နိုင်ငံခေါင်းဆောင်ဟောင်း များ၏ သားမြေးမိသားစုတို့က နန်းစဉ် နန်းဆက်နိုင်ငံရေး အမွေခံရန် နေရာယူထားမှု (ဥပမာ၊ SBY ၏ သား ပေါင်းစပ်ညှိနှိုင်းရေးဝန်ကြီး AHY၊ မီဂါဝတီ၏သမီး အောက်လွှတ်တော်ဥက္ကဋ္ဌ ပူအန်မဟာရာနီ)နှင့် နေရာယူရန် ကြိုးစားနေသည့် ဂျိုကိုဝီ၏ သားများအကြား နိုင်ငံရေးနန်းလုပွဲ ဖြစ်လာနိုင်သည့် အလားအလာနှင့် ထိုနိုင်ငံရေးမျိုးဆက်သစ်များအကြား စီးပွားရေးလောကသားများနှင့် ထွေးရော ယှက်တင်ကာ အကျင့်ပျက်ခြစားမှုနှင့် အဂတိလိုက်စားမှုတို့ ကြီးထွားလာသည့် ပြဿနာ တို့မှာလည်း နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဟန့်တားနှောင့်ယှက်လာနိုင်ဖွယ် ရှိပါကြောင်း သုံးသပ်တင်ပြအပ် ပါသည်။   ။

မှီငြမ်း။ ၂၇-၁၀-၂၀၂၄ ရက်၊ ပြန်ကြားရေးဝန်ကြီးဌာန၏ Website တွင် လွှင့်တင်ဖော်ပြခဲ့သည့်  ဆောင်းပါးရှင် ဆရာ ဦးကိုကိုလှိုင် ရေးသားသော “ ဒီမိုကရေစီမှ နန်းစဉ်နိုင်ငံရေးသို့ အင်ဒိုနီးရှားအစိုးရ အသစ်နှင့် ရှေ့အလားအလာ”ဆောင်းပါး။

Leave a Reply