” နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံအတွင်း နေထိုင်ကြသူအားလုံးက မိမိတို့ကျရာအခန်းကဏ္ဍမှ ဆောင်ရွက်နေမည်ဆိုပါက တစ်ဦးချင်းချမ်းသာကြွယ်ဝပြီး နိုင်ငံ့စီးပွားကောင်းမွန်လာမည် “
ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၄) ကို ၂-၂-၂၀၂၄ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ပြင်ဆင်ဖွဲ့စည်းခဲ့သည့် အစိုးရအဖွဲ့အနေဖြင့် ပထမဆုံးအကြိမ်ပြုလုပ်သည့် အစည်းအဝေးဖြစ်ကြောင်း၊ အစိုးရအဖွဲ့အသစ်အနေဖြင့် စိတ်ဓာတ်အသစ်၊ ခွန်အားအသစ်များဖြင့် တာဝန်ထမ်းဆောင်ကြစေလိုကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ယခင်တာဝန်ထမ်းဆောင်ခဲ့သည့်ကာလများအတွင်း အပြောင်းအလဲအချို့ရှိခဲ့သော်လည်း ချမှတ်ထားသည့် မူဝါဒများပြောင်းလဲမှုမရှိဘဲဆောင်ရွက်ခဲ့ရာ အခက်အခဲအကျပ်အတည်းများကြားမှ အတိုင်းအတာတစ်ခုအထိ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သဖြင့် မှတ်တမ်းတင်ပါကြောင်း၊ ယခင်ဆောင်ရွက်ခဲ့သည့် ရှိပြီးသားအခြေခံကောင်းများကို အသုံးချ၍ လာမည့်ကာလများအတွင်း မိမိတို့၏ မျှော်မှန်းချက်များ ယခုထက်ပိုမိုတိုးတက်အောင်မြင်စေရေး ထိထိရောက်ရောက်ဆောင်ရွက်နိုင်စေရန် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။
မိမိတို့အနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံရေး၊ စီးပွားရေးနှင့်လူမှုရေးကဏ္ဍတို့၌ တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုရှိအောင် အခြေခံအားဖြင့် ဆောင်ရွက်ရန်တာဝန်ရှိကြောင်း၊ ဒီမိုကရေစီနိုင်ငံတစ်ခုတွင် စီးပွားရေး၊ လူမှုရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်စေရန် ပြည်သူတစ်ဦးချင်းစီ၏ ကြိုးပမ်းမှုအပေါ်တွင် မူတည်သော်လည်း ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် အစိုးရအဖွဲ့မှ ဖန်တီးပုံဖော် ဦးဆောင်ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီအစိုးရများတွင် အစိုးရများ၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း။
မိမိတို့သည် နိုင်ငံရေးအစိုးရမဟုတ်သော်လည်း နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ချိန်တွင် နိုင်ငံ့စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံရေးအရ အားနည်းချက်များရှိခဲ့ခြင်းကြောင့် နိုင်ငံ၏အခြေအနေကို ဝင်ရောက်ထိန်းသိမ်း ဆောင်ရွက်ပေးနေရခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးအားနည်းချက်မှာ မသမာမှုရှိသည့် မဲရလဒ်များဖြင့် နိုင်ငံတော်အာဏာကို ဖြတ်လမ်းနည်းဖြင့် ရယူနိုင်ရေးဆောင်ရွက်ခဲ့ပြီး မရိုးသားသည့်နည်းဖြင့် ဒီမိုကရေစီကိုပုံဖော်ခဲ့သည့်ကိစ္စဖြစ်ကြောင်း၊ သန့်ရှင်းသည့် နိုင်ငံရေး၊ စစ်မှန်သည့် ပါတီစုံဒီမိုကရေစီစနစ်၊ စစ်မှန်သည့်ဒီမိုကရေစီနှင့် ဖက်ဒရယ်အုပ်ချုပ်ရေး စနစ်ရှိသည့် ပြည်ထောင်စုတစ်ရပ်ဖြစ်စေရေး မိမိတို့အနေဖြင့် လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကမောင်းနှင်အားများ အားကောင်းရန်လိုအပ်
နိုင်ငံတစ်ခုတိုးတက်စေရန်အတွက် မောင်းနှင်အားများဖြစ်သည့် နိုင်ငံရေးအား၊ စီးပွားရေးအားနှင့် ကာကွယ်ရေးအားများကောင်းမွန်နေရန်လိုကြောင်း၊ နိုင်ငံရေးအားကောင်းမွန်ရန်အတွက် မှန်မှန်ကန်ကန် ဦးဆောင်နိုင်သူများက မှန်ကန်သည့် နိုင်ငံရေးလမ်းကြောင်းပေါ်တွင် စနစ်တကျမှန်ကန်စွာဖြင့် ဦးဆောင်နိုင်မည်ဆိုပါက တည်ငြိမ်အေးချမ်းပြီး နိုင်ငံစည်းလုံးညီညွတ်နေမည်ဖြစ်ကြောင်း၊ စီးပွားရေးအရ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံအတွင်း နေထိုင်ကြသူအားလုံးက မိမိတို့ကျရာအခန်းကဏ္ဍမှ ဆောင်ရွက်နေမည်ဆိုပါက တစ်ဦးချင်းချမ်းသာကြွယ်ဝပြီး နိုင်ငံ့စီးပွားကောင်းမွန်လာမည်ဖြစ်ကြောင်း၊ အူမတောင့်မှ သီလစောင့်မည်ဆိုသည့်အတိုင်း စီးပွားရေးအားကောင်းမွန်မှသာ နိုင်ငံ၏ကာကွယ်ရေးအားသည်လည်း ကောင်းမွန်မည်ဖြစ်ကြောင်း။
ထိရောက်သည့် ကာကွယ်ရေးစွမ်းပကားနှင့် တရားဥပဒေစိုးမိုးရေးယန္တရား တည်ဆောက်ရန်လိုအပ်
ကာကွယ်ရေးစွမ်းပကား ကောင်းမွန်စေရန်အတွက် လိုအပ်ချက်များကို ငွေကြေးများအသုံးပြု၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်အတွင်လည်း နိုင်ငံတော်ကာကွယ်ရေးအတွက် တပ်မတော်သားများက တာဝန်ထမ်းဆောင်လျက်ရှိပြီး တွဲဖက်အင်အားအဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ထမ်းဆောင်လျက်ရှိပြီး အားလုံးက စွန့်စွန့်စားစားဖြင့် အသက်သွေးချွေးများပေးဆပ်၍ တာဝန်ထမ်းဆောင် နေကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် ၎င်းတို့ကို တတ်နိုင်သမျှ အသိအမှတ်ပြုချီးမြှင့် အားပေးကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ တစ်ခုတည်းကသာမက အားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း၊ ၎င်းတို့အနေဖြင့် အစိုးရကိုကာကွယ်နေခြင်းမဟုတ်ဘဲ နိုင်ငံ၏အချုပ်အခြာ အာဏာကို ကာကွယ်နေခြင်းဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များတာဝန်ထမ်းဆောင်နေခြင်းသည် တစ်နိုင်ငံလုံး တရားဥပဒေစိုးမိုးရေးအတွက်ဖြစ်ကြောင်း၊ ၎င်းတို့၏ တာဝန်ထမ်းဆောင်လိုစိတ်များရှိအောင် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာများ တိုးတက်စေရေး အားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုကြောင်း။
ကာကွယ်ရေးနှင့်ပတ်သက်၍ စွမ်းရည်ရှိသည့် ကာကွယ်ရေး၊ စွမ်းအားရှိသည့် ကာကွယ်ရေးဟု နှစ်ခုရှိကြောင်း၊စွမ်းရည်ရှိရန်အတွက် တစ်ဦးချင်း၏ လေ့ကျင့်မှုများကို အမြဲမပြတ် ဆောင်ရွက်ပေးရန်လိုကြောင်း၊ စွမ်းအားရှိရန်အတွက် အသုံးပြုလျက်ရှိသည့် လက်နက်များ၊ ယန္တရားများ၊ စက်ကိရိယာများနှင့် အသုံးအဆောင်ပစ္စည်းများအားလုံး စွမ်းအားရှိသည့် ပစ္စည်းများဖြစ်ရန်လိုကြောင်း၊ ခေတ်စနစ်နှင့် ကိုက်ညီသည့်ပစ္စည်းများကို အသုံးပြုနိုင်ရန်လိုကြောင်း၊ ထို့ကြောင့် စွမ်းရည်ရှိသည့်ကာကွယ်ရေး၊ စွမ်းအားရှိသည့် ကာကွယ်ရေးဖြစ်စေရန်အတွက် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အဆင့်မြှင့်တင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များ၏ အင်အားမှာ နိုင်ငံနှင့်ကိုက်ညီသည့် အင်အားရှိနေရန်လိုပြီး အရည်အချင်း ပြည့်ဝသည့် ရဲတပ်ဖွဲ့ဝင်များဖြစ်အောင် လေ့ကျင့်ဆောင်ရွက်ပေးရန်လိုကြောင်း၊ အလားတူ ပြည်သူများက ယုံကြည်အားကိုးသည့် ရဲတပ်ဖွဲ့ဝင်များ ဖြစ်ရန်လည်းလိုပြီး ပြည်သူများနှင့် တစ်သားတည်းဖြစ်သည့် ရဲတပ်ဖွဲ့ဝင်များဖြစ်ရန်လိုကြောင်း၊ ပြည်သူများအနေဖြင့် ဥပဒေကိုနားလည်ပြီး အသိတရားဖြင့် ဥပဒေကိုလိုက်နာရန်လိုကြောင်း၊ ထိုသို့နားလည်ရန်အတွက် အတန်းပညာများ တတ်မြောက်ရန်လိုအပ်သဖြင့် မိမိတို့အနေဖြင့် ပညာရည်မြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း။
နိုင်ငံအတွင်း၌ ထုတ်ကုန်များထုတ်လုပ်မှုနည်းပါးခြင်းကြောင့် ပို့ကုန်များ နည်းပါးလျက်ရှိသဖြင့် နိုင်ငံခြားငွေသုံးစွဲမှုမူဝါဒကို ပြောင်းလဲပြင်ဆင်ပေးခဲ့ရာ ပို့ကုန်များ တိုးတက်လာသည်ကို တွေ့ရကြောင်း၊ ပို့ကုန်များတိုးမြှင့်ခြင်းကြောင့် ပြည်တွင်းလိုအပ်ချက်များမဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ပြီး ပြည်တွင်းကုန်ထုတ်လုပ်မှုများ တိုးတက်အောင် ဆောင်ရွက်နိုင် ရန်လိုကြောင်း၊ ထို့ကြောင့် စီးပွားရေးမြှင့်တင်ရေးအတွက် ကုန်ထုတ်လုပ်မှုများ မြှင့်တင်ပေးရန် ပြည်ထောင်စုဝန်ကြီးဌာနများက ဦးဆောင်မှုပေးရန် လိုအပ်သကဲ့သို့ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့်လည်း အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုကြောင်း။
မိမိတို့အနေဖြင့် စီးပွားရေးမောင်းနှင်အားများ ကောင်းမွန်နေရန်လိုကြောင်း၊ နိုင်ငံ၏ အဓိကထုတ်ကုန်မှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြစ်သဖြင့် မျိုး၊ မြေ၊ ရေ၊ နည်း စသည့်နည်းလမ်း ၄ သွယ်ဖြင့် သတ်မှတ်ထားသည့် ပန်းတိုင်ရည်မှန်း ချက်များအတိုင်း ထွက်ရှိစေရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေကြသည့် တာဝန်ရှိသူများ၏ ကြိုးပမ်းဆောင်ရွက်မှုများအပေါ်တွင် များစွာမူတည်နေကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုများတိုးတက်စေရေး သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် အထူးအလေးပေးဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများတွင် ဆောင်ရွက်နေသူများအနေဖြင့် Skill Labour များဖြစ်စေရေးအတွက်လည်း ဆောင်ရွက်ပေးရန်လိုကြောင်း။
မိမိတို့နိုင်ငံ၏ စားသုံးမှုတွင် ဆီနှင့် နို့ထွက်ပစ္စည်းများရှိပြီး ပြည်ပမှ နှစ်စဉ်တင်သွင်းနေရခြင်းကြောင့် နိုင်ငံခြားငွေများစွာသုံးစွဲနေရကြောင်း၊ ပြည်တွင်း၌ ဆီထွက်သီးနှံများစိုက်ပျိုးနိုင်သည့် မြေနေရာများ များစွာရှိသဖြင့် ဆီထွက်သီးနှံများစိုက်ပျိုးဖြစ်ထွန်းသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် ဆီထွက်သီးနှံများ တိုးတက်စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် ပန်းတိုင်ရည်မှန်းချက်များအတိုင်း ထွက်ရှိစေရေး အထူးအလေးပေး ဆောင်ရွက်ကြစေလိုကြောင်း၊ နို့ထွက်ပစ္စည်းများကိုလည်း ပြည်တွင်း၌ ယခုထက် ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ နို့ထွက်ပစ္စည်းများ တိုးတက်ထုတ်လုပ်နိုင်ရေး အလေးထားဆောင်ရွက်ပေးကြစေလိုကြောင်း။
နိုင်ငံတွင်း၌ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် ရေခံမြေခံကောင်းများရှိခြင်းကြောင့် ထုတ်လုပ်မှုများ တိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ထုတ်လုပ်မှုများ တိုးတက်လာမည်ဆိုပါက ပြည်ပမှတင်သွင်းနေရမှုများကို များစွာလျှော့ချနိုင်မည်ဖြစ်ပြီး နိုင်ငံခြားငွေသုံးစွဲမှုများ လျော့ကျလာမည်ဖြစ်ကြောင်း၊ ထိုသို့ နိုင်ငံခြားငွေသုံးစွဲမှုများ လျော့ကျသွားမည်ဆိုပါက ပြည်တွင်းငွေကြေးလည်ပတ်မှုများ တိုးတက်ကောင်းမွန်ကာ နိုင်ငံ့စီးပွားမြင့်မားလာမည်ဖြစ်ကြောင်း၊ ထိုသို့ နိုင်ငံ့စီးပွားမြင့်မားတိုးတက်လာမည်ဆိုပါက ပြည်သူတစ်ဦးချင်း၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း။
ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နေသည့် ပြည်သူများ အသိပညာ၊ အတတ်ပညာများရရှိအောင် ဝန်ကြီးဌာနများအားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ အလားတူ ကုန်ထုတ်လုပ်ငန်းအတွက် လိုအပ်သည့်ကုန်ထုတ်လမ်းများနှင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများ၏ ကျန်းမာကြံ့ခိုင်ရေး၊ အလုပ်အကိုင်များရရှိရေး၊ အသိပညာများရရှိရေးနှင့် တရားဥပဒေ စိုးမိုးမှုရှိစေရေးအတွက် ဝန်ကြီးဌာနများအားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သို့မှသာကျေးလက်နေပြည်သူများ၏ အလုပ်လုပ်နိုင်စွမ်းများ တိုးတက်လာမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်စေရေး ပထမဦးစားပေးအနေဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
MSME လုပ်ငန်းများမှ အရေအတွက်ထက် အရည်အသွေးမီထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး
အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး(MSME) လုပ်ငန်းများသည် အရေးကြီးပြီး မိမိတို့ နိုင်ငံအတွက်သာမက နိုင်ငံတကာတွင်လည်း MSME လုပ်ငန်းများသည် အရေးပါသည့်အခန်းကဏ္ဍ၌ ရှိနေကြောင်း၊ အိမ်တွင်းစက်မှုလုပ်ငန်း အသေးစားလုပ်ငန်းများမှသည် အလတ်စားကုန်ထုတ်လုပ်ငန်းများအထိ ဆောင်ရွက်နေကြကြောင်း၊ စက်မှုနိုင်ငံ ကြီးများသည်ပင်လျှင် MSME လုပ်ငန်းများဆောင်ရွက်နေကြသည်ကို တွေ့ရှိရကြောင်း၊ MSME လုပ်ငန်းသည် စီးပွားရေးလုပ်ငန်းတွင် အခရာကျသည့်နေရာ၌ရှိပြီး အရေအတွက်မဟုတ်ဘဲ အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်များထုတ်လုပ်နိုင်သည်အထိ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ MSME ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပညာရည် မြင့်မားသူများဖြင့် ဆောင်ရွက်မည်ဆိုပါက ပိုမိုအောင်မြင်နိုင်မည်ဖြစ်သကဲ့သို့ ခေတ်စနစ်နှင့် လျော်ညီသည့် နည်းပညာများကို အကျိုးရှိရှိအသုံးပြုနိုင်ရေး ဆောင်ရွက်ပေးနိုင်မည်ဆိုပါက ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ အတတ်ပညာ၊ အသိပညာပြည့်စုံသည့် လူသားအရင်းအမြစ်များ၊ ခေတ်မီနည်းပညာများ စသည့်နယ်ပယ်တို့ကို ပေါင်းစပ်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်မည့် နည်းလမ်းကို ရှာကြံဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအရေးကြီးသည်မှာ ကုန်ကြမ်းများ၊ သွင်းအားစုများ ပြည့်မီစွာရရှိရေးပင်ဖြစ်ကြောင်း၊ ပြည်တွင်း စိုက်ပျိုးမွေးမြူရေးမှရရှိသည့် ကုန်ကြမ်းများကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်ခြင်းသည် သေချာသည့် ကုန်ထုတ်လုပ်ငန်းပင်ဖြစ်သဖြင့် ကုန်ကြမ်းများကို နည်းပညာများအသုံးပြု၍ အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်များထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ကုန်ကြမ်းသာမက အခြားလိုအပ်သည့် သွင်းအားစုများ၊ အရင်းအနှီးများရရှိရေးအတွက်လည်း ဖန်တီးပေးနိုင်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးကို မိမိတို့အနေဖြင့် ပထမဦးစားပေးဆောင်ရွက်လျက်ရှိပြီး ဒုတိယ ဦးစားပေးလုပ်ငန်းသည် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးပင်ဖြစ်ကြောင်း။
ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍ အားပေးမြှင့်တင်ရေး
မိမိတို့နိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းများ တိုးတက်စေရေးအတွက် အသိပညာ၊ အတတ်ပညာ ပြည့်ဝသည့် လူသားအရင်းအမြစ်ကောင်းများကို မွေးထုတ်ပေးနိုင်ရန်လိုကြောင်း၊ ပညာရေးမြှင့်တင်မှုနှင့်ပတ်သက်၍ အနည်းဆုံးအလယ်တန်းပညာအဆင့် KG + 9 အထိ သင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပြီး အခြားလိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများကို မဖြစ်ဖြစ်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍ တိုးတက်စေရေးအတွက် ပညာရေးဝန်ထမ်းများကို ချီးမြှင့်မြှောက်စားခြင်း၊ စားဝတ်နေရေးအဆင်ပြေအောင် ဆောင်ရွက်ပေးခြင်း၊ ၎င်းတို့၏အရည်အသွေးများ မြှင့်တင်ပေးခြင်းတို့ဖြင့် မြှင့်တင်ဆောင်ရွက်နေကြောင်း၊ ဝေးလံခေါင်ဖျားသည့် နယ်စွန်နယ်ဖျားများ၌ သွားရောက်တာဝန် ထမ်းဆောင်နေရသည့် ပညာရေးဝန်ထမ်းများကိုလည်း လေးစားတန်ဖိုးထားရန်လိုပြီး အစိုးရသာမက ဒေသအလိုက် တာဝန်ရှိသူများကလည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုကြောင်း၊ ၎င်းတို့သည် နိုင်ငံ့အနာဂတ်အတွက် အရေးကြီးသည့် လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရေး တာဝန်ကျရာနေရာဒေသအသီးသီးသို့ အခက်အခဲအမျိုးမျိုးကြားမှ သွားရောက်တာဝန်ထမ်းဆောင်နေရခြင်း ဖြစ်သည့်အတွက် မိမိတို့အနေဖြင့် လိုအပ်သည်များ ဖြည့်ဆည်းပေးခြင်းဖြင့် ပညာရေးကဏ္ဍကို မြှင့်တင်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ပညာရေး မြှင့်တင်မှုနှင့်ပတ်သက်လာပါက အပေါ်ယံမကြည့်ဘဲ လေးလေးနက်နက်စဉ်းစား၍ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
အလားတူ ပညာရေးကို အထောက်အကူပြုနေသည့် အခြားလုပ်ငန်းရပ်တစ်ခုဖြစ်သည့် ကျန်းမာရေး ကဏ္ဍမြှင့်တင်ရေးနှင့် ပတ်သက်၍လည်း အလေးပေးဆောင်ရွက်သွားရမည်ဖြစ်ပြီး ကျန်းမာရေးကောင်းမွန်မှသာလျှင် ပညာရေး၊ လူမှုရေး၊ စီးပွားရေးကောင်းမွန်အောင် ဆောင်ရွက်နိုင်စွမ်းရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျန်းမာရေးဝန်ထမ်းများကို အားပေးရမည်၊ စောင့်ရှောက်ပေးရမည်ဖြစ်ပြီး ဆေးရုံများသန့်ရှင်းသာယာလှပရေးနှင့် အဆောက်အဦများ ပြည့်စုံကောင်းမွန်ရေး၊ ဆေးဝါးအထောက်အကူပြုပစ္စည်းများ ပြည့်စုံစေရေးတို့အတွက် တတ်နိုင်သမျှ ဆောင်ရွက်ပေးလျက်ရှိပြီး ထပ်မံ၍လည်းလိုအပ်သည်များကို စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးသွား မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ပညာရေး၊ ကျန်းမာရေးနှင့်ပတ်သက်ပါက လိုအပ်သည်များ အားလုံးကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း။
မျှတမှုများရှိအောင် ဆောင်ရွက်ပေး
လက်ရှိအချိန်တွင် အစိုးရအဖွဲ့အတွင်း၌ တာဝန်ပေးခန့်အပ်ထားသည့် ပြည်ထောင်စုဝန်ကြီးအများစုမှာ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ အများစုပါဝင်ကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနများအလိုက် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအား ကိုယ်ချင်းစာတရားဖြင့် သာတူညီမျှအုပ်ချုပ်ကြရန်လိုကြောင်း၊ ဝန်ထမ်းများအား ရာထူးနှင့်ပတ်သက်၍ တိုးမြှင့်ခြင်း၊ ပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ရာ တွင်လည်း သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများ၊ ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ မျှတမှု ရှိအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ဝန်ထမ်း များအနေဖြင့် သက်ဆိုင်ရာဌာနများအလိုက် တာဝန်ထမ်းဆောင်မှုများ ကျေပွန်အောင် ထမ်းဆောင်နိုင်ရန်နှင့် ဌာနအတွင်း မျှတမှုများရှိအောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ထို့ပြင်သက်ဆိုင်ရာဝန်ကြီးများနှင့် အဆင့်ဆင့်တာဝန်ရှိသူများအနေဖြင့် ဝန်ထမ်းများအပေါ် သာတူညီမျှ ကွပ်ကဲအုပ်ချုပ်ကြရန်လိုပြီး အမြဲမပြတ်ထိတွေ့ ဆက်ဆံကာ ၎င်းတို့၏လုပ်ငန်းပိုင်းဆိုင်ရာ လိုအပ်ချက်များ၊ ကိုယ်ရေးကိုယ်တာ အခက်အခဲများကိုသိရှိအောင် ဆောင်ရွက်ကာ တတ်နိုင်သမျှ ဖြေရှင်းဆောင်ရွက်ပေးရန်လိုကြောင်း၊ ဝန်ထမ်းများ၏ အရည်အသွေးများကိုလည်း မြှင့်တင်ပေးနိုင်ရမည်ဖြစ်သကဲ့သို့ စည်းကမ်းပိုင်းဆိုင်ရာများ နှင့်ပတ်သက်၍ လိုအပ်သည့် ကွပ်ကဲကြပ်မတ်မှုများလည်း ရှိရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်စေရေးအတွက် လိုအပ်သည့် လမ်းညွှန်မှုများကိုလည်း ပေးနိုင်ရမည်ဖြစ်ပြီး မသွားသင့်သည့်နေရာကို မသွားရန်၊ မပေါင်းသင့်သည့်သူကို မပေါင်းရန်၊ မပြောသင့်သည့်စကားကို မပြောရန်၊ မလုပ်သင့်သည့်အလုပ်ကိုမလုပ်ရန် စသည်ဖြင့် လမ်းကြောင်းမှန်ကို ပြသပေးနိုင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအား လမ်းကြောင်းမှန်ကို တည့်မတ်ပေးခြင်းသည် နိုင်ငံ့အကျိုးကို ဖော်ဆောင်ပေးနေခြင်းပင်ဖြစ်သည့်အတွက် ဝန်ကြီးများ အနေဖြင့်လည်း စဉ်းစားချင့်ချိန်ဆောင်ရွက်သွားကြရန်လိုကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်များအား ထိရောက်စွာအသုံးချ
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးရာတွင် နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် ဖက်ဒရယ်ဟူသည့် စကားရပ်ကို သိရှိရန်လိုပြီး ဖက်ဒရယ်ဟူသည်မှာ လုပ်ပိုင်ခွင့်များကို တာဝန်ခွဲဝေပေးခြင်းဖြစ်ပြီး ပေါင်းစည်းခြင်း၊ သဟဇာတဖြစ်ခြင်းပင်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခွင့်ပြုထားသောကဏ္ဍများ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဥပဒေပြဋ္ဌာန်းပြီး လုပ်ဆောင်၍ရသည်များရှိကြောင်း၊ ဥပဒေမထုတ်ပြန်နိုင်သေးပါက ပြည်ထောင်စုမှ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ညွှန်ကြားချက်များထုတ်ပြန်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် လုပ်ဆောင်ပေး၍ရကြောင်း၊ ထိုကဲ့သို့တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်တွင် လုပ်နိုင်သည့် လုပ်ပိုင်ခွင့်များကို လုပ်နိုင်ခဲ့ခြင်းမရှိသည့်အတွက် ဖက်ဒရယ်အပေါ်တွင် ယုံကြည်မှုများ လျော့နည်းလာ ခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းထားသည့်၊ ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်များကို ထိထိရောက်ရောက် အသုံးချနိုင်ရန်လိုပြီး တိုင်းပြည်အကျိုးကို ဖော်ဆောင်ပေးနိုင်ရေး စဉ်းစားဆွေးနွေးဆောင်ရွက်ကြရန်လိုကြောင်း။
မျှတမှုများရှိအောင် ဆောင်ရွက်ပေး
လက်ရှိအချိန်တွင် အစိုးရအဖွဲ့အတွင်း၌ တာဝန်ပေးခန့်အပ်ထားသည့် ပြည်ထောင်စုဝန်ကြီးအများစုမှာ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ အများစုပါဝင်ကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနများအလိုက် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအား ကိုယ်ချင်းစာတရားဖြင့် သာတူညီမျှအုပ်ချုပ်ကြရန်လိုကြောင်း၊ ဝန်ထမ်းများအား ရာထူးနှင့်ပတ်သက်၍ တိုးမြှင့်ခြင်း၊ ပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ရာ တွင်လည်း သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများ၊ ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ မျှတမှု ရှိအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ဝန်ထမ်း များအနေဖြင့် သက်ဆိုင်ရာဌာနများအလိုက် တာဝန်ထမ်းဆောင်မှုများ ကျေပွန်အောင် ထမ်းဆောင်နိုင်ရန်နှင့် ဌာနအတွင်း မျှတမှုများရှိအောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ထို့ပြင်သက်ဆိုင်ရာဝန်ကြီးများနှင့် အဆင့်ဆင့်တာဝန်ရှိသူများအနေဖြင့် ဝန်ထမ်းများအပေါ် သာတူညီမျှ ကွပ်ကဲအုပ်ချုပ်ကြရန်လိုပြီး အမြဲမပြတ်ထိတွေ့ ဆက်ဆံကာ ၎င်းတို့၏လုပ်ငန်းပိုင်းဆိုင်ရာ လိုအပ်ချက်များ၊ ကိုယ်ရေးကိုယ်တာ အခက်အခဲများကိုသိရှိအောင် ဆောင်ရွက်ကာ တတ်နိုင်သမျှ ဖြေရှင်းဆောင်ရွက်ပေးရန်လိုကြောင်း၊ ဝန်ထမ်းများ၏ အရည်အသွေးများကိုလည်း မြှင့်တင်ပေးနိုင်ရမည်ဖြစ်သကဲ့သို့ စည်းကမ်းပိုင်းဆိုင်ရာများ နှင့်ပတ်သက်၍ လိုအပ်သည့် ကွပ်ကဲကြပ်မတ်မှုများလည်း ရှိရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်စေရေးအတွက် လိုအပ်သည့် လမ်းညွှန်မှုများကိုလည်း ပေးနိုင်ရမည်ဖြစ်ပြီး မသွားသင့်သည့်နေရာကို မသွားရန်၊ မပေါင်းသင့်သည့်သူကို မပေါင်းရန်၊ မပြောသင့်သည့်စကားကို မပြောရန်၊ မလုပ်သင့်သည့်အလုပ်ကိုမလုပ်ရန် စသည်ဖြင့် လမ်းကြောင်းမှန်ကို ပြသပေးနိုင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအား လမ်းကြောင်းမှန်ကို တည့်မတ်ပေးခြင်းသည် နိုင်ငံ့အကျိုးကို ဖော်ဆောင်ပေးနေခြင်းပင်ဖြစ်သည့်အတွက် ဝန်ကြီးများ အနေဖြင့်လည်း စဉ်းစားချင့်ချိန်ဆောင်ရွက်သွားကြရန်လိုကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်များအား ထိရောက်စွာအသုံးချ
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးရာတွင် နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် ဖက်ဒရယ်ဟူသည့် စကားရပ်ကို သိရှိရန်လိုပြီး ဖက်ဒရယ်ဟူသည်မှာ လုပ်ပိုင်ခွင့်များကို တာဝန်ခွဲဝေပေးခြင်းဖြစ်ပြီး ပေါင်းစည်းခြင်း၊ သဟဇာတဖြစ်ခြင်းပင်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခွင့်ပြုထားသောကဏ္ဍများ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဥပဒေပြဋ္ဌာန်းပြီး လုပ်ဆောင်၍ရသည်များရှိကြောင်း၊ ဥပဒေမထုတ်ပြန်နိုင်သေးပါက ပြည်ထောင်စုမှ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ညွှန်ကြားချက်များထုတ်ပြန်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် လုပ်ဆောင်ပေး၍ရကြောင်း၊ ထိုကဲ့သို့တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်တွင် လုပ်နိုင်သည့် လုပ်ပိုင်ခွင့်များကို လုပ်နိုင်ခဲ့ခြင်းမရှိသည့်အတွက် ဖက်ဒရယ်အပေါ်တွင် ယုံကြည်မှုများ လျော့နည်းလာ ခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းထားသည့်၊ ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်များကို ထိထိရောက်ရောက် အသုံးချနိုင်ရန်လိုပြီး တိုင်းပြည်အကျိုးကို ဖော်ဆောင်ပေးနိုင်ရေး စဉ်းစားဆွေးနွေးဆောင်ရွက်ကြရန်လိုကြောင်း။
လယ်ယာစိုက်ပျိုးရေးနှင့်ပတ်သက်၍ စိုက်ဧကတိုးချဲ့ခြင်းထက် တစ်ဧကအထွက်နှုန်း တိုးတက်ရေးကို ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရှိပြီးသားစိုက်ပျိုးမြေများပေါ်တွင်သာ အထွက်နှုန်း တိုးတက်အောင်ဆောင်ရွက်ခြင်းသည် အကျိုးအရှိဆုံး ပင်ဖြစ်ကြောင်း၊ ပြည်ပသို့တင်ပို့နိုင်သည့် ဈေးကွက်သေချာသော သီးနှံများကိုလည်း စိုက်ပျိုးထုတ်လုပ် နိုင်ရန်လိုကြောင်း၊ မိမိတို့ပြည်သူများ၏ ကြံ့ခိုင်မှုများ ပိုမိုကောင်းမွန်စေရေးအတွက် စားသောက်မှုပုံစံကိုလည်း ပြောင်းလဲရန်လိုပြီး ဆန်စားသုံးမှုနှင့်အတူ ဂျုံကိုပါ တွဲဖက်စားသုံးသည့် အလေ့အကျင့်ဖြစ်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့် ဂျုံစိုက်ပျိုး၍ရသည့် ဒေသများ၌လည်း ဂျုံစိုက်ပျိုးမှုများ တိုးတက်စေရေး ဆောင်ရွက်ပေးကြရန်လိုကြောင်း။
လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူရေးနှင့် ပတ်သက်ပြီး စံနှုန်းသတ်မှတ်ချက်အရ ၁၀ နှစ်လျှင်တစ်ကြိမ်ကောက်ယူရန်မှာ အစိုးရတစ်ရပ်အနေဖြင့် တာဝန်ရှိကြောင်း၊ သန်းခေါင်စာရင်းကောက်ယူမှုမှ ရရှိလာသည့်အချက် အလက်များအပေါ်မူတည်၍ နိုင်ငံတော်အတွက် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းရပ်များကို မှန်မှန်ကန်ကန် ချမှတ်ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း၊ မဲစာရင်းများမှန်ကန်မှု ရှိရေးအတွက်ကိုသာ မကပဲ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးဆိုင်ရာ အချက်အလက်များရရှိရေးပင် ဖြစ်ကြောင်း၊ ထို့ကြောင့် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း၊ လုံခြုံရေးလုပ်ငန်း၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းသည် မိမိတို့အတွက် အရေးကြီးသည့် လုပ်ငန်းများပင် ဖြစ်ကြောင်း။
ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍လည်း နိုင်ငံအတွင်းရှိ ရင်းနှီးမြှုပ်နှံနိုင်သည့် ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် အားပေးဆောင်ရွက်ပေးကြရန် လိုကြောင်း၊ သို့မှသာ ပြည်တွင်းငွေကြေးလည်ပတ်မှုများ အားကောင်းလာမည်ဖြစ်ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ပတ်သက်၍လည်း ပြည်ပသို့သွားရောက်၍ ကျန်းမာရေး စောင့်ရှောက်မှုခံယူနေခြင်းများရှိကြောင်း၊ ထိုသို့ သွားရောက်ရခြင်းကြောင့် ပြည်ပသုံးစွဲငွေများရှိသကဲ့သို့ အခြားအခက်အခဲများလည်းရှိကြောင်း၊ ထို့ကြောင့် ပြည်တွင်းကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၊ ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ တိုးတက်စေရေး ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ အလားတူအားကစားကဏ္ဍ မြင့်မားရေးအတွက်လည်း အားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနအလိုက် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တာဝန်ရှိသူများအနေဖြင့် မိမိတို့၏ တာဝန်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့အပေါ် အခြေခံ၍ မိမိတို့တာဝန်ယူထားရသည့် နယ်ပယ်အလိုက် လုပ်ငန်းရပ်များ တိုးတက်အောင်မြင်စေရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတာဝန်ယူထားသည့် နယ်ပယ်အကြောင်း၊ လက်အောက် ဝန်ထမ်းများ၏အကြောင်း၊ မြေပြင်အခြေအနေ အကြောင်းကို ခြေခြေမြစ်မြစ်သိရှိထားရန် လိုကြောင်း၊ ထို့ကြောင့် ဝန်ကြီးများအနေဖြင့်လည်း သက်ဆိုင်ရာနယ်ပယ်အလိုက် လုပ်ငန်းဆောင်ရွက်မှုများ တိုးတက်မှုရှိစေရေးအတွက် မဟာဗျူဟာစီမံချက်များ အကောင်အထည်ဖော်ချမှတ်ရာတွင် အထောက်အကူရရှိစေရေးနယ်ပယ်အလိုက် စဉ်ဆက်မပြတ် လေ့လာနေရမည်ဖြစ်ကြောင်း။
အချို့သောဒေသများသည် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ မိမိ တို့သည် ပြည်ထောင်စုဖြစ်သည့်အတွက် ၎င်းတို့ဒေသများကိုလည်း ချန်လှပ်ထား၍ ရမည်မဟုတ်ဘဲ ၎င်းတို့ဒေသနှင့်ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း။
ပို့ကုန်နှင့်ပတ်သက်၍ ကုန်သွယ်မှုတွင် သတ်မှတ်ထားသည့်အတိုင်း တင်ပို့နိုင်မည်ဆိုပါက ကုန်သွယ်မှု လိုငွေလျော့ကျလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် ပို့ကုန်များတိုးမြှင့် တင်ပို့နိုင်ရေးအတွက် ကုန်ထုတ်လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အမှန်တကယ်အလုပ်လုပ်ကြမည်ဆိုပါက လုပ်ငန်းရပ်များအားလုံး အောင်မြင်နိုင်မည်ဖြစ်သည်ဟု ယုံကြည်ပါကြောင်းနှင့် မိမိတို့တာဝန်ယူထားရသည့် ကဏ္ဍအလိုက် အင်ပြည့်အားပြည့်ဖြင့် ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
မှီငြမ်း။ ပြန်ကြားရေးဝန်ကြီးဌာန