You are currently viewing NSPNC ၊ NCA-S EAO ၇ဖွဲ့နှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

NSPNC ၊ NCA-S EAO ၇ဖွဲ့နှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

       အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ၂၈-၃-၂၀၂၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။

       တွေ့ဆုံဆွေးနွေးပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဦးခွန်ဥက္ကာ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ ဥက္ကဋ္ဌ စောမြရာဇာလင်း၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)မှ ဒုတိယဥက္ကဋ္ဌ ကျာဖူး၊ ဒီမိုကရေစီအကျိုးပြုကရင် တပ်မတော်(DKBA)မှ စောကျော်သန်းဌေး၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် စောမောင်မောင်၊ မွန်ပြည်သစ်ပါတီ(NMSP)မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်အောင်မငေး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)မှ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် စဝ်ဆောင်းဟန် တို့ပါဝင်သည့်  ကိုယ်စားလှယ်များတက်ရောက်ကြသည်။

      တွေ့ဆုံဆွေးနွေးပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က အဖွင့်အမှာစကား ပြောကြားရာတွင် (၇၉) နှစ်မြောက်တပ်မတော်နေ့အခမ်းအနား၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် မိန့်ကြားခဲ့သည့် NCA နှင့် စပ်လျဉ်းသည့် ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းစဉ်များအား ထပ်ဆင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခများ ရပ်တန့်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ တပ်မတော်၏ ငြိမ်းချမ်းရေးဆိုင်ရာမူဝါဒ ၆ ရပ်နှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။

       ယင်းနောက် တက်ရောက်လာကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကိုယ်စား ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဥက္ကဋ္ဌ စောမြရာဇာလင်းက နှုတ်ခွန်းဆက်စကား ပြောကြား ရာတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ စဉ်ဆက်မပြတ်ဖြစ်ပေါ်လာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသော ပြည်ထောင်စု တည်ဆောက်နိုင်ရေးကိစ္စများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အား ပြင်ဆင်ဖွဲ့စည်းခြင်းကိစ္စများနှင့်ပတ်သက်ပြီး ဆွေးနွေးပြောကြားပါ သည်။

       ထို့နောက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိစ္စများနှင့်ပတ်သက်၍ လည်းကောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် INGO အဖွဲ့တို့အကြား အကောင်အထည် ဖော်ဆောင်ရွက်မည့် “မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်အတွက် လိုအပ်သော အကူအညီများ ပေးအပ်နိုင်ရေးစီမံကိန်း” လျာထားဆောင်ရွက် နိုင်မည့် အခြေအနေများကို လည်းကောင်း အပြန်အလှန် ဆွေးနွေးညှိနှိုင်းကြသည်။

       ယင်းနောက် တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စား ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP) ဥက္ကဋ္ဌ စောမြရာဇာလင်း နှင့် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့က နိဂုံးချုပ် အမှာစကားများ ပြောကြားခဲ့ပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ တွေ့ဆုံဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

       ဆက်လက်၍ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲအား ၂၈-၃-၂၀၂၄ ရက် မွန်းလွဲပိုင်းတွင် ကျင်းပရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေး ပါတီ ၄၃ ပါတီမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

      ထိုသို့တွေ့ဆုံရာတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ် ဆွေးနွေးခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ခုနှစ်) မှ ပြင်ဆင်ရန်သင့်သည်ဟု သုံးသပ်ယူဆရ သည့် ပြဋ္ဌာန်းချက်များ အပေါ် နိုင်ငံရေးပါတီများ၏ သဘောထားများ ဆွေးနွေးရန်ကိစ္စ၊ ညှိနှိုင်းရေးကော်မတီနှင့် ဆက်လက်တွေ့ဆုံဆွေးနွေးမည့် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် အလုပ်အဖွဲ့တို့ ဖွဲ့စည်းနိုင်ရေး ကိစ္စများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ 

    ထို့နောက် ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)မှ ပြင်ဆင်ရန်သင့်သည့် အချက်များနှင့် ပတ်သက်၍လည်းကောင်း၊ ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ညှိနှိုင်းရေး ကော်မတီ၏ Vision နှင့် Mission များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှု အခြေအနေများနှင့် NCA ၏ မဟာဗျူဟာ ၃ ရပ်နှင့်အညီ ဆောင်ရွက်မှု အခြေ အနေများအား လည်းကောင်း အသီးသီး ရှင်းလင်းပြောကြားခဲ့သည်။

     ဆက်လက်၍ ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်မှ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး တက်ရောက်လာကြသူများက မိမိတို့၏ သဘောထားအမြင်များ၊ အကြံပြုချက်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။ ၎င်းနောက် တက်ရောက်လာသည့် နိုင်ငံရေးပါတီများကိုယ်စား ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးအေးလွင်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က နိဂုံးချုပ် ဆွေးနွေးပြောကြား ခဲ့ကြောင်း သတင်းရရှိပါသည်။